ကျောက်သင်ပုန်းလေးတစ်ချပ်


(၁)

“အဘ .. အဖွားကို သတိရနေတာလား”
လူနာကုတင်ပေါ်မှာ ငြိမ်ငြိမ်လေးထိုင်ပြီး ပြတင်းပေါက်မှတဆင့်ဘယ်ဆီမှန်းမသိတဲ့ အရပ်ရှိရာ ငေးရီမျှော်တွေးနေတဲ့ အဘကို ဆရာဝန်လေးက ချစ်စနိုးနောက်လိုက်တယ်။ ဒီလူနာအဘက အငြိမ်းစား ကျောင်းဆရာကြီး တစ်ယောက်ဆိုတာရယ်၊ ဇနီးသည် ဆုံးပါးသွားခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဆိုတာရယ်၊ သားသမီးတွေနဲ့နေပြီး ဘ၀ကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေတာရယ်၊ ဒါတွေကို ဆရာဝန်လေးက သိထားပြီးသား။

အကူအတွဲမပါပဲ ထနိုင်ထိုင်နိုင်ပြီး ဟိုနားဒီနား လျှောက်နိုင်နေတာရယ်ကြောင့် အဘရဲ့ အခြေအနေဟာ လူနာတစ်ယောက်လိုမဟုတ်တော့ပဲ သာမန် သက်ကြီးရွယ်အိုတစ်ယောက်က ဆေးရုံမှာ လာရောက် အနားယူနေသလိုပုံစံမျိုး။ တစ်ခါတစ်ရံ နေ့ခင်းနေ့လည် အလုပ်ပါးချိန် အဘလည်း အိပ်မနေဘူးဆိုရင် ဆရာဝန်လေးနဲ့ စကားလက်ဆုံကျနေမြဲ။ အငြိမ်းစားကျောင်းဆရာကြီးတစ်ယောက်ရဲ့ဖြတ်သန်းခဲ့ရတဲ့ ဘ၀ခရီးတစ်လျှောက်ကအတွေ့အကြုံ၊ ဗဟုသုတ၊ မှတ်သားစရာပေါင်းများစွာကို ဆရာဝန်လေးက
နှစ်နှစ်ခြိုက်ခြိုက် နားထောင်လေ့ရှိမြဲ။

တစ်ခါတစ်ခါတော့ အခုလိုမျိုး ဘယ်သူနဲ့မှ စကားပြောချင်ပုံမရပဲ တစ်ယောက်တည်း ငေးငေးငိုင်ငိုင်ရှိနေတတ်ပြန်ရော။ အခုလည်း ဆရာဝန်လေးက လူနာခန်းထဲဝင်အလာ ဟိုး … ခပ်ဝေးဝေးတစ်နေရာဆီ ငေးမျှော်နေတဲ့အဘကို တွေ့လိုက်ရလို့ အခုလို စိတ်ပြေရာပြေစေကြောင်း ခပ်သောသောလေး မေးလိုက်တာ။ အဘရဲ့ မျက်နှာက ဆရာဝန်လေးဘက် ခပ်ဖြည်းဖြည်း လှည့်လာပြီး …

“အဘွားကို … ဟုတ်လား .. အင်းသတိရတာပေါ့။
နှစ်ပေါင်းများစွာ ဘ၀ကို အတူတွဲဖြတ်သန်းခဲ့ကြသူတွေပဲကွယ်။”

ပြုံးတုံ့တုံ့ ရှက်ဝဲ၀ဲအပြုံးနဲ့ အဘက ပြန်ဖြေတယ်။ ဆရာဝန်လေးက သူစတွေ့လိုက်တုန်းကလိုမဟုတ်ပဲ အဘမျက်နှာ နည်းနည်း ကြည်သွားတာနဲ့ စနောက်ချင်စိတ်ပေါ်လာပြီး…

“ဒါဆို … … … အခုနေ အဘကို တန်ခိုးရှင်တစ်ယောက်ယောက်ကများ
အတွေ့ချင်ဆုံးတစ်ယောက်နဲ့ တွေ့ခွင့်ပေးမယ်ဆို အဘွားပဲ ဖြစ်ရမယ်။
ဟုတ်ရဲ့လားအဘ ဟီး”

ဆရာဝန်လေးပြောသမျှကို မျက်နှာကြည်ကြည်လေးနဲ့ ထိုင်နားထောင်နေတဲ့အဘ ပြတင်းပေါက်ရှိရာပြန်လှည့်ငေးမျှော်သွားပြီး တစ်စုံတစ်ရာကို ခပ်တိုးတိုးလေး ရေရွတ်နေတယ်။ ဆရာဝန်လေးလည်း သူနောက်လိုက်တာ အဘရဲ့ခံစားချက်ကို ပြန်အစဖေါ်မိသလိုများ ဖြစ်နေလေပြီလားလို့ စိုးရိမ်သွားတယ်။

“အဘ  အဘ ဘာပြောလိုက်တာလဲဟင် … ကျနော်တောင်းပန်ပါတယ်အဘ။ အဘကို အစဖေါ် …”

“ရပါတယ်ကွယ်။ ဆရာလေးသိချင်တာကို အဘဖြေပါ့မယ်။ ဖြေလည်း ဖြေချင်ပါတယ်။
အခုနေများ အတွေ့ချင်ဆုံးတစ်ယောက်ကို တွေ့ခွင့်ရမယ်ဆိုရင် အဘရဲ့
တပည့်လေးတစ်ယောက်ကို တွေ့ချင်တယ်။ သူ့ကို အဘ … ..”

“ဗျာ”

ဆရာဝန်လေး အံ့သြမယ်ဆိုလည်း အံ့သြလောက်တယ်လေ။ ဒီအဘ ဆေးရုံစတက်ကတည်းက အိမ်က
သားသမီး မြေးမြစ်တွေသာမက၊ လာလိုက်တဲ့ တပည့်ဟောင်းတွေ။ လာသမျှ တပည့်တွေကလည်း သူတို့ဆရာအတွက် စားစရာ သောက်စရာလေးတွေပါလာမြဲ။ ပြောရရင် လူနာတွေအားလုံးထဲမှာ ဒီအဘက ဧည့်တွေ့အများဆုံး။

စားစရာသောက်စရာဆိုရင်လည်း အနီးအနားက လူနာတွေကို အမြဲဝေခြမ်းပေးနေရတာ။ ဆရာဝန်တွေ၊ သူနာပြုတွေကိုတောင် တစ်ခါတစ်လေ လာလာပေးတတ်သေးတာ။ ဒီလောက်တပည့်တပန်းတွေ တဖွဲဖွဲ လာတွေ့နေကြတဲ့ကြားက တစ်ယောက်သော တပည့်ကိုမှ တွေ့ချင်သတဲ့။ အဘကိုကြည့်လိုက်တော့ ဒီလောက်အထိ ထိထိခိုက်ခိုက် ကြေကြေကွဲကွဲ ဖြစ်နေတာမျိုး ခုတစ်ခါသာ မြင်ဖူးတာမို့ ဆရာဝန်လေးလည်း ဘာမှ ဆက်မမေးတော့ပဲ အသာလေး လှည့်ထွက်လာခဲ့တယ်။ ရင်ထဲမှာတော့ အဘနဲ့
အဘရဲ့တပည့်တစ်ယောက်အကြောင်းကို သိချင်နေမိတယ်။


(၂)

“ဆရာ … ဆရာ … ထပါဦး။ အဘရယ် အမောဖေါက်နေလို့”

ညကတာဝန်ချိန်မှာ အတော်ညဥ့်နက်သည်အထိ အလုပ်များခဲ့လို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ဆရာဝန်လေးမှာ သူနာပြုဆရာမတစ်ယောက်ရဲ့ ရေးကြီးသုတ်ပြာ နှိုးသံကြောင့် ငေါက်ကနဲ
ထထိုင်လိုက်ရင်း နာရီကိုတစ်ချက်ကြည့်လိုက်တော့ မနက်ငါးနာရီခွဲ။ ဂျူတီကုတ်ကောက်စွပ်လိုက်ပြီး အဘရှိရာ လူနာခန်းထဲအပြေးတပိုင်း ၀င်သွားလိုက်တယ်ဆိုရင်ပဲ …။ အဘရဲ့ ကုတင်ပတ်လည်မှာ အခြားဆရာဝန်တစ်ယောက်နဲ့ သူနာပြုတွေ ၀ိုင်းနေကြတယ်။ လက်မှာဆေးပိုက်တွေတန်းလန်း၊ နှာခေါင်းမှာ အောက်စီဂျင်ပိုက်တန်းလန်းနဲ့ အဘက ကုတင်ပေါ်မှာ အသိမဲ့။ ပိန်ချိချိရင်အုံလေးကတော့ နိမ့်ချည်မြင့်ချည်။ အသက်ကို ပင်ပန်းတကြီး
ခက်ခက်ခဲခဲ ရှူသွင်းနေရပုံ။ သူဝင်သွားတော့ သူနာပြုတစ်ယောက်က ခပ်တိုးတိုးလှမ်းပြောတယ် အဘသတိမရဘူးတဲ့။

“ခွဲစိတ်ဖို့ လိုပါမယ်။ လူနာရဲ့ အခြေအနေကတော့ မီးစာကုန်ဆီခမ်းအရွယ်မို့
ကျနော်တို့ဘာမှ မပြာနိုင်ပါဘူး။ ၅၀- ၅၀ ပါပဲ။ အတတ်နိုင်ဆုံးတော့
ကျနော်တို့ဘက်ပါအောင် ကြိုးစားပါ့မယ်။ နှလုံးရောဂါဆိုတာမျိုးကလည်း
ခက်သားလားဗျာ။ ခုကောင်းပေမယ့် တော်ကြာ ထဖောက်ရင် ဖောက်တာ”

အဘရဲ့ မိသားစုဝင်တွေကို ဆရာဝန်ကြီးက ရှင်းပြနေတော့ အဘကျန်းမာပါစေကြောင်း ဆရာဝန်လေးလည်း ဆုတောင်းပေးနေမိတယ်။ နောက် .. ဒီခွဲစိတ်မှုမှာ သူကိုယ်တိုင် ဆရာဝန်ကြီးကို ၀င်ကူရမှာမို့ …။

*****

အချိန်အတော်ကြာတဲ့ ခွဲစိတ်မှုအပြီးမှာတော့ နားနေခန်းထဲမှာ ဆရာဝန်လေးခြေပစ်လက်ပစ် ထိုင်နေမိတယ်။ ခွဲစိတ်မှု အောင်မြင်စွာ ပြီးသွားပေမယ့် အဘရဲ့ အခြေအနေက ဘာမှစိတ်ချလို့မရသေး။ အခုလောလောဆယ်တော့ မေ့ဆေးအရှိန်ကြောင့် သတိပြန်လည်မလာသေးချိန်။ သတိရော ပြန်လည်လာဦးမှာလား။

ဒါမှမဟုတ် လုံးဝ သတိပြန်မလည်တော့ပဲနဲ့ ဒီလိုနဲ့ပဲ အဘ ထွက်ခွာသွားတော့မှာလား။ မသိ …။
ဆရာဝန်လေးမသိနိုင်သလို။ ဘယ်သူမှလည်း မသိနိုင်သေးဘူး။ အဘရဲ့ ကံတရားသာ။
ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းပေးရုံမှအပ ဘာများတတ်နိုင်ဦးမှာလည်း။

“ဆရာ .. ဒီမှာ။ ဆရာတို့ခွဲခန်းဝင်နေတုန်းက အဘကုတင်အောက်မှာ
ကျနေတာတွေ့လို့ ကျွန်မသိမ်းထားပေးတာ။ အဘရဲ့ ဒိုင်ယာရီလို့ ထင်တယ်။
သူ့မိသားစုတွေ ဗျာများနေကြတုန်းမို့ ဆရာ့ဆီ ခဏသိမ်းထားပေးဖို့ ..”

တာဝန်ကျသူနာပြုဆရာမကမ်းပေးလာတဲ့ အဘရဲ့ဒိုင်ယာရီလေးကို လှမ်းယူထားလိုက်ရင်း အဘရဲ့စကားအချို့ကို ဆရာဝန်လေး ပြန်ကြားယောင်နေမိတယ်။

“အခုနေများ အတွေ့ချင်ဆုံးတစ်ယောက်ကို တွေ့ခွင့်ရမယ်ဆိုရင် အဘရဲ့
တပည့်လေးတစ်ယောက်ကို တွေ့ချင်တယ်။”

ခွင့်လွှတ်ပါအဘ။ သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာဆိုတာကို ၀င်စွက်ဖက်တာဟာ ရိုင်းပြမှုတစ်ခုပဲ ဆိုတာ ကျနော်နားလည်ပါတယ်။ ဒါပေမယ့် အဘနဲ့ အဘရဲ့တပည့်တစ်ယောက်အကြောင်းမှာ မှတ်သားစရာ၊ အတုယူစရာ တစ်ခုခု ရှိနေမှာပဲဆိုတာ ကျနော်ယုံတယ်။ ဒီ ဒိုင်ယာရီထဲမှာ အဲဒါကို တွေ့ရလိမ့်မယ်လို့လည်း ကျနော်ထင်တယ်အဘ။ ကျနော့်ကို ဖတ်ကြည့်ခွင့်ပြုပါ။ အတွေးနဲ့အတူ ဆရာဝန်လေးက သားရေဖုံးအစိမ်းရောင်လေးနဲ့ သပ်သပ်ယပ်ယပ် ဖုံးထားတဲ့ ဒိုင်ယာရီစာအုပ်လေးရဲ့ စာမျက်နှာတွေကို တစ်ချပ်ချင်း …
တစ်ရွက်ချင်း …။

(၃)

၁၉၈၁ ခုနှစ်၊ ဇွန်လ (၁) ရက်။


ဒီကနေ့ ကျောင်းတွေ စဖွင့်ပြီ။ အနာဂတ်ရဲ့ ပန်းဖူးပန်းငုံလေးတို့ အသံစာစာကို ပြန်ကြားရတော့မယ်။ ပျင်းရိငြီးငွေ့စရာကောင်းလှတဲ့ ငါ့ရဲ့ နွေရာသီအားလပ်ရက်များ ကုန်ဆုံးပြန်ပေါ့။



၁၉၈၁ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်။


ငါ့ရဲ့ မနက်ခင်းတိုင်းဟာ လှပလို့နေတော့တယ်။ “မင်္ဂလာပါဆရာ” ဆိုတဲ့ အသံလေးတွေနဲ့ မနက်တိုင်း စတင်ထိတွေ့ခွင့်ရတဲ့အတွက် ကံတရားကို ငါကျေးဇူးတင်တယ်။
ဒီနေ့ စာသင်ချိန်တစ်ဝက်လောက်မှာပဲ ပြဿနာသေးသေးလေးတစ်ခု စကြုံရတယ်။ ဒီနှစ်အဖို့ ပထမဆုံးကြုံတာပေါ့။ အတန်းရဲ့ ဟိုးနောက်ဆုံးနားက ကလေးလေးပါ။ ငါက သင်ပြီးသွားတဲ့စာတွေကို ကျောက်သင်ပုန်းမှာ ရေးပြီး ဆရာ့ကို လာပြကြလို့ ပြောပြီး ထိုင်စောင့်နေတယ်။ သိပ်မကြာခင်မှာပဲ ကလေးတစ်ယောက် ငိုသံကြားလို့ ငါလှမ်းကြည့်တော့ ကျောင်းသားလေးတစ်ယောက် သူ့ကျောက်သင်ပုန်းလေးကိုင်ပြီး ငါ့ဆီလာတိုင်တယ်။ သူရေးထားတာတွေကို ဘေးက ကျောင်းသားက ဖျက်ပစ်လိုက်လို့တဲ့။ ဖျက်ပစ်တယ်ဆိုတဲ့ ကျောင်းသားကိုခေါ်ပြီး ငါကအဆင်သင့်ရှိနေတဲ့ သစ်သားပေတံလေးနဲ့  ခပ်ဆတ်ဆတ်လေး နှစ်ချက်ရိုက်လိုက်တယ်။ နောက်ကို ဒီလိုမဆော့ဖို့လည်း ဆုံးမလိုက်တယ်။

အင်း…... ကလေးတွေနဲ့ နေရတာ ဒီလိုလေးတွေလည်း တစ်ခါတစ်ခါ ရှိမှာပေါ့။


၁၉၈၁ ခုနှစ်၊ သြဂုတ်လ (၅) ရက်။


ထပ်ဖြစ်ပြန်ပြီ။ သူများကျောက်သင်ပုန်းပေါ်ကစာကို ဖျက်ပစ်တဲ့ကိစ္စ၊ အဖျက်ခံရတာတော့ နောက် ကျောင်းသားတစ်ယောက်ပါ။ ဒါပေမယ့် ဖျက်တဲ့သူက အရင်တစ်ခါက ကလေးလေးပဲ။ ငါစိတ်ထဲ နည်းနည်းတိုသွားတယ်။ ဘယ့်နှယ် ပေတံနဲ့ရိုက်လွှတ်လိုက်တာမှ ရက်ပိုင်းလေးရှိသေး။ ဒီအတိုင်း ထပ်ဆော့ပြန်ပြီ။ ဖျက်တဲ့ ကလေးလေးက ငါ့ရှေ့မှာ လက်ကလေးပိုက်ပြီးခေါင်းလေးငုံ့ထားတယ်။ ကျောင်းဝတ်စုံ အတော်နွမ်းနွမ်းလေးနဲ့ ကလေးလေးကိုကြည့်ပြီး ငါ့ဒေါသတွေ ပြေးထွက်ကုန်ပြီ။ ဘာကြောင့် ဆရာဆုံးမထားပါရဲ့နဲ့ ဒီလိုထပ်လုပ်ရတာတုန်းလို့ မေးတော့ ခေါင်းကိုသာတွင်တွင်ငုံ့ထားပြီး ဘာမှ ပြန်မဖြေဘူး။ ငါ .. သစ်သားပေတံလေးနဲ့  ခပ်ဆတ်ဆတ်လေး နှစ်ချက်ရိုက်လိုက်တယ်။



၁၉၈၁ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်။


ဒီတစ်ကြိမ်တော့ သင်းကလေး လွန်လွန်းပြီ။ ဘယ်လိုအကျင့်ဆိုးမှန်းမသိ။ သူများကျောက်သင်ပုန်းက စာကို ဖျက်လိုက်ပြန်ပြီ။ ငါ့ရှေ့မှာ လက်ကလေးပိုက်ပြီး ယို့ယို့လေးရပ်နေတဲ့ ကျောင်းသားကိုကြည့်ပြီး
တတ်လည်းတတ်နိုင်တဲ့ကောင်လို့ ငါတွေးနေမိတယ်။ ခုကျတော့ သူမဟုတ်တဲ့ အတိုင်း။ ဘာကြောင့် ဖျက်ပစ်တယ်ဆိုတာကို ငါမေးတော့ ထုံးစံအတိုင်း တုံဏိဘာဝေ။ ပေါင်မရှိတဲ့ ကျောက်သင်ပုန်းအပဲ့လေး ကိုင်ထားတဲ့ ကလေးလေးကိုကြည့်ပြီး ငါ့ဒေါသကို ငါမနည်းထိန်းနေရတယ်။

“ပြော .. မင်းဘာကြောင့် သူများကျောင်သင်ပုန်းပေါ်ကစာတွေ ဘာကြောင့်ဖျက်ပစ်တာလဲ”

ငါ့လေသံနည်းနည်းမာသွားတော့ ကလေးလေး ဆတ်ကနဲ တစ်ချက်တုန်သွားတယ်။ ပြီး အသံတိမ်တိမ်လေးနဲ့ …

“သူတို့ … သူတို့ ကျောက်သင်ပုန်းတွေက အသစ်မို့လို့ပါဆရာ” တဲ့။
ကလေးတစ်ယောက်မှာ ဒီလောက်ကြီးတဲ့ ၀န်တိုမှုကြီးရှိနေတာ ငါလုံးဝစိုးရိမ်သွားတယ်။ ထုံးစံတိုင်း ပေတံနဲ့ ခပ်ဆတ်ဆတ်လေး နှစ်ချက်ရိုက်လိုက်ပြီးတော့ အဲဒီလို မနာလိုဝန်တိုစိတ် မမွေးသင့်ကြောင်း ဆုံးမရသေးတယ်။

၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်။


ဒီလကုန်ရင် ဒီကျောင်းကလေးကနေ ငါပြောင်းရတော့မယ်။ ရာထူတိုးနဲ့ ပြောင်းရမှာ ဖြစ်ပေမယ့်လို့ စာသင်နှစ်မကုန်ပဲ ငါ့တပည့်တွေကို ထားခဲ့ရမှာမို့ ငါမပျော်နိုင်ဘူး။ သူတို့ကို စိတ်မချဘူး။ ငါမပြောင်းခင်လေးမှာပဲ အရင်လို ပြဿနာက ထပ်ဖြစ်လိုက်သေးတယ်။ ဒီတစ်ခါတော့ ကလေးလေးကို ငါ စကားတွေ ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘူး။ ပေတံလေးနဲ့ ခပ်ဆတ်ဆတ်နှစ်ချက်ရိုက်ပြီးတယ်ဆိုရင်ပဲ နောက်ထပ်မဖြစ်အောင် သင်းကလေး တစ်သက်စာ မှတ်သွားမယ့်စကားမျိုး ငါပြောချလိုက်တယ်။
“မင်းဟာ မနာလိုစိတ် အင်မတန်ကြီးတဲ့ကောင် ..”

ငါမှန်းဆထားတဲ့အတိုင်းပဲ ခေါင်းငုံ့ထားတဲ့ ကလေးလေး ဆတ်ကနဲ ခေါင်းမော့လာတယ်။ မျက်ရည်ဝဲနေတဲ့ မျက်ဝန်းလေးတွေကို ငါဘယ်တော့မှ မေ့မှာမဟုတ်တော့။ နှုတ်ခမ်းလေးတွေ တဆတ်ဆတ်တုန်နေပြီး တစ်ခုခု ပြောချင်နေပုံရတယ်။ ဒါပေမယ့် ဘာမှမပြာပဲ ငါ့ရှေ့ကနေ လက်ကလေးပိုက်ပြီး လှည့်ထွက်သွားတယ်။ ဒါ .. ဒီကလေးနဲ့ ငါနဲ့၊ ဒီကျောင်းလေးနဲ့ ငါနဲ့ နောက်ဆုံးတွေ့ဆုံခြင်းပဲ။


၁၉၈၂ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့။


ကျောင်းစဖွင့်တဲ့နေ့ဖြစ်ပေမယ့် ငါမပျော်နိုင်ဘူး။ ငါ့စိတ်ထဲမှာ တစ်စုံတစ်ယောက်ကို သတိရနေတယ်။ ကလေးတစ်ယောက်အပေါ်မှာ ငါအရမ်းရက်စက်ခဲ့မိတယ်။ နောက်လူတွေ၊ ငါ့တပည့်တွေက ဆရာဖြစ်ကြတဲ့အခါ ငါ့လို မမှားကြဖို့ ငါဆုံးမရမယ်။

ကလေးတစ်ယောက်ကို “မင်းဟာ မနာလိုစိတ် အင်မတန်ကြီးတဲ့ကောင်” လို့ ဘယ်တော့မှ သွားမပြောမိကြပါစေနဲ့။ ကလေးလေးတွေဟာ အဖြူထည်သက်သက်လေးတွေပါ။ ငါ့ရဲ့ ကလေးလေးဆိုပါတော့ ငါကပြောချလိုက်တဲ့အချိန်မှာ သူ့ခမြာ သိပ်ကို ခံစားသွားရရှာမှာ။ အရမ်းဝမ်းနည်းသွားမှာပဲ။ ငါအခုသိပြီ။ သူကလေးက ကျောက်သင်ပုန်းအပဲ့လေးနဲ့မို့ ငါ့ဆီစာလာမပြရဲဘူး။ စာလာမပြပဲလည်း တစ်ယောက်ထဲ ကျန်မနေခဲ့ရဲဘူး။ ဒီတော့ သူများတွေလည်း သူ့လို
စာမပြနိုင်အောင် ဖျက်ပစ်တာပါ။ အဖေါ်ရှာတာ။ အားကိုးရှာတာနေမှာပါ။ တစ်ယောက်တည်း မနေရဲတဲ့ သိမ်ငယ်စိတ်ပေါ့။

နောက်တော့ … အဲဒီကလေးလေး ကျောင်းထွက်သွားရတယ်တဲ့။ မိဘက မတတ်နိုင်တော့လို့ ကျောင်းထုတ်လိုက်ရတာဆိုပဲ။ ဒီသတင်းဆိုးကို ကြားလိုက်ရတော့ ငါမျက်ရည်တောင်လည်မိတယ်။ ငါ့ကလေးလေးကို ငါတွေ့ချင်လိုက်တာ။

သူ့ကို ငါက ဒေါသထွက်လို့ပြောမိတာပါဆိုတဲ့အကြောင်း။ သူဟာ မနာလိုကြီးတဲ့သူမဟုတ်ကြောင်း ပြောပြချင်လိုက်တာ။ အခု .. အပြင်လောကမှာ သူကလေး ဘယ်လောက်အားငယ်နေရှာမလဲ။ ငါ အားပေးနှစ်သိမ့်ချင်လိုက်တာ။ ကျောင်းဝတ်စုံလေးတွေမြင်တိုင်း သူကလေး ဘယ်လောက် ကြေကွဲရှာမလဲ။ သူ့ရဲ့ ကျောက်သင်ပုန်းအပဲ့လေးရော ရှိသေးရဲ့လား။ တစ်ချိန်ချိန်တော့ ပြန်တွေ့ခွင့်ရချင်ပါသေးတယ် သားရယ်။



(၄)

“ဆရာ .. ဆရာ .. အဘ အခြေအနေမကောင်းဘူး”

ခွဲစိတ်ပြီးကတည်းက ကုတင်ပေါ်မှာ သတိလည်လာသလိုလိုဖြစ်လိုက်၊ သတိပြန်လစ်သွားလိုက် ဖြစ်နေတဲ့အဘ။ ဒီနေ့ဆိုရင် ၃ ရက်ရှိပြီ။
တာဝန်ကျသူနာပြုရဲ့ စကားအဆုံး ယူစရာရှိတာတွေယူပြီး အဘရှိရာ လူနာကုတင်ကို ဆရာဝန်လေးရောက်လာခဲ့တော့ အဘဆီမှာရှိနေခဲ့တဲ့ တို့လို့တန်းလန်းပိုက်တွေအားလုံး ဖြုတ်ထားကြပြီ။ ဒါဆို အဘ အခြေအနေ မကောင်းဘူးဆိုတာ အမှန်ပေါ့။ ဆရာဝန်လေး သူ့အနားကိုရောက်တော့ အဘမျက်လုံးလေး နည်းနည်းပွင့်လာတယ်။ ဘာကိုမှတော့ မြင်ဟန်မရှိဘူး။

တဖြည်းဖြည်းချင်း ကြိုးစားပြီးမြင်အောင်ကြည့်နေပုံ။ ဆရာဝန်လေးက အဘရဲ့ လက်ကလေးကို ဆုပ်ကိုင်ပြီး ခပ်တိုးတိုးခေါ်ကြည့်တော့ .. သူ့ဘက်လှည့်လာတယ်။ ကြိုးစားဖွင့်ကြည့်နေတဲ့ မျက်လုံးတွေထဲမှာ ဆရာဝန်လေးကို ခပ်ဝါးဝါးတော့ မြင်လေသလားမသိ။

“သ .. သား  …  ဆရာလေး”

“ဆရာလေးလို့ မခေါ်ပါနဲ့ အဘရယ်။ သားလို့ပဲခေါ်ပါ .. နော် …
ဒီမှာကြည့်ပါဦး ဒါ ဘာတွေလဲလို့”

ဆရာဝန်လေးက လက်ထဲက ပစ္စည်းလေးကို အဘရဲ့ ချိနဲ့ပိန်လှီလွန်းလှတဲ့ လက်ကလေးထဲ ထည့်ပေးလိုက်တော့  တဖြည်းဖြည်း ထိကိုင်ကြည့်ရင်း  …


“ကျ ..ကျောက်သင်ပုန်း အပဲ့လေး ..”
“ဟုတ်ပါတယ်အဘ … နောက် ဒီမှာရှိသေးတယ်အဘ။ ရော့ ဒါလေးကိုယူ”

ဆရာဝန်လေးက အဘရဲ့ လက်တုန်တုန်လေးထဲ သစ်သားပေတံလေးတစ်ချောင်း ထည့်ကိုင်ပေးလိုက်ရင်း အဘရှေ့ လက်ဝါးဖြန့်ပေးလိုက်တယ်။

“မင်းဟာ မနာလိုစိတ် အင်မတန်ကြီးတဲ့ကောင်လို့ ပြောပြီး ခပ်ဆတ်ဆတ်လေး နှစ်ချက်လောက် ရိုက်လိုက်ပါဆရာ”

“ဟာ .. ဆ .. ဆရာလေး  … သ ..သားဟာ …”

အဘရဲ့ ဘာကိုမှ အသေအချာမြင်ပုံမရတဲ့ မျက်ဝန်းအစုံ တောက်ပသွားလိုက်ပုံများ။ မျက်ရည်တစ်စ အပြုံးတစ်ပွင့်နဲ့ အတူ။ ဆရာဝန်လေး နားလည်လိုက်တယ်။
အဘရဲ့မျက်ရည် … ဒါ ၀မ်းသာလွန်းလို့ကျလာခဲ့တာ။ သူ့ဘ၀ရဲ့ အမျှော်လင့်ဆုံးအရာကို အဘရခဲ့ပြီ။ မျှော်လင့်တဲ့နေ့ကို တကယ်ပဲ ရောက်လာခဲ့ပြီ။ ဆရာဝန်လေးလည်း ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်တွေကို မမြင်နိုင်တဲ့အဘ မြင်သွားမှာစိုးစိုးရိမ်ရိမ်မို့ ကွယ်သုတ်ရင်း …

“ဟုတ်ပါတယ်ဆရာ။ ဆရာရဲ့ အဲဒီဆုံးမစကားကြောင့်ပဲ ကျနော်တစ်သက်လုံး
လိမ္မာသွားခဲ့တာ အခုအခြေအနေ ရောက်တဲ့အထိပဲပေါ့။”

“သားရယ် .. ဆ   … ရာ .. ၀မ်း … … ..သာ … … ”


(၅)

“ဆရာ့ကို မေးမယ် မေးမယ်နဲ့ မမေးဖြစ်သေးဘူး။ ဟိုရက်ထဲတုန်းကလည်း အဘရဲ့ နာရေးကိစ္စတွေနဲ့ ဆရာ အလုပ်များနေတာနဲ့ … ”

“ဘာများလဲဆရာမရဲ့ မေးပါ။ ကျနော်ဖြေနိုင်တာဆို ဖြေမှာပေါ့။”

သူနာပြုဆရာမလေးက ချိတုန်ချတုန် စဉ်းစားနေရင်း ..

“ ဟို … ဆရာက … အဘရဲ့တပည့် .. အဲ ..  အဘသိပ်တွေ့ချင်နေတဲ့ တပည့်လေးပေါ့နော်..”

“မဟုတ်ပါဘူးဆရာမ … ကျနော် အဘရဲ့တပည့် မဟုတ်ပါဘူး။

နေ၀င်လုလုအဘိုးအိုတစ်ဦးရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ပေးရုံသက်သက်ပါ။”



ကိုကြည်နိုင် (ကျုံတိုင်းရွာ)

0 comments: