လွမ်းသူ့ ခေါင်းလောင်းသံ


“No man is island entire of itself;

Every man is a piece of the continent, a part of the main;

If a cold be washed away by the sea, Europe is the less,

As well as if a promontory were,

As well as any manner of thy friends or of thine own were;

Any man’s death diminishes me, because I am involed in mankind.

And therefore never send to know for whom the bell tolls;

It tolls for thee.”

ကိုယ့်စာသင်ခန်းသည် ကဗျာသီချင်းသံတို့ဖြင့် အစဉ် ညံစီနေတတ်သည်။ ကလေးငယ်တို့ကို ကဗျာလေးတွေသင်ကြားပေးရင်း သူတို့နှင့်အတူ သီချင်းကဗျာတွေဆိုနေရခြင်းကို ကိုယ် နှစ်ခြိုက်ကြည်နူးမိသည်။ ကိုယ့်ကျောင်းသားတို့သည်လည်း ဟန်ပန်မူယာ အမျိုးမျိုးနှင့် သီချင်းကဗျာလေးတွေသာ သီဆိုနေရလျှင် မျက်နှာလေးတွေ ချိုရွှင်နေပြန်သည်။ ပြုံးပျော်ရယ်မောနေနိုင်ကြသည်။ သီချင်းကဗျာတွေအပေါ် သူတို့  နှစ်လိုချစ်မက်ကြတာ သိရတော့ ကိုယ် အတိုင်းမသိ ၀မ်းသာကျေနပ်ရပါသည်။

သီချင်းကဗျာကို ချစ်မက်သူသည် နှလုံးသားနူးညံ့လှပသူ ဖြစ်လိမ့်မည်ဟု ကိုယ်ရဲရဲ ယုံကြည်မိပါ၏။

**********
သစ်သီးတန်းမှာ ပန်းသီးအလုံးခပ်သေးသေး၊ လှလှလေးတွေ အလုံးသုံး၊လေးဆယ် ၀ယ်လာမိခဲ့ပြီ။ တရုတ်ဇီးသီးတွေလည်း ပါသေးသည်။ ဟိုမေး၊ သည်စမ်းဖြင့် မဆလာအမှုန့် တစ်ပုလင်းရအောင် စိတ်ရှည်လက်ရှည် ထောင်းထုဖော်စပ်လာ ခဲ့ရသေးသည်။ ကျောင်းမုန့်ဈေးတန်းမှာ အတန်းထဲက မိန်းကလေးသုံး၊ လေးယောက်နှင့်အတူ နေ့လည်မုန့်စားကျောင်းဆင်းချိန် တစ်လျှောက်လုံး ထိုင်ပေးခဲ့ရပြန်သည်။ ပန်းသီးတွေ အခွံသင်ကြ၊ ခွဲစိတ်ထုတ်ပိုးပေးရနှင့် လက်မလည်နိုင်ကြသော်လည်း ဈေးရောင်းရသော အတွေကြုံသစ်မှာ ဆရာ၊ တပည့်တွေ ကြည်နူးပျော်ရွှင်ခဲ့ကြရသည်။ ဒါပေမယ့် ငြူစူစောင်းငဲ့ မျက်ဝန်းတချို့ကို  မျက်နှာရှောင်လွှဲထားရသော ၀ဋ်ဒုက္ခကိုတော့ စိတ်ပျက်စပြုခဲ့ပြီ။

တပည့်တွေက ရောင်းရသမျှ ငွေးကြေးတို့ကို ရေတွက်ကာ ငွေရင်း၊ ကုန်ပစ္စည်းလက်ကျန်၊ အသားတင်အမြတ်ငွေတို့ကို တွက်ချက် အလုပ်ရှုပ်နေကြကာ ပျော်ရွှင်မြူးကြွ နေကြပြန်မြဲ။ သူတို့ ပျော်တော့ ကိုယ်လည်း ကြည်နူးကျေနပ်သည်။ ကိုယ့်ကလေးတွေ လုပ်အားတန်ဘိုးကို နားလည်လာကြမည်။  ကိုယ်တိုင်ရှာကြည့်တော့ ငွေးကြေးဆိုတာ ထင်သလောက် ရှာဖွေရမလွယ်ကူလှတာ သူတို့သိကြမည်။ လိုအပ်တောင့်တသမျှ မညည်းမငြူ ရှာဖွေဖြည့်ဆည်းပေးကြသော အမိ၊ အဖတို့၏ ကျေးဇူးတရားကိုလည်း အကြောင်းတိုက်ဆိုင်လျှင် ပြောပြရဦးမည်။

နောက်တစ်နေ့အတွက် သစ်သီးပြန်ဝယ်ရန် ငွေအရင်းကို ဖယ်ချန်စေလိုက်သည်။ စားပွဲပေါ်ရှိ တိုက်အိမ်ပုံသဏ္ဍာန် စုဗူးစိမ်းစိမ်းလေးထဲသို့ အမြတ်ငွေတချို့ကို ထည့်စေရသည်။ တစ်ယောက်က စုဘူးထဲ အခေါက်လိုက်ဝင်သွားသော ငွေအချို့ကို နေရောင်မှာထောင်ကာ အရိပ်ကိုကြည့်ရင်း ကျေနပ်နေ၏။ သူက အတန်းဘက်သို့ လှည့်ကာ စုဘူးကလေးကိုကိုင်မြှောက်လျှက် ခလောက်ဆန်ပြပြန်လျှင် အတန်းသားအားလုံးက ၀မ်းမြောက်အူမြူးစွာ လက်ခုတ်ဝိုင်းတီးကြပြန်၏။

အောက်တိုဘာလလယ်၊ ပထမနှစ်ဝက် ကျောင်းပိတ်ရက်နီးမှ စုဗူးဖောက်ကြမည်ဟု ဆရာတပည့်တွေ သဘောတူညီထားခဲ့ပြီးပြီ။ အတန်းတွင်း ပညာရည်ချွန်ဆုပေးပွဲကလေးကို အမြတ်ငွေထဲကပဲ သုံးချင်သည်။ ပြီး.. ပုံပြင်စာအုပ်တချို့နှင့် စာစောင်၊ မဂဇင်းအဟောင်းတချို့လည်း သူတို့အတွက် ၀ယ်ပေးချင်သေးသည်။ ဖြစ်နိုင်လျှင် အတန်းပိုင် စာကြည့်တိုက်ကလေး ရှိလာစေချင်သည်။ တခြားအတန်းများက အတုခိုးပြီး လိုက်လုပ်လာကြလျှင် အတန်းတိုင်းမှာ စာကြည့်တိုက်ငယ် ကိုယ်စီရှိလာကြလိမ့်မည်။ သူ့အတန်း၊ ကိုယ်အတန်း စာအုပ်အလဲအလှယ်ပြုကြရင်း  အချင်းချင်း ရင်းနှီးချစ်ကြည်၊ စည်းလုံးလာကြသည့်အခါ စာကြည့်တိုက်ငယ်လေးတွေစုစည်းမိပြီး ကျောင်းစာကြည့်တိုက်ကြီး ဖြစ်လာနိုင်တော့မည်။

စိတ်ကူးတစ်ယဉ်ယဉ်နှင့် ပြဋ္ဌာန်းစာအုပ်ဖွင့်စေလျှင် တက်ကြွမျှော်လင့်တတ်သူတို့က စာအုပ်များကို တဖျတ်ဖျတ်လှန်လှောနေကြပြီ။

“ဒီနေ့ ဆရာမပေးတဲ့ သင်္ချာ ငါးပုဒ်ကို အမှားမရှိပဲ အရင်ဆုံးလာပြနိုင်တဲ့ အုပ်စုကို နက်ဖြန် သစ်သီးတန်းကို ဈေးဝယ်ထွက်ရင် ခေါ်မယ်”

ဟေးခနဲ သံပြိုင်ပြုကြကာ အလုအယက်၊ သူ့ထက်ငါ သင်္ချာပုစ္ဆာတွေကို ကုန်းတွက်နေကြပြန်သည်။

**********
“ဆရာမ လောဘ အနန္တတွေ…”

မကြားတကြား ကွယ်ရာပြောစကားပေမယ့် အကင်းပါသောနားက ကြားဖြစ်အောင် ကြားမိသေးသည်။ သို့သော် ဖက်ပြိုင်ပြောလို့ မဖြစ်နိုင်ကြောင်းတော့ အသိတရားက ဟန့်တားနေပြန်သည်။ ဥာဏ်သမာဓိလည်း မခိုင်တည်လှတော့ တနုံ့နုံတွေးလျှက် စိတ်မကောင်းတော့ ဖြစ်ရသေးသည်ပင်။

တကယ်ဆို ကိုယ့်သားသမီးအပါအ၀င် အတန်း၏ အကျိုးအတွက် သမီးတို့၏ဆရာမက စေတနာသက်သက်ဖြင့် ပြုမူနေတာဟု သူမ သိနားလည်ပေးသင့်ပါသည်။ ကျောင်းဈေးသည်အဖြစ် သူမ ရပ်တည်ခဲ့သော ကာလတစ်လျှောက်လုံး ကိုယ့်နှင့်လည်း အတန်အသင့်တော့ ရင်းနှီးနေခဲ့ဖူးသည်ပင်။ ကလေး၏ ပညာရေးကိစ္စနှင့် ပတ်သက်လို့လည်း ၀င်ထွက်ဆက်ဆံဖူးနေသည် မဟုတ်လား။ ပြီး ကျောင်းသား လေးရာနီးပါးရှိသော ဒီမုန့်ဈေးတန်းကလေးမှာ ကိုယ့်တို့ သစ်သီးဈေးဗန်းကလေး တစ်ဗန်းတလေ တိုးလာရုံနှင့် သူတို့ ရောင်းအားက ထူးခြားသိသာစွာ ထိုးစိုက်ကျဆင်းသွားရမည် မထင်။ သမုဒ္ဒရာရေပါ အစ်မကြီးရယ်ဟုတော့ ပြန်ပြောချင်မိသေးသည်။

“ပြောလည်း ပြောပါစေဟယ်။ တတ်နိုင်ဘူး။ အိမ်က ကျေးဇူးရှင်က ဒီနှစ် ဆယ်တန်းတက်ရပြီလေ။ ဘော်ဒါ မပို့ရကောင်းလားဆိုပြီး ဂဂျီဂဂျောင်ကျနေလို့ မနည်း ချော့မော့ဖြောင်းဖျပြောပြီး အချိန်ပိုင်း ကျူရှင် ပို့ပေးထားရတာ။ စားစရာ မရှိတာ နောက်၊ သူ့ကျူရှင်လခ မှန်မှန်မပေးနိုင်လို့ ဆန္ဒပြပြီး ထင်ရာစိုင်းမှာ ပူနေရတာ”

အစ်မကြီး ဒေါ်သင်းသင်းမြိုင်က ကိုယ်တို့ထက် လုပ်သက် အပုံကြီး ဦးသေးသည်။ သားအကြီးတစ်ယောက်၊ သူ့အောက်မှာ ညီမငယ်နှစ်ယောက်။ အားလုံး ကျောင်းသားချည်းမို့ အိမ် စားရိတ်က မသက်သာလှ။ ခင်ပွန်းသည်ကလည်း ရိုးအေးသည့် ၀န်းထမ်းတစ်ယောက်ဖြစ်နေပြန်သည်။ မိုးလင်းကတည်းက ကျူရှင်သင်ရင်း မျက်နှာသစ်ကာ ကျောင်းချိန်အမီ မုန့်ထုတ်တစ်ဖက်၊ ခြင်းတစ်ဖက်နှင့် ကျောင်းတက်ရသူ ဖြစ်သည်။ ညနေကျောင်းဆင်းလျှင် စာသင်ဝိုင်းသို့ ၀င်ပြန်ကာ ညရှစ်နာရီခွဲလေမှ အိမ်ပြန်ရောက်နိုင်တော့သည်။

အစ်မကြီး၏ အာလူးကြော်ထုတ်၊ ဇီးစပ်ထုတ်၊ နေကြာစေ့၊ ပီကေ၊ သကြားလုံး စသည့် ထွေထွေရာရာ၊ သွားရည်စာလေးတွေက ဘယ်လောက်မှ အမြတ်များများ မကျန်တတ်ပါ။ သို့ပေမယ့် စာနာတတ်သော ကျောင်းသားအများစုက ဆရာမကိုသာ အားပေးကြသည်။ များများရောင်းရတော့လည်း အမြတ်ကလေး မြိုးမျက်သည် ဆိုပါစို့။ သို့ပေမယ့် အရပ်ထဲမှ ၀င်လာရောင်းကြသော ကျောင်းဈေးသည်များက မသိမသာ ငြူစူစောင်းမြောင်းကြသည်နှင့် ကာမိမည် မထင်ပါ။

ကိုယ့်ကျောင်းသူမ၏ မိခင်ကတော့ သူတကာထက် ထူးကဲစွာလန်နေသည် ထင်မိ၏။ ကျိုးကြောင်းသင့် ပြောချင်မိခဲ့ပေမယ့် ကိုယ့်ကိုယ်ကိုယ် အထူးသတိထားနေပါသည်။ ကိုယ့် တပည့်မ၏ မျက်နှာကိုလည်း ထောက်ထားရပါမည်။ မိဘနှင့် ဆရာကြားမှာ စကားခြေတင်ဆိုရလျှင် ကလေးလည်း ကြားက အနေရခက်ရှာမည် ထင်၏။ ကိုယ့်ကလေးတွေ၏ စိတ်မှာ နာကျင်အရိပ်ထင်မည့် အကြောင်းကိစ္စတိုင်းကိုတော့ ကိုယ် အထူးသတိထား ရှောင်ကြဉ်လိုပါသည်။

***********
အတန်းတွင်းမှာ ကျောင်းသား၊ကျောင်းသူချင်း ငြင်းခုန်အော်ဟစ်၊ စကားများရန်ဖြစ်ကြခြင်းသည် ကိုယ်တို့ မူလတန်းကျောင်းကလေးတွေမှာ အဆန်းတကြယ် မဟုတ်ပါ။ သို့သော် ကလေးငယ်တွေ အချင်းချင်း သင့်မြတ်စည်းလုံးကြဖို့ ကိုယ် အခါအခွင့်သင့်တိုင်း ဆိုဆုံးမမှု မလျော့ခဲ့။ သူတို့၏ တစ်ဦးချင်းစိတ်အခြေအနေ၊ ခံစားချက်နှင့် အကျင့်စရိုက်များကိုသာမက မိခင်၊ ဖခင်တို့၏ နောက်ခံပတ်ပတ်ဝန်းကျင်ကိုပါ ကိုယ်က ရတတ်သမျှ စပ်စုတတ်သေးသူ ဖြစ်ပါသည်။ ပတ်ဝန်းကျင်နှင့် မသင့်မမြတ်၊ အသိလွဲ၊ ခံစားချက်လွန်ကဲကာ ရန်လိုချင်သော ကလေးငယ်တွေကို အထူး ဂရုပြုပါသည်။ စာသင်ချိန်ပြင်ပမှာ သီးသန့်တွေ့ဆုံခွင့်ကို သူတို့လေးတွေ မရိပ်မိအောင် ဖန်တီးယူကာ စည်းရုံးဆွဲဆောင် တည့်မတ်နိုင်ဖို့ ကိုယ် အမြဲကြိုးပမ်းခဲ့သည်ပင်။

နေရည်လင်းသည် စူးစွာသော မိခင်နှင့် ခြားနားလှစွာ ရန်လိုတတ်သူကလေး လုံးဝ မဟုတ်ခဲ့ပါ။ ကျောင်းစာမှာ တော်ထူးထက်မြက်သလို အတန်းတွင်း တာဝန်ပေးအပ်မှုတိုင်းတွင်လည်း တက်ကြွ နိုးကြားသူလေးပင်။ ပေါင်းသင်းဆက်ဆံရေးမှာ ပါးနပ်ချက်ချာသလောက် မိဘအပေါ်မှာလည်း လိမ္မာ၊ သိတတ်လှသည် ထင်မိ၏။

သူ့မိခင်၏ ကျောင်းမုန့်ဈေးတန်း ဆိုင်ခင်းရာမှာ ကူညီနေတတ်မြဲ။ မုန့်စားကျောင်းဆင်းလျှင် အမေ့ထံ တန်းမတ်စွာသွားကာ ဈေးရောင်းကူလေ့မြဲ။ ကိုယ်တို့ အတန်းသားတွေ အလှည့်ကျတာဝန်ဖြင့် ကျောင်းဈေးရောင်းသောအခါ …

“သမီးက မေမေ့ကို သွားကူရဦးမှာ မဟုတ်လား။ အလှည့် ယူ မနေနဲ့တော့လေ။ မေမေ့ဆိုင်မှာ ဈေးဝယ်ပါးချိန်ကျမှ ခဏလောက် ပြန်လာပြီး သူငယ်ချင်းတွေနဲ့နေ…”

နေရည်လင်း၏ စိတ်မှာချန်ထားခံရသူအဖြစ် မခံစားရစေဖို့ အငြင်သာဆုံး ပြောခဲ့ဖူးတာဖြစ်သည်။ 

သို့ပေမယ့်…

“တာဝန်ကျတဲ့နေ့က တစ်ပါတ်မှ တစ်ရက်လောက်ပဲဟာ။ သမီးလည်း ဈေးကူရောင်းချင်တယ်။ တာဝန်မယူရတဲ့နေ့တွေမှာ မေမေ့ဆီ သွားကူလို့ ရနေတာပဲ”

“သမီးမေမေ့ကို မေးပါဦး”

မေမေက ခွင့်ပေးလိုက်ပြီတဲ့။ သို့ပေမယ့် ခုတော့ နေရည်လင်းနှင့် သူ့ သူငယ်ချင်းများအကြား စိတ်ဝမ်းကွဲပြားကာ ငြင်းခုန်ရန်ဖြစ်ကြရပြီ။

**********

မမပြုံးသာ ၀င်မပါလျှင် ထိုအမျိုးသမီး ဒီမျှနှင့် ကျေနပ်ပြေအေးပေးလိမ့်မည် မထင်။

“အစ်မ အတွက်တော့ ကိုယ့်သားသမီးနဲ့ သူများသားသမီး ခွဲခြားနေလို့ ဖြစ်တာပေါ့။ ကျွန်မအတွက်က အားလုံးဟာ ကျွန်မတပည့်တွေချည်းပဲ။ ဘယ်သူမှန်မှန်၊ ဘယ်သူမှားမှား ၊ ကျွန်မအတန်းထဲမှာ ဖြစ်တဲ့ကိစ္စကို ကျွန်မ ဘာသာ ဆုံးဖြတ်မယ်”

ဆရာမကြီး ရုံးခန်းရောက်ရုံနှင့် ကိုယ့်သားသမီးဘက်က အသာစီးရတော့မည်ဟုများ ထိုအမျိုးသမီး မျက်စေ့မှိတ် တွေးနေသေးသလားမသိ။

“သူတို့က အများ၊ ကျွန်မ သမီးက တစ်ယောက်တည်း”

“ကလေးက ကလေးပါပဲ အစ်မရဲ့။ အချိန်တန် မေ့သွားမှာပဲ။ ပြန်တည့်မှာပဲ”

စကားတွေ အပ်ကြောင်းထပ်နေဆဲ မမပြုံးရောက်လာလေကာ…

“ကဲ.. အခု ရှင့်ကလေးက ထိပ်ပေါက်၊ ခေါင်းကွဲဖြစ်သွားလို့လား။ ဘယ်နေရာမှာ သွေးထွက် သံယိုဖြစ်သွားလဲ… ပြော။ ဆေးဖိုး ကျွန်မ စိုက်ပေးမယ်”

ဆိုရုံနှင့် ကိစ္စပြီးပြတ်သွားတော့သည်မှာ အံ့သြစရာ။ ကျောင်းဆရာမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာတစ်ခုတည်းနဲ့ မတည်ဆောက်နိုင်သော သြဇာကို ငွေရှင်ဆိုသော အခွင့်အာဏာနှင့် ဖြည့်ပေါင်းကာ မမပြုံးက လှပစွာ လှစ်ပြခဲ့သွားခဲ့လေတာ။ ကိုယ် မရှုမလှ ပြိုကွဲတုန်လှုပ်မိတော့သည်။

မမပြုံးသည်လည်း ကိုယ်တို့ကျောင်းက ကိုယ်တို့၏ စီနီယာဆရာမ တစ်ယောက်ပါပင်။ အစ်မကြီး ဒေါ်သင်းသင်းမြိုင်တို့ထက်တော့ လုပ်သက်နုသေးသည်ပေါ့။ ဒါပေမယ့် မမပြုံးက အားလုံးသော ဆရာမတွေထက် ပြိုးပျက်လင်းလက်သည်။ ကျောင်းကိုလာလျှင် ဆိုင်ကယ်ကိုယ်တိုင်မောင်းသည်။ စာအုပ်နှင့် ဘောလ်ပန်၊ ခဲတံ၊ ခဲဖျက်စသော စာရေးကိရိယာလေးတွေ အိတ်ကြွတ်တစ်လုံးပါလာတတ်သူ ဖြစ်သည်။ အမေအိုကြီးရှိသူမို့  အမေ့မုန့်ဖိုးဟု အကြောင်းပြ၏။ ကျောင်းပိတ်ရက် ခရီးတစ်ခုက ပြန်လာလို့၊ အညာက ဆွေမျိုးတွေနဲ့ ပါလာလို့ စသော အကြောင်းပြချက်ဖြင့် သိုးမွေးခြုံထည်၊ မာဖလာ၊ အညာစောင်၊ သနပ်ခါးတုံး စသည်တို့ကို အခါအားလျော်စွာ ရောင်းလာတတ်သေးသည်။ သွားတိုက်ဆေး၊ ဆပ်ပြာမှအစ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ လက်သည်းဆိုးဆေး စသော အလှကုန်များလည်း သူ့ ယူလာပေးသောကြာင့်သာ မြင်တွေ့ဖူးရသည်။ ပြီး… အရပ်ထဲမှာ ခင်ပွန်းသည်၏ အမည်ဖြင့် လိုင်စင်ရ အပေါင်ဆိုင်ဖွင့်ထားသူမို့ အရေးအကြောင်းရှိလျှင် အားကိုးတိုင်တည်ရာလည်း ဖြစ်လေသည်။

ကျောင်းပတ်ဝန်းကျင် ရပ်ကွက်တွေကလည်း မမပြုံးကိုတော့ ကျွမ်းဝင်ချစ်ခင်ဟန်ရှိကြကာ လေးစားမှု မလျော့။ ဘယ်သူမှလည်း ကင်းကင်းကွာကွာ မနေနိုင်ကြဘူး ထင်ပါသည်။

ကျောင်းအုပ်ဆရာမကြီးကတော့ မမပြုံး၏ လုပ်ငန်းစီးပွားကိစ္စထွေရာတို့ကြောင့် ကျောင်း၏ တာဝန်ဝတ္တရားများ ပျက်ကွက်ဖူးပေါင်းများလှပြီမို့  ခဏ..ခဏ သတိပေးနေရရင်း စိတ်ပျက်လှပြီထင့်။

“ကျုပ်သာ ရှင့်နေရာမှာဆို အလုပ်ကထွက်ပြီ”

သူ့အား ဆရာမကြီးမကြည်ဖြူနိုင်တော့တာ ရိပ်မိနေသော မမပြုံးကလည်း တကယ်ပင် အလုပ်မှ ထွက်သွားခဲ့တော့သည်။

************

“ပြုံးတို့များ ကျောင်းကို သံယောဇဉ် ကြီးလိုက်တာဟယ်”

အစ်မကြီး ဒေါ်သင်းသင်းမြိုင်က ညည်းညည်းညူညူပြုနေရင်း ပြုံးမဲ့မဲ့ကလေး အငေါ်တူးသည်။ 

ပြီး.. ရှေ့စကားနှင့် နောက်စကား မညီစွာ…

“သိပ် ရက်စက်တာပဲ”

..ဆိုရင်း ငြိမ်ငေးသွားပြန်တော့သည်။ 

အစ်မကြီးဒေါ်သင်းသင်းမြိုင်တင်မဟုတ်။ ကျောင်းမုန့်စားတန်းက ကျောင်းဈေးသည်အားလုံး အငိုက်မိ၊ အရှိုက်ထိကုန်ကြလျှက် ခေါင်းချင်းရိုက်ကုန်ပြီ။ မကျေမနပ် ပွစိ၊ပွစိ ပွက်လောညံကြပြီ။

“ဆရာမကြီးနဲ့ သွားတွေ့ကြည့်ကြမလား”

ပြောသူကိုယ်တိုင်က ကိုယ့်စကားကိုယ် အတိအကျ လိုက်နာနိုင်မည့်သူ မဟုတ်။ ကျန်အားလုံးကလည်း ကွယ်ရာထောက်ရာမှာသာ စကားဟောင်ဖွာတတ်ကြရုံ ရှိပြီး ဆိုရေးရှိလျှင်တော့ နောက်တွန့်လေ့မြဲသာ မဟုတ်လား။

ဆရာမကြီးက သူတို့အားလုံးကို စောစီးစွာ အသိပေးကြော်ငြာခဲ့ပြီးသား ဖြစ်သည်။ ဒီစာသင်နှစ်မှာ ဆိုင်ခန်းလေးတွေကို  သန့်ရှင်းသေသပ်အောင် ပြင်ဆင်ရမည်တဲ့။ အမိုးအကာပြုပြင်သည်သာမက မိမိဆိုင်ရှေ့မှာ ရေမ၀ပ်စေရအောင် မြေဖို့ကြဖို့လည်း ဆော်သြခဲ့သေးသည်။ အမှိုက်သရိုက်ကင်းစင်အောင် ဂရုပြုကြဖို့လည်းပါသည်။ အစားအသောက်များ သန့်ရှင်းရမည်၊ လတ်ဆတ်ရမည်။ ယင်မနားစေရအောင် အဖုံးအကာ ရှိရမည် ဆိုတာတွေလည်း အထပ်ထပ် မှာကြားခဲ့သေးသည်။ ပြောသမျှ ခေါင်းညိတ်ပြီးသည်နှင့် မေ့ပစ်လိုက်ကြသလားတောင် မသိ။ ဆိုင်ခန်းငယ်လေးတွေက အစဉ်အမြဲ ဖရိုဖရဲ။ လဲပြိုလု မတတ်ပေ။ ပြင်ဆင်စားရိတ် မတတ်နိုင်ကြတာလည်း တစ်ကြောင်းဖြစ်မည်။ ကျောင်းခြံဝန်းအတွင်းမှာ မိမိတို့၏ စုတ်ချာချာ ဆိုင်ခန်းငယ်များက အမြင်မတင့်တယ်၊ ကျန်းမာရေးနှင့်လည်း  မလျော်ညီဟု မသိတတ်ကြတာလည်း ပါမည်။ ထုံးစံအတိုင်း  ပြီးပြီးပျောက်ပျောက် ဖြစ်သွားမည်ဟု အခါများစွာကနှယ် အရိုးစွဲကာ လျော့ပေါ့ တွေးထင်ထားခဲ့သည် ထင်ပါသည်။ ခုတော့ ဆရာမကြီး၏ ရာဇမာန်ရှခြင်းကို ခံကြရပြီ။

သူတို့ မင်းမူနေကျနေရာမှာ မမပြုံး၏ သေသပ်လှပသော ချစ်စဖွယ် ဆိုင်ကလေးက သားနားသပ်ရပ်လှသည်။ အစားအသောက် အမည်စုံတို့လည်း ဖွယ်ရာသည်။ အမျိုးစားတူရာအလိုက် ဈေးဗန်းလေးတွေ စီစီညီညီမို့ စနစ်ကျလှတော့သည်။ ကျောင်းသားငယ်များ ထိုင်နားစားသောက်ရန် ချစ်စဖွယ် ထိုင်ခုံငယ်လေးတွေပင် ပါလိုက်သေးသည်။ နေ့စဉ် ကောက်ခံနေရသော ဈေးကောက်အတွက် မမပြုံးက စာသင်နှစ် ပြီးဆုံးချိန်အထိ တွက်ချက်ကာ ကြိုတင်ပေးချေထားနှင့်ခဲ့ပြီမို့ ကျောင်း၏ အထွေထွေ၊ အသေးသုံးစားရိတ်များအတွက် ဆုတ်ဆုတ်ခဲခဲ သုံးနိုင်တော့မည်။ ကန်ထရိုက်သဘောမျိုးလည်း သက်ရောက်နေမည် ထင်သည်။ ကျောင်းခြံဝန်းအတွင်း မမပြုံး တစ်ဦးတည်းကလွဲလျှင် ဘယ်သူမှ ဈေးမရောင်းကြရတော့ပြီတဲ့။ ကောင်းလေစွ။

=======

ကိုယ်တို့၏ အတန်းတွင်း ၀င်ငွေတိုးရေးလှုပ်ရှားမှုလေး ခါးပိုင်းပြတ်ခဲ့ရတာ မမပြုံးကြောင့်ဟု ကိုယ်က စွတ်စွဲချင်သေးသည်။ ငွေသာရမည်ဆိုလျှင် နတ်နေကိုင်းပင် မချန်တတ်သော မမပြုံးပေပဲ။

“ရှင်တို့ကျောင်းကလေးလည်း ကျုပ် ဆိုင်လေးကြောင့် ဘယ်လောက်လှပသွားလဲ ကဲ”

လှဖို့မလို၊ ၀မ်းဝဖို့သာ အဓိကဖြစ်နေရသော ဘ၀များစွာတို့ကတော့ ဟိုပြေး၊ သည်လွှား ဂျင်ခြေလည်နေရပြန်တာ မမပြုံး စာနာကြည့်တတ်ပါရဲ့လား။ ကျောင်းဈေးတန်းလေးမှာ အိနြေ္ဒရရ ဈေးရောင်းလာခဲ့ရသူတို့ ဟိုလမ်းထိပ်မှာ၊ ဒီဈေးထိပ်မှာ ဂဏှာမငြိမ်နိုင်ကြသေး။ နေရာ အခြေတကျ မဖြစ်နိုင်ကြသေး။ ၀င်ငွေ ပုံမှန်မရနိုင်သေးသော်လည်း ၀မ်းတော့ ဖြည့်ရဦးမည်မို့ မမပြုံး၏ အပေါင်ဆိုင်ဆီ ၀င်ချည်ထွက်ချည်ပြုကြရပြန်ပြီ။

“မေမေကတော့ ဆရာမ ဒေါ် ပြုံးပြုံးမြင့်ကို မေတ္တာပို့လိုက်၊ ငိုလိုက်ပဲ”

နေရည်လင်းက သူ့မိခင်အကြောင်း ပြန်ပြောလာတော့ စိတ်မကောင်း ဖြစ်ရပြန်သည်။

“တဖြည်းဖြည်းတော့ ပြန် အဆင်ပြေမှာပေါ့ သမီးရယ်”

ကိုယ်တိုင် ယုံကြည်ဖို့ ခက်ခဲနေသော နှစ်သိမ့်စကားကို ဆိုနေရတာ ခါးသီးလှသည်။ ဒါပေမယ့် ဒီလောက် ပြောတတ်ရုံသာ ကိုယ်တတ်နိုင်ခဲ့သည်။ နေရည်လင်းကတော့ ကိုယ့်ထက် စွမ်းနိုင်ခဲ့သည်ပင်။

*******
သူ့လွယ်အိတ်ကလေး ခပ်သေးသေးမှ ကျောပိုးအိတ်နွမ်းနွမ်းကြီး ဖြစ်လာတာ သတိပြုမိခဲ့သော်လည်း ကိုယ် အမှတ်မဲ့နေခဲ့မိသည်။

“ဆရာမ ပန်းသီးစားချင်ရင် နေရည်လင်းဆီမှာ ၀ယ်လို့ရတယ်”

တိုးတိုးတိတ်တိတ် ပြောလာကြသည့်တိုင် ကိုယ် ထခုန်မိမတတ် လန့်ဖြတ်သွားရတော့သည်။

“နေရည်.. သမီး ဘာတွေ လုပ်နေတာလဲ”

သူ့ စွမ်းဆောင်ချက်ကို လူမိခံလိုက်ရပြီမို့ သူမကလေး ထိတ်လန့်နေရှာသည်။ 

ငိုမဲ့မဲ့ကလေး ဖြစ်နေပြန်သေးသည်မို့ တိုးတိုးကြိတ်ကြိတ် ချော့မော့ရပြန်သည်။

“…… ညက ဖေဖေနဲ့ မေမေ ရန်ဖြစ်ကြတယ်။ ဖေဖေ အလုပ်ကပြန်လာတော့ မေမေက ထမင်းချန်မထားလို့ တဲ့”

သူမိခင်နှင့် ခေါ်တွေ့မိပြန်လေမှ ပိုလို့ စိတ်လေထွေးပြား ရတော့တာ ဖြစ်သည်။

“အရပ်ထဲမှာလည်း ချေးငှားဖို့ လူကုန်နေပြီ ဆရာမရေ။ ဘယ်သူကမှ အကြွေး မပေးချင်ကြတော့ဘူး။ ဈေးထွက်ရောင်းတော့လည်း တစ်ရက်ကွက်လုံးက မိန်းမတွေအားလုံး ဈေးရောင်းထွက်နေကြတော့ ၀ယ်မယ့်သူကို မရှိတော့ဘူး။ ရောင်းရတာကနည်းနည်း၊ အကြွေးကျတာက များများမို့ အရင်းက တစ်ရင်းပြီး တစ်ရင်း…ပြုတ်ပြီးရင်း ပြုတ် ဖြစ်နေပြီ”

“မမပြုံးသိရင် ဒီအရင်းပါ ပြုတ်ဦးမှာ”

မျက်ရည်တွေစီးကျလာကာ နှပ်တစ်ချက် ညှစ်လိုက်ပြန်ရင်း ငုံသံဗလုံးဗထွေးနှင့် ဆက်ပြောနေပြန်သည်။

“သူတို့အဖေ ညက ပိုက်ဆံနည်းနည်းရလာလို့သာ ဒီနံနက် ထမင်းချက်ရတာပါ ဆရာမရယ်။ ဒါပေမယ့် ညနေ အထိ တော့ ဘယ်လိုလုပ် လောက်ပါ့မလဲ …။ ကျွန်မလည်း စိတ်ပေါက်ပေါက်နဲ့ ပိုက်ဆံ အလုံအလောက်မပါရင် နေ့လည်ကျ ပြန်မလာနဲ့လို့ ပြောလွှတ်လိုက်တယ်”

“………..”

“သူ့ အလုပ်ကလည်း ဒီရက်တွေထဲ မကောင်းဘူးတဲ့။ လူတွေကလည်း ဆိုက္ကားမစီးတော့ပဲ ကုန်းကြောင်းပဲ လျှောက်နေကြသလား မသိပါဘူး။ ရသလောက်ပို့ပေးလိုက်မယ်။ အိမ် ပြန်မလာတော့ဘူးဆိုပြီး ထွက်ခတ် ခတ်သွားလို့ ပိုက်ဆံပို့ပေးရင် ရပြီ။ တစ်သက်လုံး ပြန်မလာချင်လည်း နေလို့ ပြန်အော်ပစ်လိုက်တယ်”

“…… ဒီနံနက်တော့ ဈေးမရောင်းလို့လည်း မဖြစ်သေးဘူးဆိုပြီး နံနက်အစောကြီး သစ်သီးတန်းမှာ ခေါက်ပြန်ပေးနဲ့ ယူလာတာ။ သမီးက ကျောင်းမှာ သူငယ်ချင်းတွေကိုရောင်းရင် အကြွေးမကျဘူး ဆိုပြီး ခွဲယူသွားမယ် ပြောတော့ ကျွန်မလည်း ထည့်ပေးလိုက်မိတော့တာ…”

************

ဆရာမကြီး ဆူကြိမ်းတာ ခံနိုင်သော်လည်း မမပြုံးက မျက်နှာထားချီကာ ခပ်တင်းတင်းကြည့်လာတာကိုတော့ အူယားလှသည်။

“ရှင် ရောင်းခိုင်းထားတာလို့ ကလေးက ပြောနေပါလား”

ပြင်ဆင်လာခဲ့သည့်အတိုင်း ခေါင်းညိတ်ပြမိတော့ ဆရာမကြီးပါ ရှူးရှူးရှားရှား ဖြစ်သွားသည်။ မမပြုံးလည်း မပြုံးနိုင်ရှာပဲ မျက်ထောင့်နီကြီးနှင့် ပြူးကြည့်နေလေသည်။ ခုလို အရေးကြုံလာလျှင် ထိုအတိုင်းပြောရန် နေရည်လင်းအား ကြိုကြိုတင်တင် သေချာသင်ထားခဲ့မိလို့ တော်တော့သည်။

“ရှင်က ကျွန်မ လက်နဲ့ ရေးထားတာကို ခြေနဲ့ ဖျက်တာပေါ့လေ”

ဆရာမကြီးအား အရိုသေတန်ရာတော့ မရောက်ချင်ပါ။ တောင်းပန်ရတော့မည်။

“ကျွန်မက ကလေးတွေကို အတန်းတွင်းဆုပေးပွဲလုပ်ဖို့ သေချာ ကတိပေးပြီးသားမို့ပါ ဆရာမကြီး။ ကလေးတွေကို ကတိ မပျက်ချင်ဘူး”

“အဲဒါနဲ့ ခုလို လုပ်တာ ဘာဆိုင်လို့လဲ”

“လိုတဲ့ငွေကို ကျွန်မ စိုက်မထုတ်နိုင်ဘူးလေ။ ဒါကြောင့် နှစ်စကတည်းက ငွေစုနေခဲ့တာပါ”
မမပြုံးမျက်နှာ မဲ့ပြလေသည်။ ကိုယ် မမပြုံးထံ ထီမထင် စိုက်ကြည့်ပစ်လိုက်ကာ…

“မမပြုံးနဲ့ ဆရာမကြီးတို့ အစီအစဉ်ကြောင့် ကျွန်မတို့ အားလုံး ကမောက်ကမ ဖြစ်ခဲ့ရတာ”

ဆရာမကြီး ရှေ့မှာသာ မဟုတ်လျှင် မမပြုံးတစ်ယောက် ဆွေ့ဆွေ့ခုန်နေပေတော့မည်။ ဒါပေမယ့် ကိုယ့်အပေါ် မမပြုံး၏ ကျေးဇူးတရား တစိုးတစ်စေ့မျှ မရှိခဲ့စဖူး။ မှုစရာမလိုဟု စိတ်ပိုင်းဖြတ်ထားမိပြီ။

“ကျောင်းဈေးသည်တွေလည်း စားကျက်ပျောက်ပြီး အကုန်ဒုက္ခရောက်နေပြီ ဆရာမကြီး။ အရင်းပြုတ်တဲ့သူနဲ့၊ အကြွေးတက်တဲ့သူနဲ့။ ထမင်းတောင် နပ်ကျော်စားနေရတဲ့သူတွေ ရှိနေပြီတဲ့။ ဆရာမကြီးရော..၊ မမပြုံးရော.. ပြန်စဉ်းစားပေးပါဦး။ ကျွန်မ… ကျွန်မ သူတို့ကိုယ်စားတောင်ပန်တာပါ”

ဆရာမကြီးကတော့ တွေတွေဝေေ၀ ငြိမ်ငေးသွားတော့ပြီ။ မမပြုံးကတော့ ခြေသံပြင်းပြင်းနှင့် ချာခနဲ နောက်လှည့်ထွက်ခွာသွားတော့သည်။

***********

“ဘယ်သူမှ ကျွန်းကလေးလို ထီးတည်းနေလို့ မရဘူး၊

လူတိုင်းဟာ တိုက်ကြီးတစ်တိုက်ရဲ့ တစ်ဖဲ့၊ ပြည်မကြီးတစ်ခုရဲ့ တစ်ပိုင်းတစ်စပဲ

ဥရောပတိုက်ကြီး လျော့နည်းသွားရင်လည်း သင် လျော့နည်းတာပဲ။

သင့်မိတ်ဆွေ မြေတစ်ကွက် လျော့နည်းသွားတော့လည်း သင်လျော့နည်းတာပဲ။

သင်ဟာလည်း လူသားထဲကလူမို့ အားလုံးနဲ့ပတ်သက်နေတာပဲ။

ဒီတော့ လွမ်းသူ့ခေါင်းလောင်း ထိုးသံကြားရင်

ဘယ်သူ့အတွက်လဲလို့ မမေးနဲ့၊

သင့်အတွက်

ထိုးတဲ့ ခေါင်းလောင်းသာလျှင် ဖြစ်တယ်”

ဂျွန်ဒွန်း (၁၅၇၃ - ၁၆၃၁)

ထိုကဗျာ၏ အဓိပ္ပါယ်ကို စတုတ္ထတန်းအရွယ်၊ အကလေးငယ်တို့ ခံစားနားလည်နိုင်စေရန်လည်း ကိုယ် အတတ်နိုင်ဆုံးကြိုးစားကာ ရှင်းလင်းသင်ပြခဲ့ပါသည်။ သူတို့၏ အသိနုနုလေးတွေမှာ စွဲမြဲနေစေရန်လည်း နံရံမှာရေးကပ်ထားကာ စာသင်ခန်းသို့အ၀င်၊ သင်ခန်းစာတစ်ခု မစတင်မီ ရွတ်ဆိုစေခဲ့သည်မှာ နေ့စဉ်အလေ့တစ်ခု ဖြစ်နေခဲ့ပြီ။ သူတို့လေးတွေ ခုနေခါမှာ ကဗျာ၏ အဓိပ္ပါယ်ကို နားမလည်နိုင်ကြသေးလည်းပဲ အားတော့ မလျော့ပါ။ နောင်တစ်ချိန် လူကြီးတစ်ယောက်အဖြစ် လူ့လောကအလယ်မှာ တွင်ကျယ်ဝင်ဆန့်လာသည့်အခါ ထိုကဗျာကလေးကို မမေ့သေးဘူးဆိုလျှင် ကဗျာ၏ အနက်အဓိပ္ပါယ်ကိုလည်း သူတို့ ဆင်ခြင်ဆပွားတတ်လာကြလိမ့်မည်ဟု ကိုယ် ယုံကြည်ပါသည်။ သူတို့လေးတွေ  လူ့လောကသို့ တိုးအ၀င်မှာ တစ်ကိုယ်ကောင်းစိတ်ကင်းသော၊ လူသားအချင်းချင်း ထောက်ထားစာနာ ညှာတာတတ်သူ၊ ဖေးမကူညီတတ်သူ ၊ စင်စစ်လူပီသသူလေးတွေ ဖြစ်လာကြစေဖို့ ပြင်းပြင်းပြပြ တောင့်တ မျှော်လင့်ချင်ပါသည်။

*********

“အစ်မကြီးကို သူ့ဆိုင်မှာပဲ ဈေးဗန်းတစ်နေရာစာလောက် ပေးဖို့ ပြုံးကို ကူပြောပေးပါဦးကွယ်”

အစ်မကြီး ဒေါ်သင်းသင်းမြိုင်ကလည်း မျက်ရည် တစမ်းစမ်းမို့ အိမ်ရှေ့ပူ၊ အိမ်နောက်မချမ်းသာရပြန်။

နေရည်လင်းကလည်း…

“အရင်ယူထားတဲ့ အကြွေးတွေ မကျေတော့ မေမေ့ကို နောက်ထပ် အသီးရောင်းမပေးတော့ဘူးတဲ့။ သစ်သီးတန်းတစ်တန်းလုံးက  ကြေငြာလိုက်ပြီ”

သူ့ မိခင်ကလည်း ခွင့်စာတစ်ရွက် စားပွဲပေါ်လာတင်ကာ…

“သူတို့ အဖေလည်း တကယ်ကို အိမ် ပြန်မကပ်ချင်တော့ဘူးဆရာမရေ..။ သူ့အပေါင်းအသင်းတွေနဲ့ ရွှေတူးတဲ့နောက် ပါသွားလေရဲ့။ သမီးက တစ်ဖက်တစ်လက် ကူဖော်လောင်ဖက်ရနေတော့  သူ့ကို ကျောင်းထုတ်လိုက်ရ ကောင်းမလားလို့။ အဲဒါ…”

အလန့်တကြား၊ ဆုံးဖြတ်မနိုင် ရှိနေစဉ်…

“ရှင် ဆုပေးပွဲအတွက် ငွေဘယ်လောက် သုံးမှာလဲ။ ကုန်ကျစားရိတ်အားလုံးကို ကျွန်မ လှူမယ်”
…တဲ့။ မမပြုံးက ခပ်ကြိတ်ကြိတ်ဆိုလာပြန်သော် နားထဲမှာ ခေါင်းလောင်းသံတွေ ဟိန်းညံနေတော့သည်။        ။

သတိုး

0 comments: