မီးရထား
မဆုံနိုင်ခြင်းတွေနဲ့ ထုသားပေသားကျနေရတဲ့ဘဝ
ယုတ်စွအဆုံး .. ခေါင်းပေါ်ကထွက်တဲ့ မီးခိုးငွေ့နဲ့တောင်
အရှေ့အနောက် ဆန့်ကျင် ခရီးနှင်နေရတာပါ
စကတည်းက မျဉ်းပြိုင်နှစ်ကြောင်းပေါ်ခွရပ်နေရမှတော့
ဘာနဲ့မှ၊ ဘယ်သူနဲ့မှ အပြီးတိုင်ဆုံနိုင်ခွင့်ဆိုတာကို
အိပ်မက် မမက်တော့ပါဘူး
ရိပ်ကနဲ ဆုံခဲ့ကြပြီး ဖျပ်ကနဲ ခွဲခွါရပေါင်းများလို့
ရင်နာချင်တာတောင် လှပ်ကနဲလေး တစ်ချက်ပါပဲ။
ချယ်ရီတွေ ဝေနေလည်း ဝေပေါ့ကွယ်
ရပ်တန့်တွယ်မက်နေခွင့်လေးမှ မရှိလေတော့
ရိပ်ကနဲဆုံခဲ့ပြီး ဖျပ်ကနဲ ခွဲခဲ့ရတာပါပဲ။
မြင်ကွင်းတစ်ပြည့်စာ ၀င်းရှင်းထိန်ဝေနေတဲ့ ပိတောက်တွေကိုတောင်
ရပ်ငေးခွင့်လေးမှ မရှိခဲ့တာ
ရိပ်ကနဲ ဆုံခဲ့ပြီး ဖျပ်ကနဲ ခွဲခဲ့ရတာပါပဲ။
ဟိုး… အဝေးတောင်စွယ်မှာ နေကွယ်လုပြီလေ
ပင်လယ်ဆီ ငုံ့ကိုင်းစိမ့်ဝင်တော့မယ့် နေမင်းရေ
ပြောဖြစ်အောင် ပြောပေးလှည့်ပါ
မိုးတိမ်တွေကို ထမ်းပိုးထားရတဲ့ ပင်လယ်ကြီးကလည်း
ဖ၀ါးထပ်ညီ တစ်ကောက်ကောက်မှ လိုက်မနေနိုင်တာ
ဖျပ်ကနဲသာ ဆုံဖြစ်ခဲ့ပေမယ့် ပင်လယ်ကြီးကို သတိရနေတဲ့အကြောင်း။
ရွှေအဆင်းနဲ့ ၀င့်ဝင့်ယိမ်းယိမ်း လယ်ကွင်းကြီးကလည်း
တစ်ဆင့်စကား ပါးပေးလှည့်ပါ
နှုတ်ဆက်လက်ပြပြီး ရပ် ရပ် ကျန်နေခဲ့ရတဲ့
လယ်သူမလေးကိုလည်း မှတ်မှတ်ရရ ရှိနေကြောင်း။
ကုပ်ကုပ်လေးရပ်ပြီး မှုန်ဝေေ၀လေး ငေး ငေး ကျန်ခဲ့ရတဲ့
ဘူတာရုံလေးနဲ့ ဝေး
တောင်တန်းတွေနဲ့ ဝေး
ပင်လယ်နဲ့ ဝေး
ချယ်ရီနဲ့ ဝေး
ပိတောက်နဲ့ ဝေး
အရာအားလုံးနဲ့ လှစ်ကနဲဆုံခဲ့ပြီး …. . ….နောက် ... … ဝေး။
တစ်နေ့နေ့၊ တစ်ချိန်ချိန်၊ တစ်နေရာရာမှာ
မျဉ်းပြိုင်နှစ်ကြောင်း တကယ်… ဆုံဖြစ်ကြတော့မယ်ဆိုရင်တော့
.... ..... ..... ..
…. ….. …. ….. ….. ….. …. ။ ။
ကိုကြည်နိုင် (ကျုံတိုင်းရွာ)
0 comments: