ဒုတိယ ကမ္ဘာစစ် မတိုင်မီ မြန်မာပြည်တွင် ရောက်ရှိ အခြေချခဲ့သော ဂျပန်လူမျိုးများ

၁၈၂၄ ခုနှစ်၊ အင်္ဂလိပ် - မြန်မာ ပထမစစ်ပွဲ စတင်၍ မြန်မာ့ပိုင် နယ်မြေများအား အင်္ဂလိပ်မှ ကိုလိုနီအဖြစ် တစတစ ပြောင်းလဲကျရောက် သွားစေခဲ့ပြီး ၁၈၈၅ ခုနှစ် တတိယ စစ်ပွဲအပြီးတွင် မြန်မာတနိုင်ငံလုံး အင်္ဂလိပ် ကိုလိုနီနယ်မြေ ဖြစ်သွားခဲ့ချေသည်။ မြန်မာပြည်တွင်းသို့ ပြည်ပမှ နိုင်ငံခြားသား များအား လွတ်လပ်စွာ ဝင်ထွက် သွားလာခွင့် ပြုခဲ့သော အင်္ဂ လိပ် အစိုးရ၏ ပေါ်လစီကြောင့် ထိုစဉ် ဂျပန်မှ ဆရာဝန်၊ သွားဆရာဝန်၊ သွားစိုက်ဆရာ၊ ဓာတ်ပုံဆရာ၊ လက်သမားနှင့် အသေးစား ကုန်သည်တို့သည် ရန်ကုန်မြို့နှင့် မန္တလေးမြို့ များတွင် လာရောက် အခြေချ လုပ်ကိုင် စီးပွားရှာခဲ့ကြသည်။ ဂျပန် ကုန်တင် သင်္ဘောကြီးများ ကလည်း ရန်ကုန် ဆိပ်ကမ်းတွင် ပစ္စည်းများချ၍ ပုသိမ်ဆိပ်ကမ်းမှ ဆန်တင်ခြင်း စသည်ဖြင့် ကုန်သွယ်မှု များဖြင့်  ဦးဒဟို အဝင်အထွက် များခဲ့ကြသည်။


နိုင်ငံခြားသားများ အဝင်အထွက် များသော သဘောင်္ ဆိပ်ကမ်းမြို့ များတွင် ညကလပ်များ၊ ဇိမ်ခံခန်းများ ရှိခဲ့ကြသည်။ ၄င်း ဇိမ်ခန်းတွင် ကာရာယူကိစန် ဟုခေါ်သော ဂျပန် မလေးများလည်း လာရောက် လုပ်ကိုင်ခဲ့ကြသည် ဟု သမိုင်း မှတ်တမ်းများက ဆိုသည်။  ကာရာယူကီစန် ( Karayuki san - からゆきさん ) ဆိုတဲ့ စကားလုံး ကိုတော့ မြန်မာလူမျိုးတွေ အနည်းငယ် စိမ်းနေကြမယ် ထင်ပါတယ်။ ကာရယူကီစန်နဲ့ ဂေးရှ ကို ရောနှောပြီး မြန်မာတွေ အထင်မှတ် မှားမြင်နေကြတာတွေလည်းရှိနေတာမို့ ကြုံတုန်း ဒီနေရာကနေ နည်းနည်းလောက်ရေးပေးပါ့မယ်။  ကာရယူကီစန် ဆိုတာကတော့ ၁၉ ရာစုခေတ်က အရှေ့အာရှနဲ့ အရှေ့တောင် အာရှတွေကို၊ ဂျပန်နိုင်ငံ ကနေ စွန့်စား ထွက်ခွာပြီး အလုပ် လုပ်ကိုင်ကြတဲ့ ဂျပန် အမျိုးသမီးလေးတွေကို ခေါ်တဲ့ အမည်ပါ။ အဲဒီခေတ် အချိန်က ဂျပန်နိုင်ငံမှာ၊ ရေလုပ်ငန်းနဲ့ အသက်မွေး ဝမ်းကျောင်းပြုတဲ့ မိသား စုတွေက ပေါက်ဖွားလာတဲ့ အမျိုးသမီးတွေ၊ ဆင်းရဲနွမ်းပါးတဲ့ အမျိုးသမီးလေး တွေက တိုင်းတပါးကို စွန့်စားပြီး ခန္ဓာကိုယ်နဲ့ ရင်းပြီး၊ ပျော်တော်ဆက်ရတဲ့ ဇိမ်ခံမယ်တွေ အဖြစ် အလုပ် ထွက်လုပ်ပြီး မိမိတို့ မိသားစု စားဝတ်နေရေး အတွက် ရှာဖွေပေးကြသူတွေ ဖြစ်ပြီး။ အများစု ကတော့ ဂျပန်ရဲ့ ကျူးရှုးကျွန်း၊ နာဂဆာဂီတိုင်း အမကုဆ မြို့နယ်၊ ခုမမိုတို တိုင်းနှင့် ဂါကာယာမ တိုင်းတို့ မှ အမျိုးသမီး တွေက အများဆုံးဘဲ ဖြစ်ကြပါတယ်။

အောက်ခြေလူတန်းစား အမျိုးသမီးတွေရဲ့ ဘ၀ကို ကိုယ်တိုင် တွေ့ဆုံမေးမြန်းပြီး ရေးသားခဲ့သူ စာရေးဆရာမ ယမစကီ ထိုမိုကို(山崎 朋子)ရဲ့サンダカン八番娼館 望郷 စာအုပ်ကြောင့် ဂျပန်လူမျိုးများကြားတွင် ကာရာယူကီစန် ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေခဲ့တယ်။
ကာရယူကီစန် တွေက သူတို့ကိုယ်သူတို့ အမျိုးသမီး စစ်သားတွေ လို့လည်းတင်စား ခေါ်ဝေါ်ကြပါသေးတယ်။ အဲဒီခေတ် အချိန်အခါကာလက အမျိုးသမီးတွေ ပြည်ပထွက်တယ်ဆိုတာ တော်တော် စွန့်စားရ တဲ့ ခေတ်အချိန် ကာလကြီးပါ။ ဒါကြောင့် ကာရယူကီစန်ရဲ့ ခန်းဂျီးရဲ့ အဓိပ္ပါယ်က ငရုတ်သီးလို ပူစပ်ပြီး ပေါက်ကွဲစေတဲ့ နိုင်ငံခြားထွက်သူတွေဆိုတဲ့ အဓိပ္ပါယ် သက်ရောက်ပြီး ကာရာယူကီစန် တွေကို သာမာန် လူတန်းစား ဧည့်သည်တွေက ဆက်ဆံမူ နည်းပါးပြီး သဘောင်္ဖြင့် ကုန် အရောင်းအဝယ် လုပ်နေကြတဲ့ ကုန်သည်တွေနဲ့ အမေရိကန် စစ်သားတွေက ဆက်ဆံကြတာ များပါတယ်၊ ကာရာယူကီစန် တွေကို အဲဒီခေတ်က အမေရိကန် စစ်သားတွေက အသည်းစွဲလို့လည်း မှတ်တမ်း မှတ်ရာများမှာ ဖော်ပြ ထားရှိတာလည်း တွေ့မြင်ရပြီး၊ ကာရာယူကီစန် လုပ်နေသူတွေ အတွက် စည်းမျဉ်း စည်းကမ်းတွေလည်း ရှိပါသေးတယ်၊ ယောကျာင်္း တယောက်နဲ့ တကြိမ်ဆက်ဆံ ပျော်တော်ဆက် လျှင် ဂျပန်ယန်း ၁၀ ပြား ဖြစ်ပြီး တနေ့ကို ဧည့်သည် ၁၀ ယောက် အထိဘဲ ဆက်ဆံဖို့ ခွင့်ပြု ထားရှိပါတယ်၊ ဆေးပုံမှန် စစ်ဆေးရပြီး၊ အဝတ်အစားဖိုး အကြွေးနဲ့ ဆေးစစ်ခတွေနဲ့ ပိုက်ဆံအရ နည်းတယ် ထင်ပြီး အလုပ်ပိုမို လုပ်ဆောင်ကြတဲ့ အခါမှာတော့ ဧည့်သည် အယောက် သုံးဆယ်လောက် အထိ ဆက်ဆံတဲ့ အခါတွေလည်း ရှိတာတွေကြောင့် စိတ်ပင်ပမ်းဖိစီးမှုတွေဖြစ်လာတဲ့အခါ အနားယူရပါသေး တယ်။ နှုတ်ခမ်းနီအရဲသား၊ မိတ်ကပ်အဖွေးသားတွေနဲ့ ဧည့်သည်အကြိုက် လိုက်လျောမှုတွေနဲ့ပြုံးနေ ရယ်နေရတဲ့ မိန်းမပျက်၊ မိန်းမပေါ့၊ တန်ဖိုးမရှိတဲ့ မိန်းမရယ်လို့ ပတ်ဝန်းကျင်ရဲ့ပြစ်တင်ကဲ့ရဲ့ ရှုံ့ချမှုတွေနဲ့ အထင်သေး ဆက်ဆံခံရတဲ့ သူတို့ဘ၀တွေရဲ့ ကန့်လန့်ကန့်နောက်ကွယ်က ရင်နင့်ဖွယ်ရာ အဖြစ်အပျက်တွေ ၊ ခံစားမှုအစစ်တွေကို တော့ ဘယ်သူတစ်ဦးတစ်ယောက်ကမျှ မမြင်တွေ့နိုင်ခဲ့ပါဘူး။ ဆင်းရဲတွင်းနက်နေတဲ့ ဘ၀တွေထဲက အမျီုးသမီးငယ်လေးတွေရဲ့ ဘ၀တွေဟာ ရင်းနှီးစရာမရှိ ခန္ဓာကိုယ်တစ်ခု အရင်းပြုစရာဘဲ ရှိလာတော့ ခန္ဓာကိုယ်တစ်ခု အရင်းပြုပြီး မိမိဘ၀အသက်ရှင်ရပ်တည်ရေးနှင့် မိသားစု ဘ၀အရေးအတွက် ဘ၀တစ်ခုလုံး ပေးဆပ်လိုက်ရတာတွေ ပေးဆပ်နေရတာတွေကို နိုင်ငံတော်တော်များများက ဆင်းရဲတဲ့ ဒေသတွေက အမျိုးသမီးတွေမှာ ယနေ့အချိန်ထိ တွေ့မြင်နေရအုံးမှာပါ။

၁၉၂၀ ခုနှစ် မှာတော့ ဂျပန် လူမျိုးတွေနဲ့ ဂျပန်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ် ဆိုတဲ့ အမြင်နဲ့ ကန့်ကွက်ကြသူတွေ များလာတာမို့ အစိုးရက ကာရာယူကီစန် အဖြစ် တိုင်းတပါးသို့ သွားရောက်ပြီး အလုပ် လုပ်ကိုင်ခြင်းကို ပိတ်ပင် လိုက်တာမို့ မိမိနေရပ် တိုင်းပြည်သို့ပြန်သူတွေလည်း ပြန်လာကြသလို မပြန်ဘဲ ပြည်ပမှာဘဲ ဆက်လက် နေထိုင်သွားသူတွေ၊ ပြည်ပမှာဘဲ ရောဂါနဲ့ ဆုံးပါးသွားသူ တွေလည်း အများ သားပေါ့။  ဂျပန် အမျိုးသမီးငယ်လေးတွေ ကာရာယူကီစန် အဖြစ် မြန်မာပြည်ကို ရောက်ရှိ လာခဲ့ဖူးတယ် ဆိုတဲ့ အထောက်အထား တွေလည်း ရှိခဲ့ဖူးတယ် ဆိုတာကိုတော့ … မြန်မာပြည်တွင် ဂျပန် သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သော ” စူဇူကီးတကရှိ” ၁၉၇၇ ခုနှစ်က ရေးသား ထုတ်ဝေခဲ့သော “ ဘိရုမာ ခေါ်သော တိုင်းပြည်” စာအုပ်တွင် အောက်ပါအတိုင်း ရေးသား ထားခဲ့သည်။

“ ၁၉၇၃ ခုနှစ် ဇူလိုင်လ ၁၄ ရက်သည် ဂျပန်ပြည်၌ သွန်းပွဲတော် ခေါ် သွားလေသူ များအား လွမ်းဆွတ် သတိရသော နေ့ဖြစ်သည်။ ထိုနေ့သည် မြန်မာနိုင်ငံ ရုံးပိတ်ရက်နေ့နှင့် တိုက်ဆိုင် နေသောကြောင့် ကျွန်တော်နှင့် ဇနီးတို့သည် သံရုံးသူ သံရုံးသား ဂျပန် ကုမ္ပဏီ အမူထမ်း မိသားစု၊ ဂျပန် ကျောင်းဆရာ၊ ဆရာမ လုပ်အားပေးတို့နှင့်အတူ တာမွေ ဂျပန်သင်္ချိုင်းသို့ သွားရောက် ပြီး နှစ်ပေါင်းများစွာ ရေညှိတက် မှေးမှိန်နေသော ဂူထိုးစာတို့ကို ဆေးကြော သန့်ရှင်းခဲ့ကြသည်။ တာမွေ သုဿန်၏ ဒေါင့်တထောင့်၌ ပြွတ်သိပ် များပြားလှသော  ဂျပန်လူမျိုး  သေဆုံးသူများ၏ အုတ်ဂူများ ရှိပါသည်။ ၄င်းတို့ အထဲမှ ဖတ်ရှု့နိုင်သည်တို့ကို မှတ်တမ်း ပြုစုကြရာ (၇၄)ဂူ အနက် သုံးပုံ၊ နှစ်ပုံနီးပါးမှာ ငယ်ရွယ်သူ ၁၉ နှစ်၊ ၂၀ နှစ်၊ ၂၂ နှစ် အရွယ် အမျိုးသမီးလေးများ ဖြစ်ကြသည်။ သူတို့ ဇာတိမှာ  နာဂဆာဂီတိုင်း အမကုဆ မြို့နယ်မှ များပြား၍ ကုမာမိုတို တိုင်းနှင့် ဂါကာယာမ တိုင်းတို့မှလည်း တွေ့ရှိကြရသည်။ ၄င်းဂူများ၌ ဆုတောင်း ပတ္တနာပြု ခဲ့ကြသည်။ ပြုစုထားသော နာမည် စာရင်းကို သံရုံးမှ ဂျပန်အစိုး နိုင်ငံခြားရေး ဝန်ကြီး ဌာန မှတဆင့် သက်ဆိုင်ရာ တိုင်းရုံးများသို့ ပေးပို့ခဲ့ကြသည် ဟု ဆိုသည်။
ယခင် တာမွေရှိ ဂျပန်သင်္ချိုင်း အတွင်းရှိ ကာရယူကီစန် တို့၏ အုတ်ဂူများ အစီအရီ တွေ့မြင်ရပုံ

ထို မိန်းကလေးများ၏ ဆွေမျိုးသားချင်းတို့ ရှိနေသေးပါက အသုံးကျမည်လော ဟု မျော်လင့်ခဲ့ သော်လည်း၊ ကျနော် ရန်ကုန်သံရုံး၌ ရှိစဉ်က တုန့်ပြန်ချက် မရခဲ့ပါ။ တိုင်းပြည်မှ ခွဲခွာ၍ မြန်မာပြည်သို့ သွားရောက်ခါ မကောင်းသော အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ခဲ့သည့် မိန်းကလေး မျိုးကို မိမိတို့ ဆွေမျိုးဟု မည်သူက ထုတ်ဖော် ပြောချင်ပါမည် နည်း။ မိန်းကလေး များသည် နှိပ်စက်ညှင်းပမ်း ခံရ၍ သေဆုံးခြင်းလော၊  မြန်မာပြည် ရေ၊ မြေ၊ ရာသီဥတု၊ အစားအသောက် တို့နှင့် နေသားမကျ သဟဇာတ မဖြစ်ခြင်းလော၊ ထိုခေတ် ထိုအခါက ကူးစက်ပြန့်ပွားခဲ့သော ကာလသား ရောဂါ၊ တီဘီရောဂါဖြစ်၍ သေဆုံးခြင်းလော၊ အခြား ကူးစက်ပြန့်ပွားသော ရောဂါ တခု ခုကြောင့် သေဆုံးခြင်းလောဟု မည်သူမှ ယတိပြတ် မပြောနိုင်ကြတော့ပါ။ ချက်မြုပ်ရာ ဒေသမှ ဆွေမျိုးများက ပြန်ခွင့်ပြု၍ ပြန်ချင်သည့်တိုင် မပြန်နိုင်သော ဘဝ၊ မွေးရပ်ဌာနေကို လွမ်းဆွတ် တမ်းတရင်း တိုင်းတပါးတွင် ခေါင်းချခဲ့သည့် မိန်းကလေးတို့၏ ရင်တွင်း ခံစားချက်ကို စဉ်းစားကြည့်သော် မျက်ရည် မကျပဲ မနေနိုင်တော့ပါ ”

သံအမတ်ကြီး မှတ်တမ်းအရ သေဆုံးနှစ်မှာ မေဂျီခေတ်၊ တိုက်ရှို ခေတ်ဖြစ်၏။  ရှိုဝ ခေတ် အလွန် နည်းလှသည်။ ထို့အတွက် ဒုတိယ ကမ္ဘာစစ် မဖြစ်မီ ၁၉၀၀ ခုနှစ်နှင့် ၁၉၂၀ ခုနှစ် ဝန်းကျင် ကာလတွင် နိုင်ငံရပ်ခြား တိုင်းပြည်များသို့ သွားရောက်ကာ အခြေချ လုပ်ကိုင်မူများ အတော်များ ခဲ့သည်။
ဒုတိယကမ္ဘာစစ်အပြီးနောက်ပိုင်း ၁၉၇၀ခုနှစ် နောက်ပိုင်း မှာတော့ ဂျပန်အမျိုးသမီးတွေ ကာရယူကီစန်အဖြစ် တိုင်းတစ်ပါးကို မထွက်ခွာတော့ဘဲ ဂျပန်က အာရှနိုင်ငံက နိုင်ငံခြားအမျိုးသမီးတွေကို ဂျပယူကီစန်(japayukisan) အဖြစ် ဂျပန်ပြည်တွင်းမှာ အလုပ်လုပ်ဖို့ တင်သွင်းလာကြပါတယ်၊ ဂျပယူကီစန်(ジャパゆきさん) (တွေအဖြစ် အများဆုံး ၀င်ရောက်လုပ်ကိုင်သူတွေက အရှော့တောင်အာရှနိုင်ငံက အမျိုးသမီးတွေဖြစ်ပြီး ဖီလစ်ပိုင်အမျိုးသမီးတွေက အရေအတွက် များပြားပြီး ဖျော်ဖြေရေးလုပ်ငန်းတွေမှာ အများဆုံး ၀င်ရောက်လုပ်ကိုင်ခဲ့ကြပါတယ်။
ကာရယူကီစန်ပုံဖြင့် အမှတ်တရ ထုတ်ဝေသည့် ဗိယက်နမ် Sai Gonမြို့က တံဆိပ်ခေါင်း
အခြားတပါး၌လည်း မြန်မာပြည်သို့ လှည့်လည် စီးပွားရှာ ရောက်ရှိခဲ့သော ဂျပန် လူမျိုးတွေထဲတွင် မှတ်မှတ် ရရ ဖြစ်စေခဲ့သော ဓာတ်ပုံဆရာ မိသားစု အကြောင်းလည်း တင်ပြ ချင်သေးသည်။ ထို ဂျပန်လူမျိုးမှာ ရှိမာမူရစန် ပဲ ဖြစ်သည်။ ရှိမာမူရစန် သည် ဓာတ်ပုံ လုပ်ငန်းကို အခြေချ လုပ်ကိုင်ရန် အရှေ့တောင် အာရှနိုင်ငံ များသို့  လေ့လာရေး ထွက်ခဲ့သည်။ ဘရူနိုင်း၊ ပီနန်၊ ဆူမတ္တရာ စသည်တို့မှ တဆင့် ရန်ကုန်သို့ ရောက်ရှိခဲ့သည်။ ရန်ကုန်တွင် ထိုခေတ် အချိန်အခါက ဂျပန် ဓာတ်ပုံဆိုင် နှစ်ဆိုင်ခန့် ရှိနေသည်။ ထို့ အတွက်ကြောင့် ရန်ကုန်၊ မန္တလေး ကားလမ်းမကြီး ပေါ်ရှိ တောင်ငူမြို့တွင် NIKKO ဓာတ်ပုံ ကူးတိုက်ကို စတင် ဖွင့်လှစ်ခဲ့စဉ် ရှိမာမူရစန် ၏ ဓာတ်ပုံကူးတိုက် နဘေးတွင် ဂျပန် သွားစိုက်ဆိုင် တခု လည်းရှိခဲ့သည်။  သူတို့ လင်မယားတွင် သားသမီး မထွန်းကားခဲ့သည့် အတွက် တူတယောက်ကို မွေးစားသား အဖြစ် မွေးခဲ့ပြီး သားနှင့် ချွေးမဖြစ်သူ တို့နှင့်အတူ ဓာတ်ပုံ လုပ်ငန်း လုပ်ကိုင်ရင်း လုပ်ငန်း အောင်မြင်လာသဖြင့် မန္တလေးမြို့တွင် TOKIWA ဓာတ်ပုံ ကူးတိုက်ကို မန္တလေး ဈေးချို အနီး ၂၆ ဘီလမ်းမကြီး ပေါ်တွင် ထပ်မံဖွင့်လှစ် လုပ်ကိုင်ခဲ့ကြသည်။ ထို့နောက်မှာ ဂျပန်မှ တူနှင့် တူမ လင်မယား တို့ကို ထပ်မံခေါ်ယူ၍ မန္တလေးဆိုင်ကို ဦးစီး လုပ်ကိုင်စေခဲ့သည်။ ရှိမာမူရစန် က မှတ်တမ်း ဓာတ်ပုံတွေ ရိုက်ရာမှာလည်း လွန်စွာ ဝါသနာကြီးမား လှတာကြောင့် ရှေးမန္တလေး နန်းတော်ကြီး၏ အတွင်းအပြင် ပုံများ အပါအဝင် ပုဂံဘုရား ရှုခင်းများ၊ ရန်ကုန်၊ မန္တလေးရူ့ခင်း ဓာတ်ပုံများကို ရိုက်၍ မှတ်တမ်းတင် ထားခဲ့သည့် အတွက်ကြောင့် ယနေ့ အချိန်ထိ ရှေးဟောင်း ယဉ်ကျေးမှု နန်းတော်ရာနှင့် တခြား ယဉ်ကျေးမှု မှတ်တမ်း ဓာတ်ပုံများကို ကျွန်တော်တို့ မြင်တွေ့ နေနိုင်ကြခြင်း ဖြစ်သည်ဟု လက်တို့ ဆိုချင်သည်။ ရှိမာမူရစန် ရိုက်ကူးခဲ့သော ပုံတွေထဲမှ ဓာတ်ပုံပေါင်း ၅၀၀ ကျော်ခန့် ကျန်ရှိနေခဲ့ပြီး အင်တာနက် စာမျက်နှာများ တွင်ပါ တချို့ကို ရှာဖွေတွေ့ရှိ နေနိုင်သေးသည်။
မန္တလေးအမှတ်တရ ဓာတ်ပုံတွေက

၁၉၄၁ ခုနှစ်တွင် ဒုတိယ ကမ္ဘာစစ်မီး အန္တရာယ်ကြောင့် ရန်ကုန်ရှိ ဂျပန်သံရုံး၏ အကြောင်းကြားချက် အရ ဂျပန်ပြည်သို့ မိသားစုအားလုံးပြန်လာခဲ့ကြရသည်။ ရှိမာမူရစန် နှင့် တူ နှစ်ယောက်စလုံး ဂျပန်ပြည်သို့ ပြန်ရောက်ပြီး ထိုခေတ် ထိုအချိန်က ဂျပန် အမျိုးသားရေး စိတ်ဓာတ် နှိုးဆော်မူ များကြောင့်  စစ်တပ်ထဲသို့ ဝင်ခဲ့ကြရပြန်သည်။ ( ထိုခေတ် အချိန်က ကျမ်းမာရေး ချို့ယွင်းသူ မှအပ ဂျပန် တမျိုးသားလုံး စစ်ထဲ ဝင်ရောက်ခဲ့ကြရသည်။ ) ၁၉၄၃ ခုနှစ်တွင် မြန်မာစကားနှင့် အင်္ဂလိပ်စကား တတ်ကျွမ်းမူကြောင့် ရှိမာမူရစန် သည် ဂျပန် စစ်တပ်နှင့် အတူ မြန်မာပြည်သို့ စေလွှတ်ခြင်း ခံခဲ့ရပြီး  ၁၉၄၅ ခုနှစ် ဒုတိယ ကမ္ဘာစစ် ပြီးဆုံးပြီး သုံးပန့်စခန်းတွင် အကျဉ်းသား အဖြစ် တစ်နှစ်ခန့် နေခဲ့ရပြီး ၁၉၄၆ ခုနှစ်လောက်တွင် သေကံမရောက် သက်မပျောက်ဘဲ ဂျပန်ပြည်သို့  ပြန်လည် ရောက်ရှိခဲ့ကြသည်။
ရှိမာမူရစန်ရိုက်ကူးခဲ့တဲ့ လက်ရာတွေထဲက မြန်မာ့မြေ၀ိုင်းအကဓာတ်ပုံ
ရှိမာမူရစန် တို့ မိသားစုသည် မြန်မာပြည်အပေါ် သံယောဇဉ် အလွန်ကြီးမားပြီး သူ၏ မြေးဖြစ်သူ မြို့ပြ အင်ဂျင်နီယာ ဟီရိုရှိ ရှိမာမူရ သည် မြန်မာစာပေ နှင့် မြန်မာစကားကို လေ့လာသည့် အပြင်၊ ၄င်း၏ သမီးဖြစ်သူ ကိုပါ မြန်မာစာပေနှင့် စကားကို လေ့လာနေကြောင်း သိရပြီး မြောက်ဥက္ကလာပ ဂျပန် သင်္ချို င်း ၏ ပုံစံ ဒီဇိုင်းမှာ  ဟီရိုရှိ ရှိမာမူရ လက်ရာ ဖြစ်သည်။

ဒုတိယ ကမ္ဘာစစ် မတိုင်မီထဲက မြန်မာပြည်သို့ ရောက်နေခဲ့ကြပြီး ဂျပန်သို့ မပြန်တော့ဘဲ မြန်မာ နိုင်ငံသား အဖြစ်ခံယူလိုက်သူ တချို့လည်း ရှိခဲ့ကြပြီး၊ အများစုမှာ ၁၉၄၁ ခုနှစ် ဒုတိယ ကမ္ဘာစစ်မီး အန္တရာယ်ကြောင့် ရန်ကုန်ရှိ ဂျပန်သံရုံးမှ အကြောင်းကြား ညွှန်ကြားချက် အရ လုပ်ငန်း အားလုံးကို ရပ်ဆိုင်းကာ ဂျပန်သို့ ပြန်ခဲ့ကြသည်။

ကိုကျော် ၊ ကမာနီလာ

“ဒုတိယကမ္ဘာစစ်မတိုင်မီ မြန်မာပြည်တွင် ရောက်ရှိအခြေချခဲ့သူများ” ဆောင်းပါးကို ကိုကျော်က ရေးသားပြီး သမိုင်းအချက်အလက် အထောက်အထားများနှင့် စာဖတ်သူများ ပိုမိုပြည့်စုံ နားလည်စေရန် ကမာနီလာက ထပ်မံဖြည့်စွက်ပေးထားပါတယ်။ ဒုတိယကမ္ဘာစစ်မတိုင်မီ မြန်မာပြည်တွင် ရောက်ရှိအခြေချခဲ့သူများလို့ ဆောင်းပါး ခေါင်းစီး ပေးထားပေမယ့် ဒုတိယကမ္ဘာစစ် မတိုင်မီ မြန်မာပြည်တွင် ရောက်ရှိအခြေချခဲ့သော ဂျပန်လူမျိုးများ ထဲက တစ်ချို့ကို ထုတ်နှုတ်ရေးသားတင်ပြထားတာမို့  “ဒုတိယကမ္ဘာစစ်မတိုင်မီ မြန်မာပြည်တွင် ရောက်ရှိအခြေချခဲ့သော ဂျပန်လူမျိုးများ“ အဖြစ် ပြင်ဆင်ဖတ်ရှူပေးကြပါရန်။

0 comments: