နာဂိုရာ အိပ်မက်

















နာဂိုရာ ဘူတာကြီးကို ကျမ  ယောင်လည်လည်နဲ့ ပတ်ကြည့်နေမိပါတယ်...။ အော်--နာမည်ကြီးလှတဲ့ ဂျပန်က နာဂိုရာဘူတာကြီးကို ငါရောက်နေပါပေါ့ လားဆိုပြီး ကြည်နူးပီတိဖြစ်မိပါရဲ့....။

ဂျပန်လိုပြောနေတာကြတာတွေကလဲ ကိုယ့်နားထဲမှာ ရင်းနှီးနေတော့ သူစိမ်းနိုင်ငံ ရေခြားမြေခြားရောက်နေတယ်လို့တောင်မထင်ပေါင်၊ ကိုယ့်ဆွေမျိုး- သူငယ်ချင်းတွေဆီ အလည်ရောက်နေတဲ့ စိတ်မျိုးခံစားမိတယ် .... ။
ဒီအချိန်မှာ .... လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က အလုပ်မအားတဲ့ကြားက  မြောက်ဥက္ကလာ ပညာဒါန ဘုန်းကြီးကျောင်းလေးကို ရအောင်သွားပြီး ဂျပန်စာသင်တန်းတွေ လိုက်တက်ခဲ့တဲ့ ကောင်မလေးတယောက်ကို ကိုပြန် မြင်ယောင်မိပါရဲ့....။
တတ်ချင်လိုက်တဲ့ဂျပန်စာ .... ပြောချင် နားထောင်ချင်လိုက်တဲ့ ဂျပန်စကား.... လုပ်ချင်လိုက်တဲ့ ဂျပန်စကားပြန် ...။
သူများတွေလို ဆရာခေါ်ပြီးလဲမသင်နိုင်၊ စနေ တနင်္ဂနွေတောင် မနားရတဲ့ အထည်ချုပ်အလုပ်ကလဲမထွက်နိုင်။  
တစ်ပတ်တခါ သင်ပေးတဲ့ မြောက်ဥက္ကလာဘုန်းကြီးကျောင်းက ပညာဒါန ဂျပန်စာသင်တန်းလေးကို မပျက်ရအောင် ကြိုးစားပြီး တက်ခဲ့ရတာလေ။
အဲဒီတုန်းက ကျမ နေတဲ့  ဒညင်းကုန်ဘက် ကနေ မြောက်ဥက္ကလာရောက်တာ ၄၃ ဒိုင်နာတစီး ပဲရှိပြီး ကားတစ်စီးနဲ့  တစ်စီးကြား အချိန်အကြာကြီး စောင့်ရပါတယ်။ လမ်းတွေကလည်းကြမ်းတော့  ကားကလည်း ဆောင့်သေး၊ မိုးတွင်းဆို မိုးရေတွေ  ကားအမိုးကနေ ယိုသေးတယ်။ 
ပညာ လိုချင်စိတ်က ပြင်းပျနေတော့ ဘယ်လောက်ပင်ပန်းပစေ မောတယ်မထင်ဘူး။ဂျပန်စာလေး ရွတ်လိုက်ရရင် အမောကိုပြေလို့ ။
သင်ခါစတုန်းကလေ....ကျက်လိုက်ရတဲ့  ဝေါဟာရ တွေ ကလည်း များမှများ၊ ကြိယာ တွေ ၀ိဘတ်တွေ မခွဲတတ်လို့  စိတ်လည်းညစ်ရတယ်။ စာတွေ များလာတော့ တစ်ပတ်တစ်ရက်တည်း တက်နေရတာ အားမရပေမယ့်  အလုပ်ကလည်း ရှိနေတာ့ မတတ်နိုင်ဘူး။
သူများတွေ ဂျပန်လိုပြောနေရင်--အတန်းချိန်တွေအများကြီးတက်ပြီး စာတွေဖတ်နေကြရင် ကိုယ့်ဘ၀ ကိုယ် အားမရဘဲ စိတ်ဓါတ်ကျခဲ့တဲ့ အကြိမ်တွေကလဲ အကြိမ်ကြိမ်-ဂျပန်စာလေး တလုံးတတ်သွားရင် စိတ်ထဲမှာ အမျိုးမျိုးစာစီပြီး ပြောလိုက်ရတာ....။
 ဂျပန်ကားအဲကွန်းဘတ်စ်တွေ စီးတဲ့အခါ  ကားထဲမှာရေးထားတဲ့ ဂျပန်ခန်းဂျီး စာလုံးလေးတွေ ကြည့်ပြီး ကိုယ်သိတာလေးဖတ်မိရင်ပျော်လိုက်ရတာ ....။
လစာနည်းတာများတာထက် ဂျပန်စကားပြောရမယ့် အလုပ်ကိုရွေးပြီး ပြောင်းလိုက်ရတာလဲ  အကြိမ်ကြိမ် ။ အလုပ်မှာ တခြားရာထူးတွေဘယ်လောက်ရရ ၊ ဘယ်လောက်အဆင်ပြေပြေ၊ လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်လောက် ခင်ခင်   ဂျပန်စကားပြန်ဆိုတဲ့အလုပ်မရမချင်းမကျေနပ်နိုင်ခဲ့ ။
တစ်ခါတလေ ဒီဂျပန်စာကို ငါတတ်တော့မှာမဟုတ်ပါဘူးလို့  စိတ်အားငယ်ခဲ့ဖူးပါရဲ့.....။  တနှစ်တခါ ဂျပန်သံရုံးက ကျင်းပတဲ့ ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ Level-2 ကိုအကြိမ်ကြိမ် ဖြေခဲ့ရတဲ့ ဘ၀တွေ ၊စာမေးပွဲမအောင်လို့  မိသားစုနဲ့ နေရင် အာရုံများတယ်ဆိုပြီး အိမ်က ထွက်လာပြီး တယောက်ထဲ အဆောင်နေပြီး စာကျက်ခဲ့ရတာတွေက အမှတ်ရစရာပါ.... ။
နောက်ဆုံး  ဂျပန်စာနဲ့ ဆိုင်တဲ့ အလုပ်မဟုတ်ရင် မလုပ်ဘူးလို့ကို စိတ်ဆုံးဖြတ်ပြီး ပိုက်ဆံမ၇ှိပေမယ့် အလုပ်ထွက်ပြီးစာမေးပွဲဖြေခဲ့တယ်။ ငါ ဂျပန်စာတတ်မှ အလုပ်ပြန်ဝင်မဟဲ့ လို့  လက်ကျန်ငွေလေးကို ခြွေတာခြစ်ခြုပ်သုံးပြီးအားတင်းကြိုးစားခဲ့တယ်။
သူများတွေ စိန်ရွှေငွေတွေ ၀တ်ထားရင် အားမကျဘူး။ ဂျပန်စကားပြောတတ်တဲ့သူကိုပဲအားကျခဲ့ တယ်။
အ၀တ်အစားအသုံးအဆောင် မ၀ယ်ရလဲနေပစေ--ရှိတဲ့ငွေလေးနဲ့ ဂျပန်စာ စာအုပ်တွေဝယ်ခဲ့တယ် ။
Level-2 အောင်လက်မှတ်လေး၇တဲ့အခါ မျက်ရည်ဝဲအောင် ၀မ်းသာလိုက်ရတာ....။ ဘာလို့များ ဒီဂျပန်စာကြီးကို ဒီလောက် စိတ်ပါဝင်စားရတာလဲ--- လို့  ကိုယ့်ကိုယ်ကို မေးမိတယ်။
ဂျပန်မှာသွားပြီးအလုပ်လုပ်ဖို့ လား ၊လစာများများလိုချင်လို့လား၊ အောင်လက်မှတ်တွေယူပြီး လူအထင်ကြီးဖို့လား--
သေချာဆန်းစစ်မိတော့ ကျမက  ကိုယ့်အာ၇ုံဝင်စားတာကို တစိုက်မတ်မတ် အကောင်အထည်ဖော် နေခဲ့တာကိုး--
နောက်ပြီး ထက်သန်ပြင်းပြတဲ့ အိပ်မက် တခုကို မက်ခဲ့တဲ့သဘောပါ .....
ခုပြန်ပြောရရင် ရယ် စရာကောင်းမလားပဲ--။ အဲဒီတုန်းက ကျမလေ ဘုရားမှာတောင် သစ္စာဆိုပြီးဆုတောင်းခဲ့ ဖူးပါရဲ့
( တပည့်တော်မ သည် ဒီဂျပန်စာကို စိတ်ရောကိုယ်ပါ မြုပ်နှံပြီး တစိုက်မတ်မတ် သင်ယူခဲ့ပါတယ် ...
ဒီဂျပန်စာတတ် ဖို့ တခုတည်းသာ ဘ၀မှာ အားသွန်ခွန်စိုက်  ကြိုးစားအားထုတ်ခဲ့ပါတယ် .....
ဒီ မှန်သောသစ္စာစကားကြောင့် ဂျပန်စာနဲ့ဆိုင်တဲ့အလုပ်လုပ်ရင်း အသက်မွေးခွင့်ရရပါစေဘုရား)လို့ 
ခုတော့ ဆုတောင်းတွေပြည့်ခဲ့တယ်--ဂျပန်စကားပြန်အလုပ်လုပ်ခွင့်ရခဲ့ပြီ။
ပြောလိုက်ရတဲ့ဂျပန်စကား--ပို့လိုက်ရတဲ့ ဂျပန်စာ မေးလ်တွေ .... ကိုယ့်ရဲ့မြန်မာသူဌေးနဲ့ ဂျပန်တွေကြားက အမြင်မတူ-ယဉ်ကျေးမှုမတူလို့ ဖြစ်ခဲ့ရတဲ့ ပြသနာပေါင်းစုံကို ရင်ကြားစေ့ပြီး ဖြေရှင်းပေးရင်းစိတ်ညစ်ရ-- စိတ်ရှုပ်ရတာလဲအခါခါ .... ဒါပေမယ့်  အိပ်မက်တွေ ကို အကောင်အထည်ဖော် နိုင်ခဲ့လို့  ကိုယ့်အလုပ်ကိုယ့် ရွေးချယ်မှုကိုကိုယ်ကျေနပ်ပါတယ်။
ဒါကြောင့်လေ .... အားလုံးကိုပြောချင်တာက ကိုယ်စိတ်အာရုံဝင်စားရာ--၀ါသနာပါရာနဲ့ အသက်မွေးနိုင်အောင် ကြိုးစားပါ။
ကိုယ် က ဘယ်အရာကို အားသွန်ခွန်စိုက် ကြိုးစားချင်သလဲ လို့  ကိုယ့် စိတ်ကို သေချာ ဆန်းစစ်ကြည့်ပါ။ သင်တန်းတွေ ပေါင်းစုံအောင် လိုက်တက်နေမယ့်အစား ကိုယ် သန်ရာလိုင်း တစ်ခုတည်းကိုပဲ ဦးတည်ချက်ထားပါ။
ကိုယ်တစ်ဘ၀ လုံး အသက်မွေးမယ့် အလုပ်ကို ရွေးချယ်ပြီးပြီ ဆိုရင်တော့  ဘယ်တော့မှ နောက်ပြန်မဆုတ်ပါနဲ့ ။ ကိုယ့်အိပ်မက်တွေကို ရအောင် အကောင်အထည်ဖော်ပါ.... လမ်းတခု ကိုဆုံးအောင်လျှောက်ပါ။
တ၀က်တပျက်နဲ့ အားလျှော့ပြီး နောက်လှည့်မပြန်ပါနဲ့ လို့ စေတနာနဲ့ ပြောချင်ပါတယ်ရှင်...။
(၂၀၁၂ ၊ မေလ  ဂျပန်ကို အလုပ်ကိစ္စနဲ့ သွားတုန်းက အမှတ်တရ)
ကြာဖြူနွယ်

0 comments: