ဆန်ကြည်


သူ့နာမည်“ ဆန်ကြည်” ရပ်ကွက်မှာတော့ သူ့နာမည်ကြားတာနဲ့ ခလေးကော လူကြီးပါ ကြောက်ကြတယ် ။ သူက ချဉ်ပတ်ကြီးပေါ့ အသားက မဲမဲ အရပ်က ၅ပေ ၄ လက်မ လောက်တော့ရှိမယ် ။ ကိုယ်လုံးကိုယ်ထည်က ခပ်တောင့်တောင့် ကျောကုန်း ၊ လက်မောင်း နဲ့ လက်ဖျံတွေမှာဆေးမင်ကြောင်ရုပ်ကြီးတွေ  အပြည့်နီးပါးထိုးထားတယ်။ ဆံပင်က ဂုတ်ထောက် ။ အနီးစပ်ဆုံးပြောရင် လူကြမ်းမင်းသားကြီး ဦးအံ့ကျော်လိုပုံမျိုး။

သူမိုက်တာက နောက်ခံဘက်ဂရောင်းကောင်းတယ်လို့ပြောရမယ်။ အဓိက စပွန်စာပေးတာက သူ့မိန်းမ ဒေါ်သေးသွယ်။ နာမည်ကတော့သေးသွယ် လူကတော့ ထွားတယ်။ ဈေးထဲက ငါးတန်းမှာတော့ သူကဗိုလ်ပဲ။ မွေးထားတဲ့ သားသမီးတွေက ၁၀ ယောက်ကျော်တယ်။ သားတွေကလည်း အဖေခြေရာတစ်ထပ်တည်း ခလေးချင်းရန်ဖြစ်ရင်တောင် သူတို့က ချခဲ့တယ်ဆိုတာကြီးပဲ။ သူတို့ခလေး ခံခဲ့ရရင်တော့များ ငှက်သိုက်ကြီးလို အုပ်လိုက် ချီတက်လာတာများ ကြောက်စရာ၊ ခလေးချင်းကနေ လူကြီးချင်း ရုံးရောက်တဲ့အထိနောက်ပိုင်းကျတော့ သူတို့မိသားစုကို လူတိုင်းကကြောက်ကုန်ကြတယ်။ကြောက်တယ်ဆိုတာထက် အပြောအဆိုတွေက လန့်စရာမို့ထင်ပါတယ်။ အဲ့ကြောက်တဲ့သူတွေထဲ ကျနော်တို့မိသားစုလည်းပါတယ်။

အဲ့လိုကြောက်စရာကောင်းတဲ့ ဆန်ကြည်။  တို့အသိုက်မှာ ကံဆိုးစွာနဲ့ ကျနော်တို့ကခြေရင်းခေါင်းရင်းနေရတဲ့ဘ၀ မနက်စောစော ရန်ဖြစ်ကြ ဆဲဆိုကြ ပြီဆို  တစ်ညလုံးအိပ်မရတော့ပါဘူး ။ ရပ်ကွက်ထဲက လူတွေနဲ့ဖြစ်စရာမရှိရင် သူတို့အချင်းချင်းပြန်ဖြစ်ကြတာပါ။ မနက်စောစော ရန်ဖြစ်ပြီးရင် မိုးလင်းကျ သူတို့ကပြန်ကောင်းသွားကော ပတ်ဝန်းကျင်ကသာ အိပ်ရေးတွေပျက် တစ်ခါခါ သူတို့ကပြောတတ်တယ်။

“ ကိုယ့်ထမင်းကိုယ်စားတာ ဘယ်သူ့ ဂရုစိုက်ရမတုန်း ” တဲ့ ။

အရင်ကတော့ သူ့ကို ပါးစပ်နဲ့ပဲ မိုက်တယ်ထင်ရတာပါ။ နောက်ပိုင်း အပြောတင်မဟုတ်ဘူးဆိုတာ ရပ်ကွက်က လက်ခံလိုက်ရတဲ့ အဖြစ် တစ်ခုကြုံလိုက်ရပါတယ်။ ဆန်ကြည့် နာမည်ခွဲတစ်ခုက ဓားမင်းသားပါ ။ သူက မူးတိုင်း ဓားဆွဲတတ်လို့ သူဓားဆွဲတိုင်း ဆွဲတဲ့သူက သူ့ယောက်ခမ ဖွားခင်သန်း အဲ့အဖွားကြီးက အသက်သာ ၇၀ ကျော် မျက်လုံးတစ်ဖက် ဆွံနေပေမယ့် သူ့သမက် အမူးသမားကိုတော့ အသာလေး ချိုင်းကြားညှပ်ပြီး အိပ်ယာထဲ ဆွဲသွင်းနိုင်တဲ့ အင်အားရှိတယ်။

အဲ့နေ့က အဖွားကြီး ခရီးထွက်သွားတဲ့နေ့၊ ဒေါ်သေးသွယ် ညဈေးထွက်တဲ့ ညနေခင်း ဆန်ကြည်တစ်ယောက် မူးပြီး သူငယ်ချင်းအချင်းချင်းပြသနာဖြစ်တော့ သူဓားနဲ့ ခုတ်လိုက်တာ၊ ခံလိုက်ရတဲ့ ဦးလေးကြီး မျက်နှာမှာ ဓားခုတ်ရာကြီးနဲ့ အဲ့တုန်းက ၆ တန်းကျောင်းသား ကျနော် လိပ်ပြာလွင့်မတတ် ကြောက်သွားလိုက်တာ။ အဲ့ဒီကတည်းက မသိစိတ်ထဲကနေ ဆန်ကြည်ကြီ်းကို လန့်ချက် ညည အိပ်မက်ထဲမှာတောင် ထထယောင်တတ်ပါတယ်။ သူထောင် ၅ နှစ်ကျတော့ သူ့မိန်းမကတော့ အပြုံးမပျက် အေးဆေးပဲ လတိုင်းယောက်ျားဆီထောင်ဝင်စာသွားသွားတွေ့ပါတယ်။ ထောင်ဝင်စာသွားတွေ့ဖို့ အခက်အခဲဖြစ်ရင် အိမ်က မရှိ ရှိတာ ပေါင်လှန်ပြီးသွားတွေ့တတ်တာမျိုး  ဒေါ်သေးသွယ်ကြီးက  သူ့ယောက်ျားကို ဆဲဆိုတာမျိုး လင်မယားနှစ်ယောက်ရန်ဖြစ်တာမျိုး  တစ်ခါမှကိုမတွေ့ဖူးပါဘူး။ ဆန်ကြည်က ကံကောင်းတယ်ပြောရမလားတော့မသိ သူ့ရဲ့ မိုက်ဇတ်အရှိန်နဲ့ ထောင်ထဲမှာတော့ တန်းစီးဆိုလားဖြစ်နေတယ်တဲ့။ အဲ့လိုနဲ့ ဆန်းပြားတဲ့ ဇတ်လမ်းလေးတစ်ပုဒ်တော့ ကြားလိုက်ရသေးထောင်ဝင်စာသွားသွားတွေ့ရင်းနဲ့ ဒေါ်သေးသွယ်ကြီးက ဗိုက်ကလေးပူလာတာပါ။ အော်...ဆန်ကြည်တို့ စွမ်းချက်ပြောပါတယ် ရပ်ကွက်က သြချရတဲ့အဖြစ်။ ကျနော့်အဖွားလေသံနဲ့ပြောရရင်တော့ “ကြုံဖူးပေါင်တော်….”ပေါ့။ ။

သူ့သားကလေးတွေဆိုလည်း ကျောင်းသာမနေရတယ်။ ဖဲရိုက်မလား၊ ဘူကြီးတွဲမလား၊ ထုတ်သတ်ပစ်မလား၊ ဂေါ်လီလှိမ့်မလား ပြိုင်ဘက်ကင်းတွေပါ ။ တစ်ခါတလေ ဖဲမရိုက်တတ်တဲ့ကိုယ် သချာင်္တွက်နေတုန်း ရှိသေးတယ် ဘေးနားက ဆန်ကြည့်သား ဗိုက်ပူဆိုတဲ့ ကောင်လေးက ဘာနဲ့ဘာနဲ့တွဲ ၁-၉-ကုလား ထိတယ် ပြောသွားလိုက်တာများ ဒက်ခနဲ ဒေါက်ခနဲနေတာပဲ အဲဒီနေ့က သူ့ကျေးဇူးနဲ့ တစ်ခါမှမနိုင်ဖူးတဲ့ကိုယ် တော်တော် ခိုင်သွားတယ်။ သူတစ်ဝက် ကျနော် တစ်ဝက်။ ဆန်ကြည် .... ထောင်က ပြန်ထွက်လာတဲ့နေ့သူတို့အိမ်မှာများ မသိရင် ရှေ့တန်းတိုက်ပွဲကနေပြန်လာလို့ ကြိုဆိုကြသလားမှတ်ရတယ်။ ပြန်လာမယ့်မနက်တည်းကနေ ရပ်ကွက်ထိပ်မှာ တစ်မိသားစုလုံး သွားစောင့်နေကြတာ ဆန်ကြည်ကြီးက ပြုံးလို့ရွှင်လို့ အငယ်ဆုံးမလေးကို ချီပိုး ဒါလေးက ထောင်ထဲက သူ့အစွမ်းတွေဆိုတာ ရပ်ကွက်ကိုပြချင်တဲ့သဘော ဆန်ကြည်ထောင်ထဲမှာ ဒေါ်သေးသွယ်က ဘယ်နှယ့် ခလေးရသတုန်းဆိုတဲ့ သို့လော...သို့လော တွေ ကိုသက်သေပြလိုက်တာပေါ့။

ထောင်ကထွက်လာပေမယ့်လည်း မပြောင်းမလဲပါပဲ ကိုယ်တွေ အရက်ဆိုင်ကလေးမှာ သူလာရင် မျက်လုံးတွေပြူးလို့ပေါ့ ။ သူက မသိတဲ့သူကိုလည်း “ ဟေ့...သူငယ်ချင်း ဘယ်လိုလဲကွ တစ်ယောက်တည်းလား ငါ့အရက်တစ်ခွက်တိုက် ” ဆိုတာမျိုးပါ အဲ့တော့ ဆိုင်ရှင်က အရက်သောက်သုံးသးတွေကို အားနာရပြီ။ ဆန်ကြည် တစ်သက်နဲ့တစ်ကိုယ် အရက်နေ့တိုင်းမူးပေမယ့် တစ်ပြားမှ မကုန်ပါဘူး ။ သူက အကြွေးမှတ်ထားလို့ပြောပေမယ့် ရမှာလည်းမဟုတ်တော့ အလှူပဲပေါ့ ။ အစ်မကတော့ “ ငါ့မှာ ပင်ပင်ပန်းပန်း ရောင်းဝယ်ထားရတာ ဒင်းကြီး အကုသိုလ်တစ်မျိုး မောင်မင်းကြီးသား ကျန်းမာပါစေ ချမ်းသာပါစေ” မုဒိတာတွေပွားလို့ ။ အကြွေးမရောင်းတဲ့ အခါကျ မင်းတို့ချမ်းသာတယ်ဆိုတာ ငါ့ခြံတစ်ထွာလောက်ပဲရှိတယ်ကွ မင်းတို့က ဘာလဲကွ ဆိုတာမျိုး ။ သူတို့ခြံကြီးက ရပ်ကွက်မှာတော့ တော်တော်ကိုကြီးပါတယ် နေရာကောင်းပေါ့ မိဘအမွေမို့ သူတို့ကတော့ လုံးဝမရောင်းပါ အဲ့တာလေးတစ်ခုတော့ လေးစားစရာ ။နောက်ပိုင်းတော့ ကိုယ်တွေလည်းမနိုင်လို့ သူ့ကို ထာဝရ ဖရီးသောက်ခွင့်လတ်မှတ် ပေးလိုက်ပါတော့တယ်။ ဆန်ကြည်ကြီး သိပ်ဆိုးတယ်လို့ ပတ်ဝန်းကျင်ကထင်ပေမယ့်သူ့မိန်းမနဲ့သားသမီးတွေကတော့ မထူးဆန်းတော့သလို မူးရင် အိမ်ပြန်တွဲပို့ဖို့အဆင်သင့်  အိမ်ပြန်ရောက်ရင်စားဖို့အဆင်သင့် သူတို့တွေသာဖြစ်သလိုစားရင်စားကြမယ်  ဆန်ကြည်ကြီးအတွက်တော့ အသားဟင်းတစ်ခွက်လောက် တော့ပါအောင်ချက်ထားပေးတတ်ကြတယ်။


အဲ့ဒီလောက် ဆိုးသွမ်းတဲ့ ဆန်ကြည်မှာ ကောင်းကွက်တွေ ရှိသေးတယ်ဆိုရင် သိပ်တော့ ယုံကြည်စရာကောင်းမယ်မထင်။ ဒါပေမယ့် ဒါဟာတကယ်ဆိုတာလည်း တစ်ရပ်ကွက်လုံးက လက်ခံရတဲ့အဖြစ်၊ သူက ၀ါတွင်းဆို အရက်လုံးဝမသောက်ပဲနေတာပါ။ နွေ နဲ့ဆောင်းမှာနေ့တိုင်းနီးပါသောက်တဲ့သူက ၀ါတွင်းကျ ဘုန်းကြီးကျောင်းသွားတယ်ဆိုတာတော်တော်ထူးဆန်းတဲ့အဖြစ်ပဲလေ။ မူးရင်သာ ဟောင်ဖွာဟောင်ဖွာနဲ့ သူက မမူးတဲ့အခါကျ စကားပြောတာလေးကလေပြေတိုးသံလေး။ ခြံဝင်းအကျယ်ကြီးကိုလည်း သန့်ရှင်းရေးလုပ်ထားတာပြောင်လို့ မနက်စောစော တံမြက်စည်းလှည်းခြံထဲက ရွက်လှပန်းပင်းတွေကိုရေလောင်းနေတာတွေ့ရတဲ့ မြင်ကွင်းတွေကတော့ ကျနော်တို့ရပ်ကွက်အတွက် တကယ်ကိုမင်္ဂလာရှိတဲ့ မနက်ခင်းလေးပါပဲ။ သူမူးရင် ကြေက်တတ်တဲ့ကျနော်က  အဲ့တုန်းက ခလေးအတွေးနဲ့တွေးမိခဲ့တာက  “အမြဲတမ်း ၀ါဝင်နေရင်ကောင်းမယ်” လို့ပေါ့ ။ ဟုတ်တယ်လေ  အဲ့ဒါဆို ဆန်ကြည်ကြီး  အရက်မသောက်တော့ဘူး၊   မမူးတော့ဘူး၊ ကြောက်စရာလည်းမကောင်းတော့ဘူးလေ။ သူမမူးရင်  စကားပြောလို့လည်းသိပ်ကောင်းပါတယ်။ သူလူငယ်ဘ၀တုန်းက အတွေ့အကြုံတွေကို ပြန်ပြောပြ  သူ့ဘ၀ရဲ့ စိတ်ဝင်စားစရာဇာတ်ကြောင်းတွေကိုပြောပြတာတွေကလည်း  တကယ်ကို စိတ်ဝင်စားစရာပါ။ ရပ်ကွက်ထဲက နာရေးတိုင်းမှာဆိုလည်း သူ့အရှိန်နဲ့ ထိန်းတတ်ပါတယ်။ တော်ရုံ ဖဲလိမ်ရိုက်မယ့် တစ်ခြားရပ်ကွက်က လူက ဆန်ကြည့်မျက်နှာတွေ့ရင် လှည့်ပြန်သွားရတာမျိုး။ ရပ်ကွက်ထဲမှာ ရစ်သီရစ်သီ လုပ်တဲ့သူမျိုးဆိုရင်တော့ “ ဘာလဲ...မင်းတို့က လူမိုက်တွေလားကွ ” ဆိုရင် မူးနေတဲ့သူတောင် ယိုင်ထိုးထိုးနဲ့ ပြန်သွားရတဲ့အဖြစ်ပါ။

မိုးရာသီမှာ သူက အရက်ပြတ်တော့ မိုးရာသီရပ်ကွက်ပေါင်းစုံ ဘောလုံးပွဲမှာ သူက ရပ်ကွက်ကိုယ်စားနည်းပြ။ သူတို့ခေတ်ကတော့ သူကမြို့နယ်လက်ရွေးစင်ဆိုပဲ။ သူ့ခြေထဲဘောလုံးရောက် ဘယ်သူမှ သွားမလုကြပါဘူးတဲ့။ သူ့သားတွေက အသင်းမှာကန် ဖအေက နည်းပြဆိုတော့ ဇောင်းကိုထလို့ပေါ့။ ပင်တိုင် အားပေးသူအဖွဲ့က သူ့မိန်းမနဲ့ သူ့သမီးတွေ ကိုယ်တွေရပ်ကွက်ဖက်က ခံလိုက်ရရင်များ ဆဲလိုက်တာဆိုတာ မိုးကိုမွှန်လို့ တစ်ခြားသူတွေ နားမခံနိုင်တော့မလိုဖြစ်ရင်တော့ ဆန်ကြည်က “နင်တို့ပါစပ်တွေပိတ်ထားကြစမ်း ” ဆိုရင် တကယ်ပဲ မီးကိုရေနဲ့ဖြန်းလိုက်သလို ရှဲခနဲပဲ။ ဒီလိုနေရာမျိုးတွေကျတော့ ရပ်ကွက်က သူ့ကို အားကိုးရပြန်ကော ဒိုင်က ဘက်လိုက်ရင် ကွင်းထဲသူကိုယ်တိုင်ဝင်လို့ ဒိုင်လူကြီးကို ပိတ်ထိုးတတ်တဲ့ လူစားမျိုး။

သူက တစ်ခါခါ အော်ဂလိဆန်ချင်လောက်အောင် ရွံစရာကောင်းပေမယ့် တစ်ခါခါကျ ချစ်စရာကောင်းတတ်ပါတယ်။ ရပ်ကွက်အတွက်တော့ သူက စည်းရိုးတစ်ခုနဲ့ တူနေပြန်ကော ဘယ်သူပြသနာဖြစ်ဖြစ် သူက လိုက်ဖြေရှင်း အကာကွယ်ပေးတတ်လို့ပါ။ လူဆိုတာ အကောင်းဆိုး ဒွန်တွဲနေတယ်ဆိုတာ သိသာထင်ရှားဖို့ခက်လှတဲ့အရာလို့ ထင်ပါတယ် တစ်ချို့သော ကောင်းကွက်တွေက ပေါ်လွင်ပြီး တစ်ချို့ ဆိုးကွက်တွေက ကျတော့ မမြင်သာတဲ့ သူမျိုးတွေလည်းရှိကြမှာပါ။ ဒါပေမယ့်လို့ ဆန်ကြည့်မှာတော့ ကောင်းကွက်ကော ဆိုးကွက်တွေကော ပြတ်ပြတ်သားသားပေါ်လွင်နေတယ်။ ကျနော်ကတော့ လူဆိုတာ အကောင်း အဆိုး ဒွန်တွဲနေတာပါဆိုတဲ့ ဥပမာ စကားကိုကြားတိုင်း ဆန်ကြည်ကြီးကို သွားပြေးမြင်ယောင်မိပါတယ်။ ညညတွေကျ သူအော်အော် နေကျ စကားတစ်ခွန်း ကြားယောင်မိပါရဲ့ အိပ်မက်ဆိုးလိုတော့ ထမယောင်တော့ပါဘူး။

သူ ထအော်တတ်တာက
“ ဘယ်ခွေးမှ လူမထင်ဘူး  မိုက်ရင်ထွက်ခဲ့ ဆန်ကြည်တဲ့ကွ ” ဆိုတာပါ ။
သူကတော့ အကောင်း အဆိုးတွေ ဒွန်တွဲနေတဲ့ ဥပမာကြီးပါ ။သူကရပ်ကွက်ချဉ်ပတ်ကြီးပေါ့ တစ်နည်း သူက ရပ်ကွက်အချစ်တော်လည်း ဖြစ်ပါရဲ့ သူ့နာမည် ဆန်ကြည် ။


မောင်မျိုး

0 comments: