ဂျပန်လူငယ်တွေ၏ အနာဂတ် တိုက်ပွဲခေါ်သံ


ယခုနှစ် အစောပိုင်း ကမ္ဘာ့စီးပွါးရေး စစ်တမ်း နောက်ဆုံး ထုတ်ပြန်ချက်များ အရ တရုတ်နိုင်ငံ၏ ပြည်တွင်း ကုန်ထုတ်လုပ်မှု တန်ဖိုးစုစုပေါင်း (Gross Domestic Product) သည် ဂျပန်နိုင်ငံ၏ ပြည်တွင်း ကုန်ထုတ်လုပ်မှု တန်ဖိုးစုစုပေါင်း (Gross Domestic Product) ထက် ကျော်လွန်သွားပြီ ဖြစ်သောကြောင့် တရုတ်နိုင်ငံသည် ကမ္ဘာ့ဒုတိယ စီးပွါးရေး အင်အားကြီးနိုင်ငံ တစ်နိုင်ငံ အဖြစ်သို့ ရောက်ရှိလာခဲ့ ရပါတယ်။

ဂျပန်နိုင်ငံ၏ စီးပွါးရေး ကျဆင်းလာမှုမှာ ဆယ်စုနှစ် နှစ်ခုကျော်ကျော် တောက်လျောက် ကျဆင်းခဲ့ရပြီး၊ တရုတ်မှာမူ ၎င်းဆယ်စုနှစ် နှစ်ခုအတွင်း စီးပွါးရေးမှာ ကြောက်ခမန်းလိလိ တောက်လျောက် တရိပ်ရိပ် တိုးတက်လာခဲ့ပါတယ်။ သို့ပေသော်လည်း စီးပွါးရေး၏ အခြားတဘက် တရုတ်နိုင်ငံ၏ လူဦးရေမှာလည်း အဆမတန် တိုးပွါး လာနေခဲ့ပါတယ်။ ဤကိစ္စကလည်း အနာဂတ် များမကြာမီနှစ်များ အတွင်း တရုတ်နိုင်ငံအတွက် ခေါင်းကြီးဖွယ်ရာ အခက်အခဲ အန္တရာယ်များ နှင့် ရင်ဆိုင်ရဖို့လည်း ရှိနေပါတယ်။
ဂျပန်နိုင်ငံ အနေကတော့ တရုတ်နိုင်ငံထက် လူဦးရေ (၁၀ဆ)ကျော်ခန့် လျော့နည်းကွာဟသည့် အတွက် အနာဂတ်မှာ လူဦးရေတိုးပွါးမှုနှင့် ပတ်သက်၍ လေ့လာသောအခါ လက်ရှိ လူဦးရေမှာ အသက်အရွယ် ကြီးရင့်သူ အရေအတွက်မှာ လွန်စွာ များပြားနေသည့် အတွက် နောက်ထပ် မျိုးဆက်သစ် လူငယ်အမြောက်အများပင် လိုအပ်နေပါ သေးတယ်။ ထို့ကြောင့် ဂျပန်နိုင်ငံမှာ လူဦးရေ တိုးနှုံးနည်းပြီး လူဦးရေ ကျုံ့ဝင်လာနေခြင်းကြောင့် အနာဂတ်တွင် ကုန်ထုတ်လုပ်မှု ကျဆင်းပြီး စီးပွါးရေး ဖွံ့ဖြိုးမှုဆက်လက် ကျဆင်းနေမှု မဖြစ်စေရန် အတွက် ယခုထက်ပို၍ ကောင်းမွန်သော နည်းလမ်းတွေကို စဉ်ဆက်မပြတ်ရှာဖွေ လုပ်ကိုင်သွားရန်လည်း လိုအပ်နေပါတယ်။
ဂျပန်နိုင်ငံ အနေနဲ့ ပြည်တွင်း ကုန်ထုတ်လုပ်မှု အပိုင်းကို ဖွံ့ဖြိုးတိုးတက်စေချင်ရင် အရှေ့တောင်အာရှ၊ တောင်အာရှ၊ အာဖရိက၊ လက်တင်အမေရိက စသော ဆင်းရဲသော ပြည်ပနိုင်ငံများနှင့် အလယ်အလတ် အဆင့်ရှိသော ပြည်ပနိုင်ငံများ အပေါ်မှာ ကူညီရာလည်း ရောက်သော မိမိနိုင်ငံ၏ စီးပွါးရေး အခွင့်အလမ်းများ၊ ရင်းနှီးမြှပ်နှံမှုများ၊ ဖွံ့ဖြိုးရေး အစီအစဉ်များဖြင့် ဆွဲဆောင်စည်းရုံး၍ မိမိနိုင်ငံ၏ စီးပွါးရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နိုင်ငံအချင်းချင်း အပေးအယူ မျှမျှတတဖြင့် ဆောင်ရွက်လျှင် မိမိတို့တိုင်းပြည် စီးပွါးရေး ပြန်လည်ဦးမော့ လာနိုင်တယ်လို့ စာရေးသူ ကတော့ ယူဆ မိတာပါဘဲ။ ဒီလိုမှ မဟုတ်ရင် ဂျပန်လူငယ်တွေ အနေနဲ့ကပြည်တွင်းမှာဘဲ အလုပ်အကိုင် အခွင့်အလမ်းကို ရှာဖွေလိုကြပါတယ်။ သို့ပေသော်လည်း ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း တွေဟာ နည်းလာနေပြီ (၀ါ) ကျပ်တည်း ခက်ခဲလာနေပြီ ဆိုရင် ပြည်ပက အလုပ်အကိုင် အခွင့်အလမ်းတွေ ဘက်ကို ရှာဖွေ လုပ်ကိုင်ရန် လိုအပ်လာမှာပါ။သို့သော်လည်း ဒီ အယူအဆက ပြည်ပမှ လူငယ်တယောက် အနေနဲ့ ဂျပန်နိုင်ငံ ဂျပန်လူမျိုးတွေရဲ့ အတွင်းသို့ ဝင်ရောက် ပြီး ဂျပန်လူမျိုး ပြည်သူတယောက်လို ခံစား တွေးကြည့်ရတာပါ။
ယခုချိန်ဆိုရင် ဂျပန်နိုင်ငံမှာ များမကြာမီပင် ဘွဲ့ရတော့မယ့် ဂျပန်လူငယ် မျိုးဆက်သစ်တွေဟာ အလုပ်အကိုင် ကောင်းတွေ ရရှိအောင် တက်ကြွစွာ လှုပ်ရှားနေတဲ့ အချိန်ပဲပေါ့။ ဒီအတွက်လည်း သူတို့မှာက ဖိအားတွေက အမျာကြီး.. သူတို့ဟာ အနက်ရောင် အနောက်တိုင်း ရုံးတက် ဝတ်စုံတွေနဲ့ ကုမ္ပဏီ အသီးသီးမှာ ၎င်းတို့၏ စီးပွါးရေးလုပ်ငန်း အကြောင်းတွေ၊ စီးပွါးရေး အမြင်တွေ၊ အခွင့်အလမ်းနဲ့ အကျိုးအမြတ်တွေ စသည်အားဖြင့် တင်ပြလျှက် အလုပ်အကိုင် ကောင်းတွေ ရရှိအောင် လူစုလူဝေးနဲ့ ကြိတ်ကြိတ်တိုး ကြိုးစားနေကြတဲ့ အချိန်အခါဘဲ ဖြစ်ပါတယ်။ ဒါတွေ ကတော့ နောင်မျိုးဆက်သစ်တို့ အတွက်လည်း လခစား ဝန်ထမ်း/ အရာထမ်းများ ဖြစ်လာရေးမှာ စတင်လှုပ်ရှား ဆောင်ရွက်ရမယ့် လိုအပ်ချက် (ပိုင့်) တစ်ခုပင် ဖြစ်ပါတယ်။
ဒီလိုနေ့တွေလို အချိန်တွေဟာ ကုမ္ပဏီဝန်ထမ်း၊ အစိုးရ အရာထမ်း၊ အမှုထမ်း အလုပ်အကိုင်တွေအတွက် မျိုးဆက်သစ် တက်သစ်စ ဘွဲ့ရလူငယ်ပညာတတ်တွေ အနေနဲ့ ဘဝမှာ အကောင်းဆုံး အခွင့်အရေး တခုအဖြင့် အမိအရ ဆုပ်ကိုင်မိအောင် အားမာန်သစ်တွေနဲ့ ကြိုးစားရတဲ့ အချိန်တွေပါဘဲ။ ယခုချိန်ထိတော့ အလုပ်အကိုင်သစ် အခွင့်အလမ်း တွေက အဆိုးကြီးတော့လည်း မဟုတ်သေးပါဘူး။ သို့သော် အနာဂတ်မှာလည်း ဒီအတိုင်း ဆိုရင်တော့ ဂျပန်နိုင်ငံရဲ့ စီးပွါးရေးဟာ စိုးရိမ်ရေမှတ်ထက် ကျော်လွန် သွားနိုင်ပါတယ်။
ဘဝလုံခြုံ စိတ်ချရမှု မရှိတဲ့ အလုပ်များနှင့် အလုပ်သမားတွေရဲ့ ဘဝ
ယခု အခြေအနေတွေက ဂျပန်နိုင်ငံရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေဟာ တက်သစ်စ ဘွဲ့ရလူငယ် ပညာတတ် တွေအပေါ်မှာသာ ပစ်မှတ်ထား ခေါ်ယူမှုတွေ ပြုလုပ်လာကြဖို့ရှိပါတယ်။ သို့သော်လည်း အချို့သော ကုမ္ပဏီ အနည်းငယ်ခန့်ကသာ ဒီအပေါ်မှာ စဉ်းစားနိုင်ကြမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကုမ္ပဏီတွေ မှာကလည်း နဂိုကတည်းက ဘွဲ့ရပညာတတ် ဝါရင့် သဘာရင့်တွေက ရှိပြီးဖြစ်နေလို့ပါဘဲ။ ဆိုတော့ ခုကျောင်းဆင်းလာတဲ့ ဘွဲ့ရ လူငယ်ပညာတတ်တွေ အနေနဲ့က ရှားပါးလှတဲ့ ဒီအခွင့်အရေးကို လက်လွတ် ခံလို့တော့ မဖြစ်ဘူးပေါ့။ အဲဒီ ကုမ္ပဏီတွေနဲ့၊ အစိုးရ အမှုထမ်း၊ အရာထမ်း အလုပ်အကိုင်တွေကို မရရင်တော့ဖြင့် ဘ၀ကို စွန့်စားခန်းတွေနဲ့ စရတော့မှာပေါ့ ဗျာ…အဲဒါကတော့ ဂျပန်မှာ တနေ့တခြား တဖြည်းဖြည်း တိုးတက်ကြီးထွား လာနေတဲ့ ပုံမှန်ရယ်လို့ မဟုတ်တဲ့ အချိန်ပိုင်း အလုပ်တွေကို ရှာဖွေလုပ်ကိုင် ဖို့ဘဲရှိပါတော့တယ်။ ဒီအလုပ်တွေ ကလည်း ယာယီဆိုတဲ့ အတိုင်း ဘ၀ရှေ့ရေး အတွက်လည်း ဘာမှကို မရေရာ မသေချာတဲ့..ပြောရမယ်ဆိုရင်ပေါ့လေ ဘ၀အတွက် ဘာအာမခံချက်မျှ မပေးနိုင်ဘူး မဟုတ်လားဗျာ.. သို့ပေမယ့် ဘွဲ့ရပြီး အလုပ်မရသေးခင် ထိတော့ မတတ်သာသည့် အဆုံး စွန့်စားမှိတ်ကျိတ်ပြီးတော့ လုပ်ရတော့မှာပါ့။
ဝါဆဲဒ တက္ကသိုလ်ကျောင်းသား ဆဲဆုခဲ ဟယရှိ ဆိုရင် တက္ကသိုလ်ပညာတွေကို သင်ကြားနေတဲ့ ကျောင်းသား တဦးပါ။ ဒီတက္ကသိုလ်ကြီးမှာ တက်ရောက်ပြီး ပညာတွေ သင်ယူနေရတာကို ဂုဏ်ယူနေတဲ့ သူတယောက်…..သူက နောက်နှစ် အထိတော့ ဘွဲ့မရသေး ဘူးဗျ… သို့ပေမယ့် သူက သောကြာနေ့ ညနေခင်းနဲ့ ညဘက်အစောပိုင်းအချိန်တွေမှာ ဘွဲ့ရရင် အလုပ်အကိုင် ကောင်းကောင်း ရရှိရေးအတွက် အလုပ်အကိုင်အမျိုးမျိုးတို့ရဲ့ အင်တာဗျူးသင်တန်း အမျိုးမျိုးတွေကို တက်ရောက်လေ့လာ သင်ယူလျှက်ရှိပါတယ်။ ဒါတင် ဘယ်ကမလဲဗျာ.. သူက လူကုံတန် အသိုင်းအ၀န်းတွေရဲ့ ယဉ်ကျေးမှုတွေ အကြားမှာ လိုက်လျောညီထွေ ဖြစ်အောင်လည်း ငွေကုန်ကြေးကျခံ သုံးစွဲပြီး ဘွဲ့ရပြီးရင် အဆင်သင့်ဖြစ်အောင် ခုကတည်း စောစော စီးစီး အချိန်ယူလေ့လာ ကြိုတင်ပြင်ဆင် နေတယ်ပေါ့ဗျာ။
သူ့ရဲ့ ပထမသင်ခန်းစာ အနေနဲ့ ပြောရမယ်ဆိုရင် အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ အင်တာဗျူး အခန်းထဲကို ဘယ်လိုပုံစံနဲ့ ဝင်ရမယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ အင်တာဗျူးဆီကို ဘယ်လိုနည်းနဲ့ ချဉ်းကပ်မယ်.. စသဖြင့် ပေါ့ဗျာ..ပမာ ပြောရရင်တော့ ရင်ကိုကော့ပြီး စစ်ချီသလို ဟန်ချက်ညီညီ နဲ့ပေါ့ဗျာ အင်တာဗျူး စားပွဲနားဆီ ချည်းကပ်သွားပြီး စားပွဲနဲ့မနီးမဝေး အကွာအဝေး လောက်မှာ ခဏရပ်၊ ပြီးရင် အင်တာဗျူး မေးမယ့်သူကို ဦးညွှတ် အရိုအသေပေး၊ အဲဒီလို သွားတဲ့အခါမှာလည်း…ညာဘက် လက်က စာရွက်စာတမ်း တွေထည့်ထားတဲ့ အတက်ခ်ျချီကေ့စ် (Attache Case) ကို ကိုင်၊ ဘယ်ဘက်လက် လက်ဖျံပေါ်မှာ ကုတ်အင်္ကျီကို ခေါက်တင်ပြီး ဟန်ပါပါနဲ့ ခပ်တည်တည်နဲ့ပေါ့ ဗျာ… သင်တန်းဆရာတွေရဲ့ အထူး လေ့ကျင့်မှုတွေနဲ့ သူက လေ့လာ လေ့ကျင့် သင်ယူနေပါတယ်။
ဒီလို လေ့လာသင်ယူ နေရတာကိုလည်း သူက အလွန်ကြိုက်နှစ်သက် ခဲ့ပါတယ်။ သို့ပေမယ့် အလုပ်အကိုင်သစ်တွေ ရှိတဲ့ နေရာတွေ၊ အလုပ်အကိုင်သစ်တွေ အတွက် ခေါ်ယူမှုတွေ၊ အလုပ်အကိုင်သစ်တွေ အတွက် အခွင့်အလမ်းတွေက ပျောက်ဆုံးနေတဲ့ အခါကြတော့ ဒီ အလုပ်အကိုင်သစ်တွေနဲ့ ပတ်သက်တဲ့ နှီးနှောဖလှယ်ပွဲတွေ၊ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ၊ အလုပ်အကိုင်ရရှိရေး အင်တာဗျူး သင်တန်းတွေကို တက်ရောက် လေ့လာနေတာဟာ ငွေကုန်ကြေးကျ များလွန်းတဲ့ အခါကြတော့ အလုပ်အကိုင် အခွင့်အလမ်းက ဘယ်ဆီနေမှန်း မသိနဲ့ တစ်ခါတစ်ခါကျ တော့လည်း ဒီလိုစွန့်စားဖို့ကို ထိုက်တန်ပါ့မလားပေါ့ ဗျာ…
အခြေအနေ အချိန်အခါနှင့် အညီ လုပ်ဆောင်နိုင်သော ဦးစီးရှေ့ဆောင်ကောင်းတွေ လိုအပ်
ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်ကစပြီး ဂျပန်လူမျိုးတွေ နိုင်ငံခြားတက္ကသိုလ်တွေမှာ တက်ရောက်ပညာသင်ယူသူ အရေ အတွက်ဟာ သိသိသာသာချည်း တဖြည်းဖြည်း ကျဆင်းလာနေပြီဖြစ်ပါတယ်။ “ ကျွန်တော်တို့ ခုကြုံနေရတာက ကျွန်တော်တို့ တတွေဟာ အရင်နဲ့ မတူတဲ့ ခြားနားတဲ့ အပြောင်းအလဲတွေကို လုပ်ဆောင်ဖို့ ကြောက်နေကြတယ်ဗျ။ ကြိုတင်ပြီး လက်ဦးပြင်ဆင်မှုတွေက အားနည်း နေခဲ့တယ်လေ။ ကျွန်တော်တို့ အားလုံးက ရှေ့အရင်က လုပ်သွားကြတဲ့ ပုံစံအတိုင်း ထပ်တူ လိုက်လုပ်ကြလေ့ ရှိတယ်ဗျ။ တက္ကသိုလ်မှာ လေးနှစ်တက် ပြီးရင် ဘွဲ့တစ်ခုရမယ်။ ပြီးရင်အလုပ် တစ်ခုခု ဝင်မယ်ပေါ့ဗျာ…ဒီလို လမ်းကြောင်း ရိုးရိုးကြီးပဲ ခေတ်စားပါတယ်ဗျ” လို့ “ဆဲဇုခဲ ဟယရှိ” က ပြောပြပါတယ်။
တိုကျိုမြို့ရှိ နာမည်ကြီး ဂင်းဇာ လမ်းမကြီးပေါ်မှာ တရုတ် ကမ္ဘာလှည့် ခရီးသည်များကို တင်ဆောင်လာတဲ့ ဘစ်ကားကြီးတွေကို ကြည့်ခြင်းအားဖြင့် စီးပွါးရေး ချိန်ခွင်လျှာ အပြောင်းအလဲကို သတိထားမိနိုင်ပါတယ်။ ခုတော့ တရုတ်လူမျိုးတွေဟာ ငွေတွေကို အများဆုံး သုံးစွဲနိုင်တဲ့သူတွေ၊ အများဆုံး ဝယ်ယူနိုင်တဲ့ သူတွေဖြစ်နေပြီ ပေါ့ဗျာ… ဒါကြောင့် ဘဲဖြစ်မယ်ဗျ.. နာမည်ကြီး ဂင်းဇာလမ်းမကြီးရဲ့ ဘေး တစ်ဘက် တစ်ချက်ဆီမှာ ရှိတဲ့ ဈေးကလည်းကြီးမှကြီး၊ ပစ္စည်းတွေကလည်း ကောင်းမှကောင်း လိုချင်စရာ အလွန်အဖိုးတန်တဲ့ ပစ္စည်းတွေကိုသာ ရောင်းတဲ့ နာမည်ကျော် ကုန်တိုက်ကြီးများနဲ့ အခြား အရောင်းဆိုင်များရဲ့ အ၀င်အ၀ တံခါးဝတွေမှာ တရုတ် အကြွေးဝယ်ကဒ် များဖြင့် ၀ယ်ယူနိုင် ပါကြောင်း ကြော်ငြာ ဆိုင်းဘုတ်များကို မြင်သာထင်သာ ရှိအောင် ချိတ်ဆွဲ ထားကြတယ်ဗျ..။
များသော အားဖြင့်ပေါ့ဗျာ ဂျပန် စီးပွါးရေး ခေါင်းဆောင်များ ကတော့ ဂျပန်လူငယ်တွေဟာ အလုပ်အကိုင်တွေကို ပြည်တွင်းမှာချည်းဘဲ အဓိကထားပြီး ရှာဖွေကြိုးပမ်းနေခြင်း အပေါ် ပုံမှန်အားဖြင့်တော့ သဘောတွေ့ပုံ မပေါ်ဘူးဗျ မလိုလား ကြဘူးပေါ့ဗျာ.. ဒီလိုမျိုးဘဲ ဆက်ပြီးလုပ် နေကြမယ် ဆိုရင် ဂျပန်စီးပွါးရေးဟာ ဆက်လက်ကျဆင်း နေအုံးမှာဘဲလို့ စီးပွါးရေး ခေါင်းဆောင်တွေက သုံးသပ်ထားကြတယ်ဗျ။ နောက်တချက် စဉ်းစားစရာတစ်ခုရှိတာက ဂျပန်နိုင်ငံရဲ့ လူဦးရေပြဿနာပါဘဲ တစ်နှစ်ထက်တစ်နှစ် သက်ကြီး ရွယ်အို လူကြီး အရေအတွက်က တိုးလာနေခြင်းကလည်း အနာဂတ်မှာပြဿနာတရပ်လို့ အမြင်ရှိလာကြတယ်ဗျ။ ဒီကိစ္စကလည်း ပြောရမယ်ဆိုရင် ဂျပန်နိုင်ငံရဲ့ အနာဂတ်စီးပွါးရေး အပေါ် စိန်ခေါ်လာတာကလည်း ဆယ်စုနှစ် တခုကျော်လာပါပြီ..။
တချို့ကုမ္ပဏီတွေနဲ့ တသီးပုဂ္ဂလ စီးပွါးရေး လုပ်ငန်းရှင်တွေ ကတော့ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေ အပေါ်မှာ သုံးသပ်ပြီးပြင်ပကမ္ဘာ့နိုင်ငံတွေနဲ့ စီးပွါးရေး အကျိုးတူ ဆက်စပ်လုပ်ကိုင်ရင်း ရရှိလာနိုင်မယ့် ဈေးကွက် အမှာစာတွေ၊ အကျိုးအမြတ် တွေကို မျှော်ကြည့်ပြီး မိမိတို့ လုပ်ငန်းတွေကို ပြည်ပ နိုင်ငံတွေမှာ မြေစမ်းခရမ်းပျိုး တိုးချဲ့လုပ်ဆောင်လာ နေကြပြီဖြစ်တယ်ဗျ။ ဂင်းဇာ မှာရှိတဲ့ နာမည်ကြီး အ၀တ်အထည် ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ က အဲဒီလို နည်းလမ်းသစ်တွေကို ဦးဆောင်ဦးရွက် ကျင့်သုံး ဆောင်ရွက်နေပါတယ်။
မျက်မှောက် ဂျပန်မှာက စီးပွါးရေးအရ ပြောရရင် အကျိုးအမြတ်နဲ့ အခွင့်အလမ်းက အနည်းငယ်သာ ဖြစ်ထွန်းမှုရှိ တာကြောင့်မို့ ဒီကုမ္ပဏီက ပြည်ပနိုင်ငံတွေမှာ ၎င်းတို့ရဲ့ဆိုင်ခွဲတွေ ဖွင့်လှစ်ထားခဲ့ပြီး လုပ်ကိုင် ဆောင်ရွက်နေတာဖြစ် ပါတယ်။ လာမယ့် ၂၀၂၀ မှာ ကမ္ဘာမှာ အကြီးမားဆုံး ကုမ္ပဏီ တခုဖြစ်လာရန် ရည်မှန်းထားပြီး ကြိုးစားဆောင်ရွက် လျှက်ရှိပါတယ်။ သို့ပေမယ့် ပြဿနာ တခုတော့ ရှိတယ်ဗျ.. အဲဒါက နိုင်ငံခြား အတွေ့အကြုံနည်းပါးပြီး ၀န်ထမ်း အများစုက ဂျပန်ဘာသာ စကားတခုတည်း ကိုသာ ပြောတတ် ခြင်းပင် ဖြစ်ပါတယ်။ အဲဒါကြောင့် နောင်နှစ် ယခုလိုအချိန်မှာ အင်္ဂလိပ် စကားပြောကို လေ့လာကြရန် အထူးတိုက်တွန်း ထားပါတယ်။
အနာဂတ်မှာ ဂျပန်လူငယ်တွေ ဂျပန်ဘာသာ စကားတခုတည်းနှင့် အလုပ် မဖြစ်နိုင်
(Uniqlo) ကုမ္ပဏီမှ ဒိုင်ဆုခဲ ဟဆဲ က “ ကျွန်တော်တို့ ဂျပန်နိုင်ငံပြင်ပမှာ ကျွန်တော်တို့ရဲ့ အရောင်းဆိုင်တွေကို တိုးချဲ့ ဖွင့်လှစ်ဖို့လိုပါတယ်။ ဒေသခံ ဈေးကွက်ထဲမှ အလုပ်သမားတွေ ငှါးရမ်းဖို့လည်း လိုအပ်ပါတယ်။ အခုထိတော့ အလုပ်သမား (၉၀) ရာခိုင်နှုံးလောက်က ဂျပန်လူမျိုးတွေ ချည်းပါဘဲ နောက်ဆိုရင် ဂျပန်လူမျိုး(၁၀) ရာခိုင်နှုံးလောက်ပဲ ရှိမှာ ဖြစ်ပြီး ကျန်(၉၀) ရာခိုင်နှုံးလောက်က ပြင်ပဒေသခံ လုပ်သားတွေဖြစ်လာပါလိမ့်မယ်။ အဲဒီ့ပြင်ပက အလုပ်သမားတွေနဲ့ ပြောဆိုဆက်ဆံဖို့ အများသုံး ဘာသာစကား တခု လိုအပ်တဲ့ အတွက် ကျွန်တော်တို့ အင်္ဂလိပ်စကားကို ရွေးချယ်ထား ပါတယ်” လို့ ပြောကြားသွားပါတယ်။ ဤ အဆိုအရပေါ့ ဗျာ.. ဂျပန်နိုင်ငံရဲ့ ပြင်ပမှာ အလုပ်အကိုင် အခွင့်အလမ်း အသစ်တွေ ပေါ်ပေါက် ဖြစ်ထွန်း လာစရာရှိပါတယ်။
တင်းကျပ် လွန်းသည့် စည်းကမ်းစနစ်နှင့် အလုပ်သင် ဆူရှီ ရဲဘော်များ
တိုကျိုမြို့ရှိ ဆူရှီ အကယ်ဒမီကျောင်းတွင် ရာစုနှစ်များ ကြာထိတိုင်အောင် စွဲစွဲမြဲမြဲ ကျင့်သုံးလာခဲ့သော ရိုးရာ ထုံးတမ်းဓလေ့များကို ပြောင်းလဲ ကျင့်သုံးနေပြီ ဖြစ်ပါတယ်။ သို့သော်လည်း ငါးတွေကို ကိုင်တွယ် လုပ်ကိုင်တဲ့နေရာမှာ တော့ အပြောင်းအလဲ မရှိပါဘူး။ ဂျပန်နိုင်ငံ၌ လူတဦးကို ဆူရှီဆရာ တစ်ယောက်ဖြစ်လာရန် ခေါ်ယူ သင်ကြားပေးသော သတ်မှတ်စံ စနစ်များမှာ များစွာ တင်းကျပ်လွန်းပါတယ်။ ဆူရှီ ဆရာတစ်ယောက် ဖြစ်လာရန်အတွက် အလုပ်သင် ဘ၀ဖြင့် နှစ်များစွာ အတွေ့အကြုံ လိုအပ်တယ်ပေါ့ဗျာ.။ အစဦးမှာ ဆိုရင် ငါးတို့၊ ဓါးတို့ ကိုင်ရဖို့ဝေးစွ အနားတောင် ကပ်ကြည့်ဖို့ပင် မလွယ်။ မီးဖိုချောင်ထဲမှာ နေရာအနှံပေါ့ဗျာ အောက်ခြေသိမ်း တံမျက်စည်းလှဲ၊ ကြမ်းတိုက်၊ သန့်ရှင်းရေးပြီး သန့်ရှင်းရေး စသည့် စသည့် အလုပ်များကို နှစ်ရှည်လများ ဦးစွာ လုပ်ကြရတယ်ဗျ..။
သို့သော် ဒီဆူရှီ အကယ်ဒမီကျောင်း မှာတော့ အခြေခံနည်းလမ်းများကို လပိုင်းအတွင်းမှာပင် စတင်သင်ကြားပေး လျှက်ရှိပါတယ်။ အဲဒီမှာရှိတဲ့ သင်တန်းသား အများစုရဲ့ ဆန္ဒကလည်း နိုင်ငံခြား တိုင်းပြည်များတွင် ဆူရှီဆိုင်များ သွားရောက် ဖွင့်လှစ် လိုကြပါသတဲ့…. “ နောက်ဆိုရင် ဂျပန်တွေအများကြီး နိုင်ငံခြားသို့ ထွက်ခွါကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်(၂၀) ကျွန်တော်ကြီးပြင်း လာခဲ့တဲ့အချိန်က လူငယ်များစွာက နိုင်ငံခြားကို ထွက်ခွါလိုကြတယ်။ ဒါပေမယ့် ပြောင်းလဲ သွားပုံရပါတယ်။ ခုကြားနေရတာက လူတွေက အလုပ်နဲ့ သွားရတာတောင် မသွားလိုကြဘူးဗျ။ ကျွန်တော့်အတွက်လည်း ထွက်ခွါဖို့ဆိုတာ စဉ်းစားရ ခက်ပါတယ်ဗျာ” လို့ ပါးပါးလေး လှီးထားတဲ့ ဆယ်လ်လမွန် ငါးများ၊ အစိမ်းရောင် ဝါဆာဘီနှင့် ထမင်းတို့ကို ဆူရှီလိပ် အတွင်း အစာသွတ်ရင်း ဟီရိုရှီ ရှီမာမူရ က သူ့အမြင် သူ့ဘ၀ အတွေ့အကြုံလေးကို ပြောပြပါတယ်။
ယခုအခါ တရုတ်နိုင်ငံ စီးပွါးရေးသည် ဂျပန်နိုင်ငံထက် သာလွန်သွားပြီ ဖြစ်သည့်အပြင် ၎င်းနှင့် ဆက်နွယ်နေသော အခြားသော ကိစ္စများအတွက်လည်း မလွှဲသာမရှောင်သာ ဂျပန်နိုင်ငံဟာ စီးပွါးရေးတိုးတက်နှုံး ဆက်လက်ကျဆင်းနေဦး မည်ဖြစ်တယ်လို့ အများစုကတော့ သုံးသပ်ထား ကြပါတယ်။ ထိုသို့ မဖြစ်ရန်အတွက် (သို့) ဂျပန်နိုင်ငံစီးပွါးရေး ပြန်လည်ဦးမော့ပြီး တရုတ်နဂါးကြီးကို ပြန်လည်ကျော်တက်ရန် အတွက်ဆိုရင်တော့ အထက်မှာဆိုခဲ့သလိုပေါ့ဗျာ အခြေအနေအချိန်အခါနဲ့ လိုက်လျောညီထွေဖြစ်မယ့် စီးပွါးရေးဈေးကွက် အစီအမံတွေ၊ မျိုးဆက်သစ် ဂျပန်လူငယ်တွေ၏ အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် ပြည်ပနိုင်ငံများတွင် စီးပွါးရေးအခွင့် အလမ်းသစ်များ ရှာဖွေလုပ်ဆောင်နိုင်မှုအပေါ်တွင် တည်မှီလျှက် ရှိပါတယ်။ တနည်းအားဖြင့်ပေါ့ ဗျာ မျက်မှောက် ဂျပန်နိုင်ငံရဲ့ အခြေအနေ အရပ်ရပ်တွေသည် ဂျပန်လူငယ်တွေ အတွက် တိုက်ပွဲခေါ်သံတစ်ခု ဟူ၍ ယူဆမယ်ဆိုရင်ပေါ့ ဗျာ …. ဂျပန်နိုင်ငံရဲ့ အနာဂတ်ဟာ ပျော်ရွှင်စရာ အပြည့်နဲ့ ရင်ခုန်စရာ ကောင်းမှာပါ…
ဝမ်းအိုဝမ်း
By Roland Buerk (BBC News, ) aရးသားသောaဆာင်းပါးအား ပြန်လည်ခံစား တင်ပြပါသည်။

0 comments: