သူငယ်ချင်းသို့ပေးစာ- ၁



မှန်တဲ့အလုပ်ကိုလုပ်ရာမှာ မလိုအပ်တာတွေကိုတော့ ငဲ့ကွက်မနေပါနဲ့။

သူငယ်ချင်းရေ …

ဒီစကားကိုကြားတော့ မင်းစိတ်ထဲဘ၀င်ကျချင်မှကျလိမ့်မယ်။ ဒါပေမင့် မလိုအပ်တာတွေကို ငဲ့ကွက်နေရင် မှန်တဲ့အလုပ်ကို လုပ်ရာမှာ နှောင့်နှေးနေလိမ့်မယ်။ ဒီစကားနဲ့စပ်လျဉ်းပြီး ငါ့ရဲ့ကိုယ်တွေ့ဖြစ်ရပ်ကလေးတစ်ခု မင်းကိုဖောက်သည်ချရဦး မယ်။
တစ်ခါတုန်းက ငါဟာအလုပ်ကိစ္စတစ်ခုနဲ့ ဆရာတော်အရှင်ဆေကိန္ဒသီတင်းသုံးရာကျောင်းဆီကိုရောက်ခဲ့တယ်။ အကြောင်းရင်းက ရုံးကအသံဖမ်းအင်ဂျင်နီယာတွေမအားကြလို့ ငါကသူတို့အစားလိုက်ပေးရတာ။ ကလေးတွေအတွက် အသံလွှင့်အစီအစဉ်လေးတစ်ခုမှာ ထည့်သွင်းမဲ့ ဆရာတော်ရဲ့ ဆုံးမသြ၀ါဒတွေကို အသံမှတ်တမ်းဖမ်းယူဖို့ပေါ့ကွာ။ ဆရာတော်ကလည်း လူငယ်တွေအပေါ်မှာ မေတ္တာတရားကြီးမားပြီး ဦးစားပေးသွန်သင်လေ့ရှိတော့ အချိန်ပေးပြီး ကျကျနန ကို ဟောပြောသွန်သင်ပါတယ်။ ငါလည်း အသံဖမ်းယူရင်း မှတ်သားစရာတွေကို ကြားနာရတာပေါ့ကွာ။ အဲဒီလိုနဲ့ ကိစ္စ၀ိစ္စတွေပြီးလို့ပြန်မယ်လုပ်တဲ့အခါ အချိန်ကအတော်ကိုလင့်နေပြီ။ ကျန်တဲ့အဖွဲ့သားတွေနဲ့ ကလေးတွေက အလော တကြီးပြန်ချင်နေကြပြီ။ ငါက အသံဖမ်းစက်ကိုသိမ်းနေတယ်။ ဖြန့်ကျဲထားလို့ ရှုပ်နေတဲ့ကြိုးတွေကိုရှင်းပြီးခွေရတာဆိုတော့ နည်းနည်းကြာနေတာပေါ့ကွာ။ ကြာလည်း ဒီလိုပဲစနစ်တကျသိမ်းရမှာလေ။ ဒါပေမဲ့ ကျန်လူတွေကလည်း ပြန်ချင်နေကြပြီ ဆိုတော့ သူတို့ကိုအားနာတဲ့စိတ်နဲ့ စနစ်တကျမသိမ်းလည်းရပါတယ်လေဆိုတဲ့အတွေးနဲ့ အိတ်ထဲကိုလုံးထည့်လိုက်မိ တယ်။ ဒါကို ဆရာတော်ကမြင်တော့ ငါ့ကို “ သား …အဲသည်လိုမလုပ်ရဘူး။ ပြီးအောင်လို့ သေသေသပ်သပ်ရှင်းလိုက်ပါ။ ကလေးတွေရှေ့မှာ အဲသည်လိုလုပ်လိုက်ရင် သူတို့အတွက် မကောင်းတဲ့အကျင့်ကြီးကိုပေးလိုက်တာဖြစ်သွားမယ် ” တဲ့။ ဖြစ်ရပ်ကလေးကတော့ ဒါပါပဲကွာ။ ဆရာတော်ရဲ့ဆုံးမစကားနဲ့အတူ ငါလုပ်ရမဲ့ကိစ္စကို  သေချာပြီးစီးအောင် လုပ်လိုက် ပါတယ်။
သူငယ်ချင်းရေ … လူတိုင်းကိုယ်ကြိုက်တာကို လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိကြပါတယ်။ လူကောင်းတစ်ယောက် အနေနဲ့ ကိုယ်ဘာပဲလုပ်လုပ် ကိုယ့်လုပ်ရပ်ကို တာဝန်ယူရသလို၊ ဖြစ်ပေါ်လာမဲ့ ရိုက်ခတ်မှုအတွက်လည်း ကိုယ့်ပတ်ဝန်း ကျင်ကို ငဲ့ကွက်ကြရမယ်။ ဒါပေမဲ့ မှန်တဲ့အလုပ်ကိုလုပ်ရာမှာ မလိုအပ်တာတွေကိုတော့ ငဲ့ကွက်မနေပါနဲ့။ ငဲ့ကွက်နေရင် မှန်တဲ့အလုပ်ကို လုပ်ရာမှာ နှောင့်နှေးသွားလိမ့်မယ်။ ဒါမှမဟုတ် လုံးဝမလုပ်ဖြစ်တာမျိုး ဖြစ်သွားလိမ့်မယ်။  နောက်တစ်ခု က မင်းတို့ငါတို့တစ်တွေဟာ သဘာဝအတိုင်း အသက်အရွယ်ကြီးရင့်လာကြမှာလေ။ အဲသည့်အခါမှာ ငါတို့ထက်ငယ်ရွယ် နုနယ်တဲ့သူတွေက ငါတို့ကိုကြည့်နေကြမှာပဲ။ အဲသည့်မျက်လုံးတွေရှေ့မှာ ငါတို့ဟာကောင်းမွန်တဲ့ပုံသဏ္ဍာန် ဖြစ်နေ ဖို့လိုတယ်။ သူတစ်ပါးကကိုယ့်ကိုကဲ့ရဲ့ရင် ကိုယ်တစ်ယောက်ပဲခံရတာကိစ္စမရှိပါဘူး။ ဒါပေမင့် ကိုယ့်ကိုကြည့်ပြီး အတုယူ ရင် ယူတဲ့သူကိုပါ ထိခိုက်စေတော့မှာ။ ဒီအချက်ကလည်း ငါတို့အတွက်တွေးတောဆင်ခြင်စရာပါ။
မင်းရဲ့ သူငယ်ချင်း …
ယခုစာစုဖြင့် ဆရာတော် အရှင်ဆေကိန္ဒအား ဦးခိုက်ပူဇော်ပါ၏။

နီဟိန်းအောင်

0 comments: