ခိုတစ်ကောင်ရဲ့  သီချင်း

အချိန်ရမယ်ဆို..
ချစ်ခြင်းမေတ္တာ အကြောင်းပြောပြမယ်
ဥာဏ်ပညာ အကြောင်း ဆွေးနွေးမယ်
စိတ်ဝင်စားတယ်ဆို....
မကျက်သေးတဲ့ ဒဏ်ရာ အချင်းချင်း
လက်သိပ်ထိုး ခွက်ပုန်းခုတ်
တစ်စက်ချင်း..ရီဝေမူးမော
ဘယ်လို..သဘောရပါသလဲ..၊
ကိုယ့် အကုသိုလ် နဲ့ ကိုယ်
ခဏ ခဏ ကျကွဲနေရတာတောင်
အသံမြည်ခွင့် ဆွံ့ အခဲ့ ...
ကြာပြီ...
လူ့ အဖြစ် ရှုံးတယ် ထင်တိုင်း
ဖုန်း ခေါ်ရတာလဲ
မီးခိုးတွေတောင် "အူ" လာပြီ..
မြောက်ကျွန်းသူ ပဒိုင်းပွင့်လေးရေ..
နင်..ရီနေတာလား..၊
အမြှီးမှ မပူသေးခင်
ခေါင်း..ပျောက်တဲ့  စရိုက်
အဆီ တ၀င်းဝင်း  ဖျတ်ဖျတ်လူး
ကိုယ်ကျင့် တရားများ
တစ်နပ်စာ မြိန်မြန်...ပြန်လာ စရာမရှိသော..ဘ၀ များများ..၊
ပါးစပ်ဟောင်းလောင်းနဲ့ 
သွားကြားထိုးတံ တပွေ့ တပိုက်  ဟန်ရေးပြ
ဖွတ် ကျောပေါ် ထင်းခွေ
ဟီးဟီးထ အရှက်မဲ့  အခိုးလျှံ
နှုတ်ခမ်းစုံပြုံးပြ နှုတ်ဆက်
ကိုယ့်ထက် နိမ့်တာတွေကို
မော့..မော့ ကြည့်နေရတာ  "နာ" တယ်..၊
အသပြာသံ တချွင်ချွင်..
ဝဲဘက် အိပ်ကပ်..ခေါက်ရိုးကျိုးပြားချပ်
တစိမ်းပြင်ပြင်  မျက်နှာ ကျက်ကျက်တွေကြား
အသွေးတူ..အသားတူချင်း..နင်းရတာ  ရွံတယ်..။
ခေါင်းတမော့မော့..လည်တဆန့် ဆန့် 
ချေဖျားစုံထောက် ဆွေ့ ဆွေ့ 
မိုးခါးရေ..တရှိုက်မက်မက် သောက် ချိုး ကြ
၄၀ နှစ်ချို့  သာကြီးကတော့
ညစ်တီးပတ်တတ် ပေလူး
ကိုယ့်တန်ဖိုး ကိုယ် လိုသလိုမြှင့်ကြည့် 
တံတွေးစွန်းဦးကင်း..ကျပ်ပူတိုက်
ခေါင်းငိုက်စိုက် ကိုယ့်ခြေရိပ်ကိုယ်
ကသိုင်းရှု့ 
ဟေ့!!!!! လောက..
ဘ၀ ကို ရေ တစ်ခွက်လို ..မော့ မော့ ပြီး သောက်ချင်တယ်
ငုံ့ ..ငုံ့  နေရ  လွန်းလို့ ...။       ။

သုထက်မှူး


0 comments: