အပူးနဲ့အခွ


မယဉ်ကြည်၏ အသုဘရက်လည်နေ့တွင် အိမ်နီးချင်းအပျိုကြီး မတင်မွှေးကို မယဉ်ကြည်၏ ဝိညာဉ်က ဝင်ပူးသည်။

ဘုန်းကြီးများဆွမ်းစားအပြီး ပြန်ကြွသွားမှ သေသူမယဉ်ကြည်က ဝင်ပူးခြင်းဖြစ်သည်။ အသုဘ ရက်လည်မှာကျွေးသောမုန့်ဟင်းခါးကိုစားနေ ရင်းမှ မတင်မွှေးကိုယ်က တဆတ်ဆတ်တုန်လာသည်။

“ဟဲ့  ...ဟဲ့  ...ဘာဖြစ်တာလဲ၊ တင်မွှေး  ...တင်မွှေး ”

တစ်ဝိုင်းထဲစားနေသည့်မိန်းမကြီးက မတင်မွှေးကိုယ်ကိုထိန်းရင်း မေးလိုက်သည်။
မတင်မွှေးက တဆတ်ဆတ်တုန်ရင်း မျက်ဖြူကြီးလန်ကာ  ...

“ကိုငြိမ်းမောင်ကိုခေါ်ပေး  ...ကိုငြိမ်းမောင်ကိုခေါ်ပေး ”

ဟုပြောလေသည်။
ကိုငြိမ်းမောင်ဆိုသည်မှာ သေသူမယဉ်ကြည်၏ခင်ပွန်းဖြစ်သည်။
မတင်မွှေး၏ထူးခြားသောအမူအရာကြောင့် လူတွေ သူတို့စားပွဲနားရောက်လာသည်။

“ ကိုငြိမ်းမောင်ကိုခေါ်ပေး  ...ကိုငြိမ်းမောင်ကိုခေါ်ပေး ”

မတင်မွေးက တုန်နေရင်းမှ ထိုစကားကိုထပ်ပြောသည်။
ဘယ်သူမှခေါ်ပေးစရာပင်မလို။ အိမ်ကျဉ်းကျဉ်းလေးအတွင်းမှာ အဖြစ်အပျက်ကို မြင်နေရသည့်အတွက် ကိုငြိမ်းမောင် ရောက်လာသည်။
ကိုငြိမ်းမောင် အနားရောက်လာသည်နှင့် မတင်မွှေးက ကိုငြိမ်းမောင်ကိုကြည့်ကာ  ...
“ကိုငြိမ်းမောင်  ... ကိုငြိမ်းမောင်  ... ကျွန်မရှင့်ကိုတောင်းပန်ပါတယ် ကိုငြိမ်းမောင်ရယ် ”

“ဟင်  ...မယဉ်ကြည်၊ မယဉ်ကြည်လား၊ ဟုတ်လား ”

ကိုငြိမ်းမောင်က မေးလိုက်သည်။

“ဟဲ့  ... နင်ဘယ်သူတုံး၊ နင့်ကို မယဉ်ကြည်လားတဲ့မေးနေတယ်၊ ဟုတ်ရင်ဟုတ်တယ်ပြော ”

အတွေ့အကြုံရှိဟန်တူသောမိန်းမကြီးတစ်ယောက်က မတင်မွှေး ကိုပြောလိုက်သည်။

“ဟုတ်  ... ဟုတ်ပါတယ်၊ ကျွန်မ မယဉ်ကြည်ပါ၊ ကိုငြိမ်းမောင် ကို တောင်းပန်ချင်လို့ ”

“အို  ...မင်းကိုတောင်းပန်ချင်လို့တဲ့မောင်ငြိမ်းမောင်”

“မယဉ်ကြည်၊ မင်းဘာပြောချင်လို့လဲ၊ ပြောပါ”

“ကို  ...ကိုငြိမ်းမောင်ရယ်၊ ကျွန်မ  ...ကျွန်မ ရှင့်ကိုအနိုင်ကျင့် ခဲ့တာ၊ ရှင့်အပေါ် မောက်မာမိုက်ရိုင်းခဲ့ တာတွေအတွက် အခု  .. ခံနေရပါ ပြီရှင့်၊ အဟီး  ...ဟီး  ...ဟီး”

မယဉ်ကြည်ဝိညာဉ်ဝင်ပူးနေသောမတင်မွှေးက ပြောရင်းငိုလိုက် လေသည်။

“မယဉ်ကြည်ရယ်”

“ကျွန်မလေ  ..ကျွန်မ၊ ဘ၀ကူးမကောင်းဘူးရှင့်၊ ကျွန်မ  ...   ပြိတ္တာဘ၀ရောက်နေတယ် ”

“ ဟင်  ... ”

“ ဟယ်  ... ”

“ ကိုငြိမ်းမောင်၊ ကျွန်မလေ ရှင့်ကို နိုင်စားခဲ့၊ မောက်မာခဲ့တာတွေ အတွက် အခု ခံနေရပြီရှင့်၊ သရဲတစ္ဆေဘ၀မှာ ကျွန်မအတွက်နေစရာမရှိဘူး၊ ဘ၀တူ ပြိတ္တာတွေက ကျွန်မကို လင်ကိုအနိုင်ကျင့်ခဲ့တဲ့မိန်းမ မို့လို့တဲ့၊ နေစရာမပေးကြဘူး၊ အဖက်မလုပ်ကြဘူးရှင့်၊ အဟင့်ဟင့်  ...ဟီး  ... ”

မယဉ်ကြည်ဝင်ပူးနေသူမတင်မွှေးက ပြောရင်းငိုချလိုက်သည်။

“ မယဉ်ကြည်  ...မယဉ်ကြည်၊ ဖြစ်ရလေမယဉ်ကြည်ရယ် ”

ကိုငြိမ်းမောင်က မတင်မွှေးတစ်ဆင့်ပြောပြသော မယဉ်ကြည်အဖြစ်ကိုသိရပြီး စိတ်မကောင်းဖြစ် နေသည်။
မယဉ်ကြည်၏သမီးလည်း အပြေးရောက်လာကာ မတင်မွှေး ပြောတာတွေကိုနားထောင်နေကြ၏။ သမီးဖြစ်သူ စမ်းစမ်းဆင့်က အမေ့ အဖြစ်ကိုသိရပြီး ငိုနေရှာပေသည်။

“ ကိုငြိမ်းမောင်၊ သူဘာဖြစ်ချင်သလဲမေးလေ၊ သူ့ကို ကျွတ်အောင် လွတ်အောင် ဘာလုပ်ပေးရမလဲ မေး ”

ဘေးမှမိန်းမကြီးတစ်ယောက်က သတိပေးလိုက်သည်။

“ ကိုငြိမ်းမောင်ရယ်၊ ကျွန်မကိုခွင့်လွှတ်ပါ၊ ကျွန်မ ရှင့်အပေါ် နိုင်စားခဲ့တာတွေကိုဗွေမယူပါနဲ့ရှင်၊ ကျွန်မ နောင်တရပါပြီ၊ ကျွန်မတောင်းပန် ပါတယ်၊ ပြိတ္တာဘ၀မှာ ကျွန်မမှာ နေစရာလည်းမရှိ၊ စားစရာလည်းမရှိ၊ အဲဒါ လင်ကိုစော်ကားခဲ့မိလို့ ကျွန်မခံနေရတာရှင့်၊ အဟင့်ဟင့်  ...ဟီး ”

“ မယဉ်ကြည်၊ မယဉ်ကြည် ငါ မင်းအတွက်ဘာလုပ်ပေးရမလ”

ကိုငြိမ်းမောင်မေးသည်ကို မယဉ်ကြည်ဝင်ပူးနေသောမတင်မွှေးက မဖြေ။ ငိုမြဲဆက်ငိုနေသည်။

“ အဟင့်  ...အဟင့်  ...ဟီး  ...ဟီး  .. ”


“ မယဉ်ကြည်  ...မယဉ်ကြည် ”

“ အမေ  ...အမေ၊ ကျွန်မစမ်းစမ်းဆင့်လေ၊ အမေဘာဖြစ်ချင် သလဲ၊ ပြောပါ ”

မတင်မွှေးက မေးနေသည်များကိုမဖြေပဲ အားရအောင်ငိုပြီးနောက် ဝါးကနဲသမ်းလိုက်သည်။ ထို့နောက် ကြမ်းပြင်ပေါ်ပစ်လဲသွားလေသည်။
မတင်မွှေးကို ဝိုင်းပြီးနှာနှပ်ကြ၊ သတိပြန်လည်အောင်ပြုစုကြသည်။
မတင်မွှေး ငေါက်ကနဲထထိုင်ကာ မျက်လုံးအပြူးသားဖြင့် ဝိုင်းနေ သောလူများကိုကြည့်ရင်း  ...

“ ဟင်  ...ကျွန်မ  ...ကျွန်မ ဘာဖြစ်တာလဲ၊ ဘာဖြစ်လို့လဲ ”
နားမလည်စွာမေးလိုက်သည်။

“ တင်မွှေး  ...ညီးကို မယဉ်ကြည်ဝင်ပူးတာ ”

“ ရှင်  ... ”

မတင်မွေးက ထိတ်လန့်တကြားဖြစ်သွားသည်။

“ သနားစရာအေရယ်၊ သူ့ခမျာ ပြိတ္တာဘ၀ရောက်နေတယ်တဲ့၊ နေစရာစားစရာလည်း မရှိဘူးတဲ့အေ”

ဘေးကမိန်းမကြီးက မယဉ်ကြည်ဝင်ပူးစဉ်ပြောခဲ့သောစကားများကို မတင်မွှေးအား ပြန်ပြောပြနေသည်။

“ အို  ...ဖြစ်မှဖြစ်ရလေမမကြည်ရယ် ”

မတင်မွှေးက အိမ်ချင်းကပ်ရက်နေခဲ့သော မယဉ်ကြည်အကြောင်းက ကြားလိုက်ရ၍ စုတ်တသပ်သပ်ဖြစ် နေလေသည်။
မယဉ်ကြည်သမီး စမ်းစမ်းဆင့်က ငိုရင်းမှပြောလိုက်သည်။

“ အမေ့ကိုကျွတ်လွတ်အောင် ဘယ်လိုလုပ်ပေးရမလဲ မေးတာတောင် အမေက ဖြေမသွားဘူး၊ အမေ ရယ်  ..  နောက်တစ်ခေါက်လောက် ဝင်ပူးပြီး ပြောပါဦးအမေရဲ့ ”

“ ဟဲ့- ကောင်မလေး၊ မပြောကောင်း မဆိုကောင်း၊ ဒါမျိုးက မတမ်းတကောင်းဘူးဟဲ့၊ သူ့အတွက် ကုသိုလ်ကောင်းမှု လုပ်ရမှာပေါ့အေ ”

x x x x x x x x x

အပျိုကြီးမတင်မွှေးကို မယဉ်ကြည်ဝင်ပူးသည့်သတင်းက အရပ်ထဲတွင် ပျံ့နှံ့သွားသည်။ မတင်မွှေးကို ဝင်ပူးရင်း ပြောသွားသည့်စကားများကိုလည်း အမှန်ဟုယုံကြည်ကြသည်။
အဘယ်ကြောင့်ဆိုသော်  ...မယဉ်ကြည် မသေခင်က ကိုငြိမ်းမောင်ကို နိုင်လိုမင်းထက်ပြုမူပြောဆိုခဲ့ သည်များကို တစ်ရပ်လုံးက သိထားကြပြီးဖြစ်သောကြောင့်ပင်။
“ ကြည့်ကြစမ်း၊ ယောက်ျားကိုနိုင်ချင်တဲ့မိန်းမတွေ၊ သရဲတစ္ဆေဘ၀ရောက်တာတောင် နာနာဘာဝအချင်း ချင်းက ချိုးနှိမ်ဆက်ဆံကြတယ်တဲ့၊ သတိထားစရာပဲနော် ”

“ ယောက်ျားဆိုတာ ဘုန်းနဲ့ကံနဲ့လေ၊ မပြစ်မှားကောင်းဘူး၊ သားကို သခင် လင်ကိုဘုရားလို့တောင် အဆိုရှိတယ်မဟုတ်လား၊ လင်သားကို အနိုင်ကျင့်ခဲ့တော့ သေတာတောင် ပြိတ္တာဘ၀ရောက်ရတယ်၊ သံဝေဂ ရစရာပါ ပဲနော် ”

အမျိုးမျိုး ပြောကြ ဆိုကြ ဝေဖန်ကြသည်။
အပူးခံရသူ အပျိုကြီးမတင်မွှေးကတော့ သူများပြန်ပြောမှ သူ့ကို ဝင်ပူးစဉ် မယဉ်ကြည်ပြောသွားခဲ့ သောစကားများကိုသိရကာ အိမ်ချင်းကပ် ရက်နေခဲ့သူ မယဉ်ကြည်ကို သနားနေမိသည်။

“ ဖြစ်မှဖြစ်ရလေမမကြည်ရယ်  ... ”

မယဉ်ကြည် လင်ကိုနိုင်စားခဲ့တာတွေကိုတော့  အိမ်ချင်းကပ်ရက်မို့ မတင်မွှေးက အသိဆုံးဖြစ် လေသည်။
ကိုငြိမ်းမောင်အလုပ်လုပ်စဉ်ကတည်းက လင်အပေါ်မှာအနိုင်ယူခဲ့ တဲ့မယဉ်ကြည်။ ကိုငြိမ်းမောင်လည်း အလုပ်ကအငြိမ်းစားယူလိုက်ရော ပိုဆိုးလာခဲ့လေသည်။

“ ရှင့်ပင်စင်လစာ ဘယ်လောက်ရလို့လဲ၊ ရှင့်တစ်ယောက်တည်းဆို ဘယ်လိုများသွားစားမလဲ၊ တောင်းစားနေရမယ်မှတ်၊ ကျုပ်ရှာကျွေးနေလို့ ထမင်းနပ်မှန်အောင်စားနေရတယ်မှတ်ပါ ”

ကိုငြိမ်းမောင် အငြိမ်းစားယူလိုက်သော်လည်း အသက်ကငါးဆယ်ပဲ ရှိသေးသည်။ ကျန်းမာရေးကို အကြောင်းပြကာ နှစ်ပြည့်ပင်စင်ယူလိုက်ခြင်းပဲ ဖြစ်သည်။ ပင်စင်မယူခင်က သူ့ရုံးမှာရုံးအုပ်ကြီးမို့ အထိုက်အ လျောက် အမိန့်အာဏာရှိပါသည်။ ပင်စင်စားဖြစ်မှ မယဉ်ကြည်ပြောဆိုသမျှကို ငုံ့ခံနေရခြင်း ဖြစ်သည်။
ကိုငြိမ်းမောင်က နဂိုကပင်လူအေးမို့ မယားပြောသမျှကို ဘာမျှ ပြန်မပြော။ ပြန်ပြောလျှင်လည်း လူတကာကြားအောင်ထပ်အော်မှာကို ရှက် သည်မို့ ပြောသမျှငုံ့ခံနေလိုက်ခြင်းဖြစ်သည်။
ကိုငြိမ်းမောင်က အေးအေးနေတော့ မယဉ်ကြည်က ပိုဆိုးလာသည်။ မယဉ်ကြည်က ဈေးထဲမှာ ငွေတိုးပေးစားသည်မို့ လက်ထဲမှာငွေရွှင်သည်။ မော်မော်ကြွားကြွားနေနိုင်သည်။ ငွေတိုးမပေးလျှင်လည်းကောင်း၊ ငွေပြန် မဆပ်လျှင်လည်းကောင်း  ... ကြွေးယူထားသူကို နင်ပဲငဆ အော်ကြီးဟစ် ကျယ်ပြောဆိုရန်တွေ့ ရမှာလည်း ဝန်မလေး။ မယဉ်ကြည်၏ မောက်မာမှု များက အိမ်အထိပါလာခြင်းဖြစ်သည်။
ကိုငြိမ်းမောင်အလုပ်လုပ်နေကတည်းက သူကငွေပိုရှာနိုင်သူမို့ နေရာတကာမှာ သူကသာဦးဆောင် ခဲ့လေရာ  ...ကိုငြိမ်းမောင်ပင်စင်ယူ လိုက်ချိန်တွင် ပိုဆိုးလာခဲ့ခြင်းဖြစ်သည်။

“ ဟင်းကိုဘယ်လိုချက်ထားတာတုံး၊ ငရုပ်သီးတွေများလှချည်လား၊ ရှင်ငရုပ်သီးစပ်စပ်ကြိုက်တိုင်း လူတိုင်းကြိုက်တယ်ထင်မနေနဲ့၊ နောက်တစ်ခါ ငရုပ်သီးလျှော့ထည့်ပါ ”

ယောက်ျားကြီးတန်မဲ့ ချက်ပြုတ်ကျွေးမွေးနေရမယ့် ကိုငြိမ်းမောင် မှာ မျက်နှာသာမရခဲ့ပါ။

“ ကြည့်စမ်း၊ အိမ်ရှေ့မှာသစ်ရွက်တွေမှပွနေတာပဲ၊ ရှင်တစ်နေ့လုံး ဘာလုပ်နေသလဲကိုငြိမ်းမောင်၊ ကွမ်းယာဆိုင်သွားပြီး ကျားထိုးနေတာပဲ မဟုတ်လား၊ ကိုယ့်အိမ်သန့်ရှင်းရေးလေးများလည်း ဂရုစိုက်စမ်းပါဦး တော်၊ ကျွန်မမှာဖြင့် ရှာရဖွေရတာနဲ့မောသေတော့မယ်၊ အိမ်ပြန်ရောက်တော့လည်း အမောမပြေရဘူး၊ တကတည်း  ... ”

ရပ်ရေးရွာရေးမှာလည်း သူပဲဦးဆောင်ချင်သည်။ ဆုံးဖြတ်ချင်သည်။

“ ရှင်ဘာမျှနားမလည်ပါဘူး ”

“ ရှင်ဘာသိလို့လဲ ”

“ ရှင်မပြောတတ်မဆိုတတ်ပါဘူး၊ ကျွန်မနဲ့မှဖြစ်မယ့်ကိစ္စပါ ”

ဆိုသောစကားများက မတင်မွှေးနှင့်တကွ အိမ်နီးချင်းသုံးလေး အိမ်က ကြားနေကျစကားများဖြစ် ပါသည်။

ကိုငြိမ်းမောင်နှင့်မယဉ်ကြည်တွင် စမ်းစမ်းဆင့်ဆိုသော သမီးလေး တစ်ယောက်ရှိသည်။ မနှစ်က စမ်းစမ်းဆင့် အိမ်ထောင်ကျသွားသည်။ ရပ်ကွက်ထဲက ပန်းထိမ်ဖိုပိုင်ရှင့်သား ပန်းထိမ်အလုပ်သမားလေးနှင့် လိုက်ပြေးခဲ့ခြင်း ဖြစ်သည်။ စမ်းစမ်းဆင့်မရှိတော့ ကိုငြိမ်းမောင် တစ်ယောက်တည်းသာ မယဉ်ကြည်ပြောသမျှ ကြိတ်ခံနေရခြင်းဖြစ်လေ၏။
ခုတော့  ...မယဉ်ကြည်သေပြီ။
သေပုံကလည်း  ... ဈေးကနေ စက်ဘီးလေးနဲ့ပြန်အလာ အလယ်တန်းကျောင်းထိပ်နားအရောက် မူးတယ်ဆိုကာ စက်ဘီးပေါ်ကဆင်း သစ်ပင်တစ်ပင်အရိပ်အောက်မှာ နားနေရင်းက သေဆုံးခဲ့ခြင်းဖြစ်သည်။ ဆရာဝန်က သွေးတိုးရှိနေသူမယဉ်ကြည်သည် သွေးတိုးနေတုံး နေပူပူထဲမှာ စက်ဘီးစီးပြန်လာ၍ အပြင်းအထန် သွေးတိုးပြီး သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု မှတ်ချက်ပေးသည်။
မယဉ်ကြည်သေပြီဆိုတော့... တစ်ရပ်လုံးက ကိုငြိမ်းမောင်တော့ မယဉ်ကြည် ဝဋ်ကကျွတ်ပြီဟုပြောကြသည်။ ကိုငြိမ်းမောင်ကိုယ်တိုင်လည်း မယဉ်ကြည်ဆုံးပြီးမှ လွတ်လပ်သွားသလို ခံစားခဲ့ရပါသည်။
လင်ကိုအနိုင်ကျင့်တဲ့မိန်းမ သေတာတောင် အသေဆိုးနဲ့သေရတယ် လို့ပြောတဲ့သူမျိုးလည်း ရှိတာပေါ့။
ရက်လည်နေ့မှာ မတင်မွှေးကိုပူးပြောမှ လူတွေ မယဉ်ကြည်အဖြစ်ကို စုတ်သပ်ကြသည်။ သနားမိကြ သည်။ လင်ကိုနိုင်ခဲ့တဲ့မိန်းမတစ်ယောက် သေပြီးမှခံစားရသည့်အဖြစ်ကို နမူနာအဖြစ် ပြောဆိုဝေဖန်နေကြလေ သည်။


_____ x x x x x x x x x

အိမ်ရှေ့ခန်းပက်လက်ကုလားထိုင်မှာ ကိုငြိမ်းမောင် ပုတီးစိတ်နေတုန်း မတင်မွှေး အိမ်ထဲဝင်လာသည်။

“ ဟင်  ...မတင်မွှေး ”

ကိုငြိမ်းမောင်က ပန်းကန်လေးကိုင်ရင်း အိမ်ထဲဝင်လာတဲ့မတင်မွှေး ကိုမြင်တော့ အံ့ဩသွားလေသည်။

“ ဈေးထဲမှာ ပုဇွန်ချဉ်တွေတွေ့လို့ ဝယ်လာတာလေ၊ အကိုငြိမ်းမောင်အကြိုက် ငရုတ်သီးစပ်စပ် နဲ့ကြော်ထားတာလေး၊ စားရအောင်လာပို့ တာပါ အကိုငြိမ်းမောင် ”

“ ဪ  ... ဒုက္ခရှာလို့ မတင်မွှေးရယ်၊ မတင်မွှေးက ကျုပ် ငရုတ်သီးစပ်စပ်ကြိုက်မှန်း ဘယ်လို သိတာလဲဗျ ”

“ အို  ...ဟိုတစ်ခါက အစ်ကိုငြိမ်းမောင်ချက်ထားတဲ့ဟင်းကို အစပ်များတယ်ဆိုပြီး မမကြည်ဆူနေတာ ကို ကြားမိလို့ပါ ”


“  ဟင်  ... ”

ကိုငြိမ်းမောင်မျက်နှာပျက်သွားသည်။

“ ဪ  ...မမကြည်  ...မမကြည်၊ ဘ၀ခြားမှ နောင်တရနေ ရှာတယ်နော်၊ အသက်ရှင်တုံးကတော့ အစ်ကိုငြိမ်းမောင်ကို နိုင်လိုက်တာ၊ မမကြည်  ... မမကြည်  ... ဖြစ်မှဖြစ်ရလေ မမကြည်ရယ်”

“ ဒါတွေပြောမနေပါနဲ့တော့ မတင်မွှေးရယ်၊ သူ့အကြောင်းတွေးမိရင် ကျုပ်လည်း စိတ်မကောင်းလွန်း လို့ပါ၊ ပေး  ...ပေး  ...ပန်းကန်ပေး ”

ကိုငြိမ်းမောင်က ပြောရင်း စိတ်ပုတီးလေးကို လက်ကောက်ဝတ်မှာ ပတ်လိုက်ပြီး ပက်လက်ကုလားထိုင် ပေါ်က ထဖို့ပြင်သည်။

“ အို  ... အို  ... ပုတီးစိတ်နေတာမဟုတ်လား၊ စိတ်ပါ အစ်ကို ငြိမ်းမောင်၊ စိတ်ပါ၊ အမွှေးဘာသာ ဝင်ထားလိုက်ပါ့မယ်”

မတင်မွေးကပြောပြောဆိုဆိုနောက်ဖေးခန်းထဲဝင်သွားသည်။

ကိုငြိမ်းမောင်က မတင်မွှေးပြောသလို ပုတီးကိုဆက်မစိတ်ဖြစ်ပဲ မတင်မွှေးနောက်ကျောကို ငေးကြည့် ရင်းကျန်ခဲ့သည်။
မတင်မွှေးက မီးဖိုခန်းထဲအရောက် ဟင်းကို ပန်းကန်အလွတ်ထဲ လဲထည့်ပေးသည်။ မီးဖိုထဲ မျက်စိဝဲ ကြည့်လိုက်တော့ ချက်ပြီးသားထမင်း အိုးက အဖုံးတဝက်ပွင့်နေသည်။ ငှဲ့ထားတဲ့ထမင်းရည်တွေကို မသွန်ရသေး။ တစ်ခွက်တည်းသောဟင်းအဖြစ် ကြော်ထားသည့် ကြက်ဥကြော်ကလည်း ဒယ်အိုးထဲမှာ သည်အတိုင်း။ အဖုံး လည်း ဖုံးမထား။ ဪ  ...အစ်ကို ငြိမ်းမောင်လည်း ဖြစ်သလိုစားနေရရှာတာပါလား။
မတင်မွှေးက ထမင်းတွေကိုလည်း ထမင်းအုပ်ထဲထည့်၊ ကြက်ဥကြော်ကိုလည်း ပန်းကန်တစ်လုံး နှင့်ထည့်ကာ ကြောင်အိမ်ထဲသွင်းပေးထား လိုက်သည်။ ထမင်းအိုးနှင့်ဒယ်အိုးကိုလည်း တစ်ပါတည်း ဆေးပေး ခဲ့လေ၏။
မီးဖိုခန်းထဲဝင်သွားပြီး တော်တော်နှင့်ပြန်ထွက်မလာသည့် မတင်မွှေး အသံများကို ကိုငြိမ်းမောင်က ပုတီးဆက်မစိတ်သေးပဲ အိမ်ရှေ့ခန်းမှ နားထောင်နေ၏။ မတင်မွှေး အိုးခွက်ပန်းကန်တွေဆေးကြော ပေးနေတဲ့အသံကို ကြားနေရသည်။
ထိုစဉ်  ... စမ်းစမ်းဆင့်ရောက်လာလေ၏။ စမ်းစမ်းဆင့်ကလည်း အဖေ့အတွက် ဟင်းလာ ပို့ပေးခြင်းဖြစ်ပါသည်။ သူ့အမေဆုံးပြီးကတည်းက မနက်စာအတွက်ရော ညစာအတွက်ပါ စမ်းစမ်းဆင့်က ဟင်းလာလာပို့ပေး တတ်သည်။
စမ်းစမ်းဆင့်မီးဖိုခန်းထဲဝင်အသွားမှာ မတင်မွှေးကိုတွေ့လိုက်တော့ အံ့ဩသွားသည်။

“ ဟယ်... စမ်းစမ်းဆင့်၊ ညီးအဖေအတွက် ဟင်းလာပို့တာလား၊ ဟင်းကိုပန်းကန်ထဲ လှယ်လိုက်လေ၊ ပန်းကန်အန်တီမွှေးကိုပေး၊ အန်တီမွှေး တစ်ခါတည်းဆေးလိုက်မယ်၊ အန်တီမွှေးလည်း ညီးအဖေအတွက် ပုဇွန်ချဉ် ကြော်လေး လာပို့ပေးတာလေ”

“ နေပါစေအန်တီမွှေး၊ ကျွန်မဟာကျွန်မဆေးပါ့မယ်၊ ဒီအိုးတွေ ခွက်တွေကလည်း ကျွန်မလာမှ
ဆေးဖို့  အဖေကထားထားတာပါ၊ အားနာ စရာကြီး အန်တီမွှေးရယ်”

“မဟုတ်တာအေ၊ အိမ်နီးချင်းတွေပဲ၊ ငါက ညီးအဖေ ဖြစ်သလို စားနေရတာ သနားလို့ပါ”

ပြောပြီး မတင်မွှေးက မီးဖိုထဲကထွက်သွားသည်။ ကိုငြိမ်းမောင်ကို နှုတ်ဆက်ပြီးပြန်သွားသည်။

x x x x x x x x x

နောက်နေ့တွေမှာလည်း မတင်မွှေးရောက်လာကာ ဟင်းတစ်မျိုး မဟုတ်တစ်မျိုး လာလာပို့ပေးသည်။ မီးဖိုခန်းကိုသန့်ရှင်းရေးလုပ်ပေးသည်။  အိမ်ရှေ့ခန်းကိုလှဲကျင်းပေးသည်။
တစ်ခါတစ်ရံ  ... စမ်းစမ်းဆင့်နှင့်ဆုံသည်။
စမ်းစမ်းဆင့်က မတင်မွှေး အိမ်ထဲလာလာနေတာကို မကြိုက်။ တစ်ဖက်အိမ်ကဒေါ်သန်းရင်ကို ပြောပြပြီးရင်ဖွင့်သည်။ ဒေါ်သန်းရင်ဆိုသည်မှာ မယဉ်ကြည် မတင်မွှေးကိုဝင်ပူးစဉ်က ဘေးမှထိန်းပေးသော မိန်းမကြီး ဖြစ်သည်။

“သူလာလာနေတာ မကြိုက်ရင်လည်း ညီးတို့လင်မယား ဒီအိမ် ပြောင်းလာနေလိုက်ပေါ့ စမ်းဆင့်ရယ်၊ အဖေကိုလည်း ပြုစုရတာပေါ့၊ ညီး အဖေမလဲ တစ်ယောက်တည်းဆိုတော့ သနားပါတယ်၊ ညီးယောက်ျားအလုပ် သွားရတာလည်း ဘာဝေးလို့လဲ”

သည်လိုနှင့် ... စမ်းစမ်းဆင့်က ယောက္ခမတွေကိုပြောပြကာ အိမ်ပြောင်းနေဖို့စီစဉ်သည်။ ယောက္ခမ များက တစ်ဦးတည်းသောသားဖြစ်ပြီး ပန်းထိမ်ဖိုကို ဦးစီးခိုင်းနေရပြီမို့ သားဖြစ်သူကို သူတို့နှင့်ခွဲမသွားစေချင်။ သို့သော် ... စမ်းစမ်းဆင့်တင်ပြချက်က အကြောင်းလုံလောက်သည်မို့ ခွင့်မပြုချင်ပဲ ခွင့်ပြုလိုက်ရလေသည်။
သို့ဖြင့်.. စမ်းစမ်းဆင့်တို့လင်မယား အဖေ့အိမ်ကိုပြောင်းနေဖို့ စီစဉ်ကြလေသည်။ ချက်ချင်းတော့ဖြင့် မပြောင်းဖြစ်သေး။ နေ့ရွှေ့ညရွှေ့ ဟိုဟာစီစဉ် ဒီဟာစီစဉ်နှင့် ကြာနေသေးသည်။
သည်ကြားထဲမှာ... မတင်မွှေးကလည်း နေ့စဉ် ဟင်းလာပို့၊ ချက်ပြုတ်ပေး၊ အိမ်သန့်ရှင်းရေးလုပ်ပေးနှင့် အဝင်အထွက်ရှိနေခဲ့၏။ ကိုငြိမ်း မောင်လည်း အရင်ကလို ကွမ်းယာဆိုင်မှာ ကျားသွားမထိုးဖြစ်တော့။ ပုတီး စိတ်သည်ဟုအကြောင်းပြကာ ပုတီးကြီးကိုင်ရင်း မတင်မွှေးကိုချည်း ငေး ကြည့်နေမိတတ်လေ၏။
ထိုအတောအတွင်းမှာပင် ... မယဉ်ကြည်၏ဝိညာဉ်က မတင်မွှေးကို နောက်တစ်ခါ ဝင်ပူးခဲ့ခြင်းဖြစ် ပါသည်။


x x x x x x x x x


မတင်မွှေးတို့အိမ်ရှေ့မှာ ဗန်ဒါပင်ကြီးတစ်ပင်ရှိသည်။ အရွက်များနှင့်အုပ်အုပ်ဆိုင်းဆိုင်းရှိပြီး အပင် အောက်တွင် သစ်သားဖြင့် ကွပ်ပျစ်ကလေးရိုက်ထားသည်။ ညနေဆိုလျှင် ထိုကွပ်ပျစ်ပေါ်တွင် လမ်းထဲမှ မိန်းမများ စုဝေးလာထိုင်ကာ စကားပြောတတ်ကြသည်။ ညနေတိုင်း လူစုံသည့်နေရာ လေးတစ်ခုဖြစ်၏။
တစ်ညနေ။ ထိုညနေသည် မယဉ်ကြည်သေဆုံးပြီး ၁၉ ရက်မြောက် ညနေဖြစ်ပါသည်။
မတင်မွှေးသည် လမ်းထဲကမိန်းမလေးယောက်နှင့် ကွပ်ပျစ်ပေါ်ထိုင် စကားပြောနေ၏။ ထိုင်စကား ပြောနေရင်းမှ မတင်မွှေးတစ်ချက်သန်းလိုက်ကာ အသားများတဆတ်ဆတ်တုန်လာလေသည်။ အနား တွင်ဒေါ်သန်းရင်လည်းရှိနေ၍ ဒေါ်သန်းရင်က ချက်ချင်းသဘောပေါက်လိုက်သည်။

“ ဟော  ...ပူးပြန်ပြီ၊ ပူးပြန်ပြီ၊ တင်မွှေးကိုပူးပြန်ပြီ”

အခြားမိန်းမများလည်း အလန့်တကြားဖြင့်ဘေးကိုရှဲကုန်ကြသည်။

“ ဟဲ့  ...ဟဲ့  ...ဘယ်သူလဲ၊ အခုဝင်ပူးတာ ဘယ်သူလဲဟဲ့၊ ပြောစမ်း ”

ဒေါ်သန်းရင်က လူတတ်ကြီးလုပ်၍မေးလိုက်သည်။

“ မယဉ်ကြည်  ...မယဉ်ကြည်၊ ကျွန်မ မယဉ်ကြည်၊ ကိုငြိမ်းမောင် ကိုခေါ်ပေး၊ ကိုငြိမ်းမောင်းကို ခေါ်ပေး ”

အခြေအနေကိုနားလည်လိုက်သောမိန်းမတစ်ယောက်က ကိုငြိမ်း မောင်ကို ပြေးခေါ်သည်။
ကိုငြိမ်းမောင်ချက်ချင်းရောက်လာသည်။
မတင်မွှေးက ကိုငြိမ်းမောင်ကိုမြင်သည်နှင့် ငိုတော့သည်။

“ အမလေးကိုငြိမ်းမောင်ရဲ့၊ ကျွန်မမှားပါပြီ၊ ကျွန်မ ရှင့်အပေါ်မှာ နိုင်ခဲ့သမျှ ပြိတ္တာဘ၀မှာ ဒုက္ခခံနေ ရပါပြီကိုငြိမ်းမောင်ရယ်”

“ ဟင်  ...မယဉ်ကြည်၊ ငါ ဘာလုပ်ပေးရမလဲ၊ ပြောပါ မယဉ်ကြည် ”

“ ကျွန်မလေ  ...အခု နေစရာနေရာလေးတော့ရပါပြီ၊ မနှစ်က သေသွားတဲ့ဒေါ်ဘုမကြီးက ကျွန်မသေ ခဲ့တဲ့သစ်ပင်ပေါ်မှာ သရဲဖြစ်နေလို့ ကျွန်မကိုသနားပြီး နေစရာပေးထားတယ်ကိုငြိမ်းမောင်၊ ကျွန်မသေခဲ့တဲ့ သစ်ပင်ကြီးပေါ်မှာပဲ ကျွန်မနေစရာရပါပြီ၊ ဒါပေမယ့်  ...အဟီး  ...ဟီးဟီး ”

“ဘာဖြစ်သလဲမယဉ်ကြည်၊ ငါဘာလုပ်ပေးရမလဲ၊ပြောပါ”

“ အဟီးဟီး  ...ကျွန်မကျွတ်ချင်ပြီ၊ ဒီဘ၀ကကျွတ်ချင်ပြီ၊ သရဲ တစ္ဆေဘ၀မှာ စားရမဲ့သောက်ရမဲ့နဲ့ မနေချင်တော့ဘူး၊ ကျွန်မကို ကျွတ်အောင် လုပ်ပေးပါ ”

“ ဘယ်လိုလုပ်ရမလဲ ”

“ အောင်တော်မူဘုရားမှာ ရွှေသင်္ကန်းဆယ်စိုင်းကပ်ပေးပါကိုငြိမ်း မောင်၊ ဒါဆို ကျွန်မကျွတ်မှာပါ ”

“ စိတ်ချ  ...စိတ်ချပါမယဉ်ကြည်၊ ငါလုပ်ပေးပါ့မယ် ”

“ အမလေး  ...သူတော်ကောင်းကြီး၊ လူ့ဘ၀တုံးက ကျွန်မဆိုးခဲ့ မိုက်ခဲ့တာတွေ ခွင့်လွှတ်ပါတော်၊ ခွင့်လွှတ်  ...ဝါး  ... ”

အချိန်စေ့သွားလို့ထင်သည်။ မတင်မွှေးကိုဝင်ပူးနေသောမယဉ်ကြည်က ဝါးကနဲသမ်းရင်း မတင်မွှေး ကိုယ်ထဲက ထွက်သွားလေ၏။
သရဲထွက်သွားသည်နှင့် မတင်မွှေးက ကွပ်ပျစ်ပေါ်လဲကျသွားကာ မိန်းမတတွေဝိုင်းပြီးနှာနှပ်ယူမှ သတိလည်လာသည်။
မတင်မွှေးက မျက်လုံးကြီးကလည်ကလည်နှင့် ဘေးပတ်ဝန်းကျင် ကိုကြည့်ရင်း  ...

“ ကျွန်မဘာဖြစ်သွားတာလဲဟင်၊ ကျွန်မဘာဖြစ်လို့လဲ ”
ဟု မေးလေသည်။

“ ညီးကို မယဉ်ကြည်ဝင်ပူးတာအေ”

“ ဟင်  ...ပူးပြန်ပြီလား၊ အို  ... ”

မတင်မွှေးက ကြက်သီးမွေးညင်းထဟန်ဖြင့် ပြောလိုက်သည်။

“ ဘာတွေပြောသွားလဲဟင်၊ ဘာတွေပြောသွားလဲ”

“ သူ့ကိုကျွတ်အောင်လွတ်အောင် အောင်တော်မူဘုရားမှာ ရွှေ သင်္ကန်းကပ်ပေးပါတဲ့၊ မှာသွားတယ် ”

“ အို  ...ဖြစ်ရလေမမကြည်ရယ်၊ အစ်ကိုကြီး၊ မမကြည်ပြောသလို ရွှေသင်္ကန်းကပ်ပေးလိုက်ပါ အစ်ကိုကြီးရယ်  ...နော်၊ အမွှေး မမကြည် ကို သနားလွန်းလို့ပါ ”

“ အစ်ကိုကြီး သူမှာသလိုလုပ်ပေးမှာပါ မတင်မွှေး၊ ခုညပဲ  ... အောင်တော်မူဘုရားကိုသွားပြီး ရွှေသင်္ကန်းကပ်လိုက်မယ်၊ သူ့ကိုလည်း အမျှ ဝေလိုက်ပါ့မယ် ”

“ ကောင်းပါလေ့အစ်ကိုကြီးရယ်၊ ဪ  ...မမကြည်  ...မမ ကြည်၊ လူ့ဘ၀တုံးကဆိုးသမျှ ဘ၀ခြားမှ နောင်တရနေရှာတယ်နော်၊ ဖြစ်မှ ဖြစ်ရလေမမကြည်ရယ်  ... ”


x x x x x x x x x

ကိုငြိမ်းမောင်က အောင်တော်မူဘုရားကို ညတွင်းချင်းသွားပြီး ရွှေသင်္ကန်းကပ်ပေးသည်။ ပြုသမျှ ကုသိုလ်ကိုလည်း မယဉ်ကြည်ကိုရည်ရွယ် ကာ အမျှပေးဝေလိုက်၏။
နောက်တစ်နေ့မှာ မတင်မွှေးဟင်းလာပို့တော့ ကိုငြိမ်းမောင်က ထိုအကြောင်းကိုပြောပြလိုက်သည်။

“ ကောင်းပါတယ် အစ်ကိုကြီးရယ်၊ မမကြည်မှာသလို အစ်ကိုကြီး ကလုပ်ပေးတော့ မမကြည်လည်း ကျွတ်လွတ်သွားမှာပါ၊ ဪ မမကြည်၊ မမကြည်၊ လူ့ဘ၀တုန်းကလုပ်ခဲ့တဲ့အမှားတွေကို ပြိတ္တာဘ၀ရောက်မှ နောင်တ ရနေရှာတယ်နော်၊ ဖြစ်မှဖြစ်ရလေမမကြည်ရယ်၊ အစ်ကိုကြီးလုပ်ပေးတဲ့ ကုသိုလ်ကောင်းမှုတွေကြောင့် မမကြည် ပြိတ္တာဘ၀ကလွတ်ပါစေရှင် ”


x x x x x x x x x

စမ်းစမ်းဆင့်က သဘက်ခါတွင် သူတို့လင်မယား ဤအိမ်ပြောင်းလာနေမည်ဆိုသည့်အကြောင်းကို မတင်မွှေးအိမ်ရောက်နေစဉ် မတင်မွှေး ရှေ့မှာ အဖေဖြစ်သူကိုပြောလိုက်သည်။

ထိုညနေတွင်  ...ကိုငြိမ်းမောင်က တစ်ဖက်အိမ်မှ မတင်မွှေးကို ခဏလာပါဦး”
ဟု လှမ်းခေါ်လိုက်၏။
မတင်မွှေးရောက်လာတော့  ...

“ အစ်ကိုကြီး စိတ်ကူးတစ်ခုလို့မတင်မွှေး ”

“ ဘာများလဲအစ်ကိုကြီးရယ် ”

“ အစ်ကိုကြီးရွှေသင်္ကန်းကပ်ပေးလိုက်တာ မယဉ်ကြည်ကျွတ်သွား ပြီလားဆိုတာ သိချင်လို့ပါ ”

“ သူပြောသလိုလုပ်ပေးတော့ ကျွတ်လွတ်သွားလောက်ပါပြီအစ်ကို ကြီးရယ် ”

“ အကိုကြီးက သေသေချာချာသိချင်တာကွဲ့၊ ဒါကြောင့် အကိုကြီးတစ်ခုစီစဉ်ထားတယ်၊ မတင်မွှေး ကို အကူအညီတောင်းမလို့ ”

“ ရှင်  ...အစ်ကိုကြီး ”

“ ဒီလိုလေ  ...မယဉ်ကြည်နေတယ်ဆိုတဲ့ သစ်ပင်ကြီးနားကိုသွား ကြည့်ချင်တယ် ”

“ ကြောက်စရာကြီးအစ်ကိုကြီးရယ် ”

“ ကြောက်စရာမလိုပါဘူးကွယ်၊ အစ်ကိုကြီးပါသားပဲ ”

“ ရှင်  ...အမွှေးက လိုက်ခဲ့ရမှာလား ”

“ မတင်မွှေးပါလိုက်ခဲ့မှ သူကျွတ်သွားပြီလား၊ သစ်ပင်ပေါ်မှာပဲ သရဲတစ္ဆေအနေနဲ့ရှိသေးသလားဆိုတာ သိရမှာပေါ့မတင်မွှေး”

“ ဘယ်လိုများလဲအစ်ကိုကြီးရယ် ”

“ ဒီလိုလေ  ...မယဉ်ကြည်က မတင်မွှေးကိုဝင်ပူးတာ နှစ်ခါရှိပြီ မဟုတ်လား၊ မတင်မွှေးနဲ့ မယဉ်ကြည် နဲ့က ရင်းနှီးနေပြီ ”
“ အမလေး  ...အစ်ကိုကြီးကလည်း ပြောလိုက်တာ ”

“ အစ်ကိုကြီးဆိုလိုတာက မယဉ်ကြည်ဝိညာဉ်က မတင်မွှေးကိုယ် ထဲကို နှစ်ခါတောင်ဝင်ပူးပြီးပြီဆိုတော့  ...မတင်မွှေးကိုတွေ့ရင် သူဝင်ပူးဖို့ လွယ်တယ်လေ၊ ဒါကြောင့်  ...သူနေတယ်ဆိုတဲ့ အပင်ကြီးနားကိုသွားကြည့် မယ်၊ မတင်မွှေးလိုက်ခဲ့၊ သူရှိသေးရင် မတင်မွှေးကို ဝင်ပူးမှာပေါ့၊ မပူးရင် သူကျွတ်လွတ်သွားလို့ပဲ မှတ်ရမှာပေါ့ ”

“ ကြောက်စရာကြီးအစ်ကိုကြီးရယ်၊ မမကြည် အမွှေးကိုဝင်ပူးခဲ့ တာတွေက အမွှေးမသိပဲ အမှတ် မထင်ဝင်ပူးတာ၊ အခုလို  ...အပူးခံဖို့ တမင်သက်သက် သရဲရှိတဲ့နေရာကိုသွားရမယ်ဆိုတာတော့ ကြက်သီးထ စရာကြီး၊ ကြောက်ပါတယ်အစ်ကိုကြီးရယ် ”

မတင်မွှေးက ကြက်သီးထဟန်ဖြင့် ပခုံးလေးကိုကြုံ့ပြီးပြောသည်။

“ အစ်ကိုကြီးပါသားပဲ၊ ဘာကြောက်စရာရှိသလဲ၊ အစ်ကိုကြီးက သူတကယ်ကျွတ်သွား-မသွား သိချင်လို့ပါ၊ အစ်ကိုကြီးကိုကူညီပါကွယ်၊ မတင် မွှေးကူညီမှပဲဖြစ်မှာလေ ”

“ အို  ... ”

“ စဉ်းစားမနေပါနဲ့မတင်မွှေးရယ်၊ မိုးမချုပ်ခင် အခုပဲသွားကြရအောင်ပါ”

“ အို  ...ချက်ချင်းကြီးသွားမလို့လား”

“ ဟုတ်တယ်၊ စက်ဘီးနဲ့သွားရင်မကြာပါဘူး ”

“ အို  ...အစ်ကိုကြီးနဲ့အတူတူ စက်ဘီးစီးပြီး ဒီလမ်းထဲကမထွက် ရဲပါဘူး၊ သူများကဲ့ရဲ့စရာဖြစ်မှာပေါ့ ”

“ ဒါဖြင့်လည်း  ...ရပ်ကွက်ထိပ်က ဘောလုံးကွင်းကြီးနားက စောင့်နေလေ၊ အစ်ကိုကြီးစက်ဘီးနဲ့လိုက် လာခဲ့မယ်၊ အဲဒီရောက်မှစက်ဘီး ပေါ်တက်ပေါ့”

“ အို  ...အစ်ကိုကြီးပူဆာလို့သာ အမွှေးလိုက်ရမှာ၊ သရဲရှိတဲ့နေရာသွားရမှာ အမွှေးဖြင့် ခပ်ကြောက် ကြောက်ပဲအစ်ကိုကြီးရယ်”


x x x x x x x x x

မတင်မွှေးက ကိုငြိမ်းမောင်ခိုင်းသလို ဘောလုံးကွင်းနားက ရပ်စောင့်နေ၏။ ကိုငြိမ်းမောင်ရောက်လာတော့ စက်ဘီးနောက်ခုံမှာတက်ထိုင် ပြီးလိုက်လာသည်။
ကိုငြိမ်းမောင်က အလယ်တန်းကျောင်းဘေးက မယဉ်ကြည် အနားယူရင်း သေဆုံးခဲ့သည့် သစ်ပင်ကြီးအောက်အထိ စက်ဘီးကိုနင်း သွားလေသည်။

“ အို  ...အစ်ကိုကြီး၊ အပင်အောက်ရောက်တဲ့အထိ တန်းလာတာ ပဲ၊ အခြေအနေကိုကြည့်ပါဦးတော့ ”

“ အခြေအနေက ဘာမျှမမြင်ရပဲမတင်မွှေးရဲ့၊ သရဲတစ္ဆေဆိုတာ ကိုယ်ကမြင်ရတာမှမဟုတ်တာ၊ သူတို့ကသာကိုယ့်မြင်ရတာ၊ သူရှိသေးရင် မတင်မွှေးကိုဝင်ပူးလိမ့်မပေါ့ ”

“ အပင်ကြီးအောက်မှာ တိုးတိုးပြောပါအစ်ကိုကြီးရယ်၊ အမွှေး ကြောက်လွန်းလို့ပါ ”

တကယ်လည်း ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။ ဈေးကြီးကို ရောက်ဖို့ အလယ်တန်းကျောင်း ဘေးက ဖြတ်သွားရသည်။ နေဝင်စအချိန် မို့ ဈေးလည်းမရှိတော့၊ ကျောင်းလည်းမရှိတော့။ ပတ်ဝန်းကျင်တစ်ခုလုံး လူသူပြတ်လတ်ကာ တိတ်ဆိတ်နေလေ၏။
တကယ်တော့ ... ကိုငြိမ်းမောင်ကလည်း သူ့မှာအကြံရှိသည်မို့ မတင်မွေးကို ဒီနေရာအထိ ရောက်အောင်ခေါ်လာခဲ့ခြင်းဖြစ်ပါသည်။

“ ဘာကိုကြောက်တာလဲအမွှေးရဲ့”

“ မမကြည်က သူ  ...ဒီအပင်ပေါ်မှာနေတယ်လို့ ပြောသွား တယ်ဆို၊ ပြီးတော့  ...တခြားသရဲတွေလည်း ရှိသေးတယ်ဆို၊ ဒေါ်ဘုမ ကြီး  ...အို  ...ဟင်  ...ဝါး  ... ”

မတင်မွှေးက စကားကိုဆုံးအောင်ဆက်မပြောနိုင်ပဲ ဝါးကနဲသမ်း လိုက်သည်။ ခန္ဓာကိုယ်က တဆတ် ဆတ်တုန်လာသည်။
မတင်မွှေးသရဲပူးတာ နှစ်ခါမြင်ဖူးထားသည်မို့ ကိုငြိမ်းမောင်က မယဉ်ကြည်ဝင်ပူးပြီဆိုတာ သိလိုက် သည်။

“ မယဉ်ကြည်  ...မယဉ်ကြည်လား၊ မင်းလုပ်ခိုင်းတဲ့အတိုင်း ငါ အောင်တော်မူဘုရားမှာ ရွှေသင်္ကန်း ကပ်ပြီးပြီမယဉ်ကြည်၊ မင်းကိုလည်း အမျှဝေလိုက်တယ်၊ မင်း မသိရဘူးလား”

“ ကျွန်မသိပါတယ်ကိုငြိမ်းမောင်၊ ရှင်ပေးတဲ့အမျှကိုကျွန်မရပါတယ်၊ ကျွန်မလည်း ကျွတ်တော့မှာပါ၊ ဆိုင်ရာပိုင်ရာတွေက ကျွန်မကို ဒီနေရာက ထွက်ခွင့်ပေးလို့ ကျွန်မအခုပဲ သွားတော့မလို့ပါ ”

“ ဪ  ... ”

“ ရှင်ရောက်လာတာ ဝမ်းသာလိုက်တာ၊ ကျွန်မအတွက် ကုသိုလ်ကောင်းမှုလုပ်ပေးတာ ရှင့်ကိုကျေးဇူး တင်ပါတယ်၊ ကျွန်မရှင့်အပေါ်မှာ ဆိုးခဲ့ တာတွေကို ခွင့်လွှတ်ပါနော်”

“ ခွင့်လွှတ်ပါတယ်မယဉ်ကြည်ရယ် ”

“ ရှင်ပြုပေးတဲ့ကုသိုလ်ကြောင့် ကျွန်မ ကောင်းတဲ့ဘ၀တစ်ခုကို ကူးရတော့မယ်၊ ကျွန်မကို သွားခွင့်ပြုပါတော့နော် ”

“ နေပါဦး၊ ခဏနေပါဦး မယဉ်ကြည်၊ ငါ မင်းဆီက ခွင့်တောင်း စရာရှိလို့ ”

“ဟင်  ... ဘာများလဲ”

“မင်းမရှိတဲ့နောက် ငါ့မှာ နေရထိုင်ရတာ ဒုက္ခသိပ်များတယ် မယဉ်ကြည်၊ ငါ့ကိုနောက်အိမ်ထောင်ပြု ခွင့်ပေးပါ”

“ ဟင်  ...ရှင်ဘယ်သူ့ကိုယူမလို့လဲ ”

“ တခြားမဟုတ်ဘူးမယဉ်ကြည်၊ ငါယူမယ့်မိန်းမက မင်းဝင်ပူး နေတဲ့ ဟောဒီမတင်မွှေးပဲ ”

အဲဒီလိုလည်းပြောလိုက်ရော သရဲဝင်ပူးနေတဲ့မတင်မွှေးမျက်လုံးတွေက လက်သွားသလိုပဲ။ သရဲပူးနေ ရက်တန်းလန်းမှ ကိုငြိမ်းမောင်ကို မော်ကြည့်လိုက်သေးသည်။

“ ဟင်  ...မတင်မွှေး၊ ဟုတ်လား ”

“ ဟုတ်တယ်၊ တို့အိမ်ဘေးက အပျိုကြီးမတင်မွှေးလေ၊ အခုလည်း သူပဲငါ့ကိုလာပြီး ကူညီလုပ်ကိုင် ပေးနေလို့ ငါသက်သက်သာသာနေရတာ၊ အဲဒီတော့  ... ငါ့ကိုမတင်မွှေးနဲ့ အိမ်ထောင်ပြုခွင့်ပေးပါ မယဉ်ကြည် ”

“ ဪ  ...ဒီလိုလား၊ မတင်မွှေးနဲ့ဆိုရင်တော့ ကျွန်မသဘောတူပါတယ်
ကိုငြိမ်းမောင်ရယ်၊ စိတ်လည်း ချတယ်၊ မတင်မွှေးက တစ်သက်လုံး ဗိုင်းကောင်းကျောက်ဖိနေလာတဲ့ မိန်းမကောင်းလေးတစ်ယောက်ပါ ”

“ ဟုတ်တယ်  ...ဟုတ်တယ်”

“ အိမ်မှုကိစ္စလည်းနိုင်နင်းတယ်၊ မိန်းမလည်းပီသတယ်၊ အပျိုစစ် စစ်ကလေး တစ်ယောက်လည်းဖြစ် တယ်၊ မတင်မွှေးနဲ့ဆိုရင် ရှင့်ကိုကျွန်မ စိတ်ချပြီ၊ ယူပါကိုငြိမ်းမောင်  ... ယူပါ ”

“ ဝမ်းသာလိုက်တာမယဉ်ကြည်ရယ်”

“ ကျွန်မ  ...ကျွန်မ သွားတော့မယ်နော်၊ ရှင့်ကို နှုတ်ဆက်ခဲ့ ပါတယ်  ...ဝါး  ... ”

သရဲထွက်အသွားတွင် မတင်မွှေးကတစ်ချက်သမ်းလိုက်ရင်း ခန္ဓာကိုယ်ကပျော့ခွေသွားသည်။
ကိုငြိမ်းမောင်က မတင်မွှေးကိုယ်ကို ဖမ်းထိမ်းထားလိုက်ရ၏။ မတင်မွှေးတစ်ကိုယ်လုံးက ကိုငြိမ်းမောင် ရင်ခွင်ထဲတွင် မှီထားရက်သားဖြစ် နေလေသည်။

“ အမွှေး  ... အမွှေး  ... သတိရရဲ့လား၊ သတိရရဲ့လားဟင် ”

ကိုငြိမ်းမောင်က မတင်မွှေးမေးစေ့လေးကို ကိုင်လှုပ်ရင်းမေးလိုက် သည်။
ထိုအခါမှ မတင်မွှေးက မျက်တောင်လေးကို မှေးစင်းထားရာမှ တဖြည်းဖြည်း ဖွင့်ကြည့်လိုက်လေသည်။

“ အို  ...အစ်ကိုကြီး၊ သူ ဝင်ပူးသွားပြန်ပြီလား၊ မမကြည် အမွှေးကိုဝင်ပူးပြန်ပြီလားဟင် ”

“ ဟုတ်တယ်အမွှေး ”

“ အို  ... ”

မတင်မွှေးက သူ့တစ်ကိုယ်လုံး ကိုငြိမ်းမောင်ရင်ခွင်ထဲရောက်နေသည်ကိုသိကာ ရှက်ဟန်ဖြင့် ရုန်း ထွက်လိုက်သည်။

“ မမကြည် အမွှေးကိုဝင်ပူးပြန်ပြီ၊ ဒါဖြင့်  ...မမကြည် မကျွတ် လွတ်သေးလို့ပေါ့နော် အစ်ကိုကြီး ”

“ အဲဒီလိုမဟုတ်ပါဘူးကွယ်၊ သူ ကျွတ်လွတ်ခွင့်ရလို့ အခုပဲ ဘ၀ ကူးတော့မလို့တဲ့၊ အစ်ကိုကြီးတို့ အချိန်မီရောက်လာတော့ သူ အစ်ကိုကြီး ကိုနှုတ်ဆက်ခွင့်ရသွားတာပေါ့ ”

“ ဟင်  ...ဟုတ်လား၊ ကျွတ်လွတ်သွားပြီဆိုတော့ ဝမ်းသာစရာပဲ နော် အစ်ကိုကြီး ”

“ သူကျွတ်သွားလို့ ဝမ်းသာစရာတွင် ဘယ်ဟုတ်မလဲကွယ်၊ မယဉ်ကြည်ကို အစ်ကိုကြီးက ခွင့်တောင်းလိုက်တော့ သူက ဝမ်းသာအားရ ခွင့်ပြုသွားတယ်လေ ”

“ ဘာကိုလဲအစ်ကိုကြီး ”

မတင်မွှေးက နားမလည်ဟန်ဖြင့်မေးလိုက်သည်။

“ အစ်ကိုကြီးက  ...အစ်ကိုကြီး အမွှေးကိုအိမ်ထောင်ပြုဖို့ မယဉ်ကြည်ဆီမှာ ခွင့်တောင်းလိုက်တာလေ၊ မယဉ်ကြည်က အမွှေးနဲ့ဆိုရင် သူစိတ်ချတယ်တဲ့၊ သဘောတူတယ်တဲ့၊ ပြောသွားတယ်အမွှေး ”

“ အို  ...အစ်ကိုကြီး၊ အမွှေးနဲ့အစ်ကိုကြီးနဲ့ ဘာဆိုင်လို့လဲ၊ ဘာလို့ အဲဒီလိုခွင့်တောင်းလိုက်ရတာ လဲအစ်ကိုကြီးရယ် ”

“ အစ်ကိုကြီးက အမွှေးကိုချစ်နေလို့ပေါ့ကွယ် ”

“ ဟယ်  ...အစ်ကိုကြီး၊ မတော်ပါဘူးအစ်ကိုကြီးရယ် ”

“ဘယ့်နှယ်မတော်ရမှာလဲကွဲ့၊ အစ်ကိုကြီးက အမွှေး မိန်းမပီသတာ ယဉ်ကျေးသိမ်မွေ့တာတွေ ကြည့်ပြီး ချစ်နေမိပြီ၊ ဒါကြောင့်  ...တစ်ချက် ခုတ် နှစ်ချက်ပြတ်ဆိုသလို မယဉ်ကြည်အဖြစ်ကိုလည်း သိရအောင်လာရင်းကို တစ်ခါတည်းဖွင့်ပြောပြီး ခွင့်တောင်းလိုက်တာလေ ”

“ ဟင်  ...ကြည့်စမ်း၊ အမွှေးကိုတော့ ဘာမျှဖွင့်မပြောသေးပဲနဲ့ မမကြည်ဆီကခွင့်တောင်းတယ်၊ အစ်ကိုကြီးသိပ်ဆိုးတာပဲ”

“ မဆိုးပါဘူးကွယ်၊ မယဉ်ကြည်က သေချာပြောသွားတာကွဲ့၊ မတင်မွှေးက မိန်းမကောင်းလေး၊ ဗိုင်းကောင်းကျောက်ဖိလေးတဲ့၊ မတင်မွှေး နဲ့ဆို အစ်ကိုကြီးကိုစိတ်ချတယ်တဲ့ ”

“ အို  ...ရှက်စရာကြီး”

“ ဒါ ရှက်စရာမဟုတ်ပါဘူးကွယ် ”

“ အို  ...အစ်ကိုကြီး၊ ဖယ်ပါ၊ ဒီသစ်ပင်ကြီးအောက်မှာ ဒါမျိုး မနေရဲပါဘူး၊ သရဲတစ္ဆေတွေရှိတယ်ဆို၊ ကြောက်တယ်၊ ပြန်ကြရအောင်ပါ ”

“ ကဲ  ...ပြန်မယ်ဆိုရင်လည်း စက်ဘီးပေါ်ကိုတက် ”

ထိုညက  ...ညမိုးချုပ်မှ နှစ်ယောက်အတူစက်ဘီးစီးရင်း ပြန်လာ ကြသည့် ကိုငြိမ်းမောင်နှင့်မတင်မွှေးကို တစ်လမ်းလုံးက အံ့ဩစွာမြင်တွေ့ လိုက်ကြရလေသည်။


x x x x x x x x x

နောက်တစ်နေ့တွင် ကိုငြိမ်းမောင်က ရပ်ကွက်လူကြီးများနှင့် ရပ်မိရပ်ဖများကို အိမ်ကိုဖိတ်ကြားကာ သူနှင့်မတင်မွှေး အိမ်ထောင်ပြုတော့ မည့်အကြောင်းဖွင့်ပြောလိုက်သည်။ တစ်ဆက်တည်းပင် လက်ဘက်ရည် ဆိုင်မှ မုန့်နှင့်လက်ဘက်ရည်မှာကာ မင်္ဂလာပွဲလေးကို အကျဉ်းရုံးလုပ်လိုက် လေ၏။
မတင်မွှေးဖက်က အမေတစ်ယောက်သာရှိသည်။ အမေကြီးကလည်း အသက်ကြီးပြီ။ ဘာမဆို သမီးသဘောမို့ ဘာမျှမကန့်ကွက်ပဲခွင့်ပြုရှာသည့်အတွက် မင်္ဂလာပွဲက မြန်မြန်ဆန်ဆန်နှင့်အလွယ်တကူ ပင်ပြီးမြောက် သွားလေ၏။
မနက်ဖြန်ပင် အိမ်ပြောင်းလာရန်ပြင်ဆင်နေသောစမ်းစမ်းဆင့်သည် ထိုသတင်းကိုကြားကာ မယုံ တစ်ဝက် ယုံတစ်ဝက်ဖြင့် အိမ်ကိုအပြေး ရောက်ချလာလေသည်။

“ သမီးစမ်းစမ်းဆင့်၊ ဟောဒီမှာ သမီးရဲ့အန်တီမွှေးက ဖေဖေ့ကို ပြုစုဖို့ အိမ်ကိုအပြီးလာနေတော့မှာကွဲ့၊ သမီးတို့လင်မယားပြောင်းလာစရာ မလိုတော့ဘူး၊ သမီးယောက္ခမတွေအိမ်မှာပဲ နေမြဲအတိုင်းဆက်နေပေတော့ ”

စမ်းစမ်းဆင့်က ငိုရှိုက်ရင်း အိမ်ထဲမှပြေးထွက်သွားလေသည်။


x x x x x x x x x

ကိုငြိမ်းမောင်နှင့်မတင်မွှေး မင်္ဂလာဆောင်ပြီး ငါးရက်အကြာတွင်  မယဉ်ကြည်ကွယ်လွန်တာ တစ်လပြည့် သည်။
ထုံးစံအတိုင်း တစ်လပြည့်ဆွမ်းသွပ်ပွဲကို အိမ်မှာပြုလုပ်ခဲ့သည်။
လူရှေ့သူရှေ့မှာ မတင်မွှေးကို မယဉ်ကြည်နှစ်ခါဝင်ပူးခဲ့ပြီမို့ လလည်နေ့မှာ ဝင်ပူးနေဦးမလားလို့ အားလုံးက စောင့်ကြည့်နေကြသည်။ ဆွမ်းသွပ်ပွဲပြီးလို့ ဘုန်းကြီးတွေပြန်ကြွသွားတဲ့အထိ ဘာမျှမထူးခြား။ ဝင် မပူးခဲ့ပေ။
သည်တော့လည်း ... ရွှေသင်္ကန်းကပ်ပေးလိုက်တဲ့ ကုသိုလ်ကြောင့် မယဉ်ကြည် ကျွတ်လွတ်သွားတာ အမှန်တကယ်ဟု ယုံကြည်လိုက်ရတော့သည်။
ဆွမ်းသွပ်ပွဲအပြီးမှာ ပစ္စည်းများသိမ်းကြဆည်းကြရင်းမှ ... မတင်မွှေးက မယဉ်ကြည်နှင့် ပတ်သက်သော ပစ္စည်းများအားလုံးကို ရှင်းလင်း ပစ်လေသည်။
ဧည့်ခန်းမှ ကိုငြိမ်းမောင်ဓာတ်ပုံနှင့် ယှဉ်ချိတ်ထားသော မယဉ်ကြည် ဓာတ်ပုံကြီးကိုဖြုတ်ကာ  ...
“ စမ်းဆင့်  ...ညီးအမေဓာတ်ပုံ ယူသွားတော့နော်၊ ညီးအမေကို အလွမ်းပြေ ညီးအိမ်မှာချိတ်လို့ ရတာပေါ့အေ ”

မှန်ပေါင်နှင့်ဓာတ်ပုံကြီးကို စမ်းစမ်းဆင့် လက်ထဲထည့်ရင်း ပြောလိုက် သည်။

“ညီးအမေရဲ့တခြားပစ္စည်းတွေလည်း ကြိုက်သလောက်အကုန်သာ ယူသွားပေတော့”

“ကျွန်မ ဘာမျှမလိုချင်ဘူး၊ အမေ့ဓာတ်ပုံရရင် ကျွန်မအတွက် လုံလောက်ပြီ၊ နောင်လည်း ဒီအိမ်ကို ဘယ်တော့မျှမလာဘူး”

စမ်းစမ်းဆင့်က ခြေကိုဆောင့်နင်းကာ အမေ့ဓာတ်ပုံကိုပိုက်ရင်း အိမ်ထဲမှထွက်သွားလေသည်။
မတင်မွှေးက မယဉ်ကြည်ပစ္စည်းများအားလုံးကို အနားရှိလူများအား ပေးပစ်သည်။ အလှူမှာလာကူ နေတဲ့အထဲက မရှိဆင်းရဲသူများကို မယဉ်ကြည်အဝတ်အစားတွေ ဝေပေးပစ်လိုက်သည်။ အတွင်းခံဘော်လီနှင့် ရေလဲထမီပါမကျန် ဝေပေးလိုက်ခြင်းဖြစ်သည်။ ကျောက်ပျဉ်နှင့်သွေးလက်စ သနပ်ခါးတုံးများကိုပါ ယူချင်တဲ့ သူယူကြဆိုကာ စွန့်ကြဲလိုက်လေ၏။
ညနေစောင်းလို့ လူတွေအားလုံးပြန်သွားကြတော့ အိမ်မှာ မယဉ်ကြည်နှင့်ပတ်သက်သည့်ပစ္စည်းဆိုလို့ တစ်ခုမျှပင်မကျန်တော့ချေ။

“ အမွှေး  ...မယဉ်ကြည်ပစ္စည်းတွေကို ဘာဖြစ်လို့ တစ်ခုမကျန် ပေးပစ်လိုက်ရတာလဲကွယ် ”

“ အို  ...အစ်ကိုကြီးက နှမျောလို့လား ”

“ နှမျောလို့မဟုတ်ပါဘူး၊ အမွှေးလုပ်ပုံကိုအံ့ဩလို့ပါ ”

“ သေသူ့ပစ္စည်းတွေမို့လို့ စိတ်မသန့်လို့ပါအစ်ကိုကြီး၊ ပြီးတော့  ... မမကြည်က အမွှေးကို သဝန်တိုစိတ် နဲ့ ခြောက်မှာလှန့်မှာစိုးလို့ပါ ”

“ ကြံကြံဖန်ဖန်အမွှေးရယ်  ...မယဉ်ကြည်က ကျွတ်သွားပြီပဲ၊ ပြီးတော့  ...မယဉ်ကြည်ကိုယ်တိုင် အမွှေးနဲ့အစ်ကိုကြီးကို သဘောတူပါ တယ်လို့ပြောခဲ့တာပဲ ”

“ ဟင်  ...ဟုတ်လား ”

“ ဟုတ်တယ်လေ၊ အမွှေးနဲ့ဆိုစိတ်ချတယ်၊ အမွှေးက မိန်းမပီသတဲ့မိန်းကလေးလို့ အမွှေးရဲ့ဟောဒီ ပါးစပ်ကလေးနဲ့ ပြောခဲ့တာလေ၊ မမှတ်မိတော့ဘူးလား ”

“အို  ... ပူးနေတုံးအချိန်မှာ မမကြည်ဘာတွေပြောသွားတယ်ဆိုတာ အမွှေးမှမသိပဲဟာကို”


x x x x x x x x x


နွေတမာန်

၂၀၁၀ခုနှစ်၊ မတ်လထုတ်၊ သည်းထိတ်ရင်ဖိုမဂ္ဂဇင်း…. မှ






0 comments: