ခေတ်တခုနှင့် စကားစမြည်ပြောဆိုကြည့်ခြင်း
















အို... ခေတ်ကြီး


ဖေဖော်ဝါရီ (၁၄)အတွက် အချစ်ကဗျာတပုဒ်ထဲ

အာဏာရှုးကြီး မှူးကြီးသန်းရွှေလို့ 

ကဗျာတပုဒ်ရေးစပ်မိတော့

ကဗျာကို မှင်နီခြစ်

ကလောင်ကို အမှောင်တိုက်ထဲ ဆွဲသွင်းလိုက်ကြတာ

ဘယ်သူတွေလဲ ... ?

ဘယ်သူတွေကလဲ ... ?

ဖြေပါ ခေတ်ကြီး...

ရဲရဲဖြေ ကြည့်ပါ ခေတ်ကြီး.. ။


ရေငတ်လို့  ရေတခွက်ရဲ့  ချိုမြမှုအကြောင်း ပြောမိတာ

အပြစ်ရှိကြောင်း ၊ ပုန်ကန်မှုဖြစ်ကြောင်း ဘာအတွက်ဆိုတာ

သိပ်နားမလည်ပေမဲ့  မွေးရာပါ စွဲကပ်နေတဲ့ ငယ် အကျင့်အတိုင်း ကျုပ်တို့ က

ဖြည့်ပီး နားလည်ပေးခဲ့တယ် ခေတ်ကြီး... ။


အိုခေတ်ကြီး ...

အရာရာဖြည့်တွေး ကျုပ်တို့  က နားလည်လွန်းခဲ့တာပေါ့..

မီးမလာတုန်းကလဲ နားလည်ပေးခဲ့တာပဲ ..

ရေပြတ်တော့လဲ နားလည်ခဲ့တာပဲ ..

စကားလုံးတွေ ကဗျာလို လှ

ကိုယ်ထူပြီး ကိုယ်ထခဲ့ရတာ နှစ်ပေါင်းများစွာ ... ။



အို..ခေတ်ကြီး

ဘဲဥတလုံး တစ်ကျပ်ခွဲဖြစ်ရာကစ

ဆီဈေးကြီးလို့  ဘတ်စကားခတွေ ဈေးတက်သွားရာကအဆုံး

ပြတ်တောင်းတောင်းဂီတ နဲ့  တစ်ချို့  အလံထောင်တော့

ဆူပူတယ်သမုတ်

အဟုတ်တကယ် အပြတ်နှံ ကျုပ်တို့ မျိုးဆက်ကို

လောင်တိုက်သွင်းခဲ့တာလဲ အတေးအမှတ်မထား

ဘုရားဟောတဲ့ အကျိုးအကြောင်းတရားကို အဲ့ဒီ အဖြစ်အပျက်ထဲ သွပ်သွင်း ၊ ကံစီမံရာဆိုတဲ့ အတွေးနဲ့ 

ဒီလိုဖြည့်ပြီး တွေးခဲ့တယ်... ။

ရေငတ်လို့  ရေတခွက်ရဲ့  ချိုမြမှုအကြောင်း ပြောမိတာ

အပြစ်ရှိကြောင်း ၊ ပုန်ကန်မှုဖြစ်ကြောင်း ဘာအတွက်ဆိုတာ

သိပ်နားမလည်ပေမဲ့  မွေးရာပါ စွဲကပ်နေတဲ့ ငယ် အကျင့်အတိုင်း ကျုပ်တို့ က

ဖြည့်ပီး နားလည်ပေးခဲ့တယ် ခေတ်ကြီး... ။


အို ...ခေတ်ကြီး

ကျုပ်တို့  ကပေးခဲ့တယ် ခေတ်ကြီး ...

ကျုပ်တို့ က တောင်းသမျှ အကုန်ပေးဘူးပါတယ် ခေတ်ကြီး..

ကျုပ်တို့ က ရေငုံ ၀ဇီပိတ် အကျင့်ကိုလဲ ဆောင်နိုင်ခဲ့တယ် ခေတ်ကြီး..


မြတ်နိုးခဲ့ရပါသော ခေတ်ကြီး..

ခင်ဗျားမပြဋ္ဌာန်းချင်တဲ့ သင်ရိုးညွှန်းတမ်းမှာ လူ့ အခွင့်အရေး

စကားလုံးရေးရေး ကျောင်းမှာ အံရတုန်းက

ကျုပ်တို့  ဆရာကြီး အတန်းရှေ့ ကျောက်သင်ပုန်းပေါ်မှာ

(လခူအွင့်ရ့ေး) ဆိုတာ ဒီလိုရေးကြလို့  သင်တုန်းကရော

ဘာများ အထွန့် တက်ခဲ့ကြလို့ လဲ ။

ချစ်ကြောက် ရိုသေခဲ့ရပါသော ခေတ်ကြီး

ကျောက်သင်ပုန်းကြီး ဗြန်းခနဲ

ကြိမ်လုံးနဲ့ 

မြည်အောင်ရိုက်ပြီး ကျောင်းသင်ခန်းစာကို

အချောတဘက် အကြမ်းတဘက်

ဗလာစာအုပ်ထဲမှာ

လိုက်ကူးရေးခဲ့ ရတုန်းကလဲ ကျုပ်တို့ က ဘာများပြောခဲ့ကြလို့ လဲ ... ။

ဒီမယ် ခေတ်ကြီး

ကျုပ်တို့ က ခင်ဗျားကိုကြောက်တာပေါ့ ..။

ခင်ဗျားကို အသွေးအသားထဲကကို ကြောက်နေခဲ့ရတာပေါ့ ..

ခင်ဗျားကြောင့် တချို့ ဆို

အရိုးထိဆူးခနဲ စစ်ခနဲ ကိုက်ခဲ့တဲ့ရောဂါဆိုး ဖြစ်ခဲ့ရတာပေါ့ …

အရာရာကျပ်တည်းလွန်းတဲ့ ခင်ဗျားရဲ့ ရွာဇနပုဒ်မှာ

ဘာစိုက်စိုက် မအောင်မြင်တဲ့  လယ်ယာမြေမှာ

အကျိုးမဲ့  အချိန်ဖြုန်း ကျုပ်တို့ က ဘာထိုင်လုပ်နေရမတုန်း…

ရွေ့ မှဖြစ်မှာပေါ့ ၊ ပျံနိုင်ဘို့  ကြံစည်မှ ဖြစ်မှာပေါ့ ခေတ်ကြီး

တ၀မ်းတခါးအတွက် ၊ မိသားစုအတွက်၊ ချစ်သူအတွက် ၊

ရွာက ကျမ္မာရေးမကောင်းတဲ့  ကျုပ်အဘဆေးကုဘို့ အတွက် ၊

ကျုပ်အတွက် ၊သူ့ အတွက်

ကျုပ်တို့  နေ့ စဉ်လိုအပ်နေတဲ့  အတွက်အတွက်တွေ ခင်ဗျားကိုထိုင်ပြောပြရရင်

ဒီစကားဝိုင်း မိုးလင်းသွားလိမ့်မယ် ခေတ်ကြီး ။

ထားလိုက်တော့ ခေတ်ကြီး ။

အတွက်တွေအကြောင်း စုံအောင်မပြောတော့ဘူး ခေတ်ကြီး ။

ရေကြည်ရာ မြက်နုရာပါ ခေတ်ကြီး ..

အဲ့ဒီတော့ ခေတ်ကြီး ..


ကျုပ်တို့ ရွာကလူငယ်တွေအကုန်

ဂျင်းဘောင်းဘီ ဖင်မှာစွပ်ပြီး မလေးရှားတိုင်းပြည်ကို အလုပ်အကျွေးသွားပြုကြရတယ် ခေတ်ကြီး ...

ဖင်ချင်းပေါက် ထိုင်းနိုင်ငံတော်ထဲ အိမ်နောက်ဖေးအပေါက်က ခိုးဝင် လယ်ကူလီကျွန်အလုပ်လုပ်ရဘို့ 

ငါးလှေပေါ် လိုက်ရဖို့  ၊ ငါးမျိုးစိတ်တွေ ခွဲခြားရတဲ့ အလုပ်လုပ်ရဘို့ ၊ အောက်ခြေအလုပ်အစုံကျုပ်တို့  မြန်မာ

ငွေရမယ်ဆို အကုန်လုပ်ကြတယ် ခေတ်ကြီး … ။

တချို့ အပျိုမတွေကတော့ ရွာကယူလာတဲ့  ထမီစလေးတွေပတ်ပြီး

အထည်ချုပ်စခန်းမှာ သတို့ ဘ၀ကို ထိုးအပ်ကြရတယ်ခေတ်ကြီး …။

အမျိုးယုတ်တဲ့  အိမ်နီးချင်း တိုင်းပြည်အကြီးကြီးတခုမှာ ရွာက တိုင်းရင်းသူအမျိုးကောင်းသမီးတွေ 
ဖာသည်အလုပ်ကို

စီးပွားရေးလို လုပ်စားတတ်နေကြပြီ ခေတ်ကြီး …။


အလိုတူ အလိုမတူမှု တွေနဲ့ မယားအရာမြှောက်စား

အပျိုစင် စစ်စစ်ဘ၀တွေကို သူတို့ သွေးနဲ့ နှော

အမျိုးယုတ်ကလေးတွေ ထပ်မွေးနိုင်ဘို့ 

ကျုပ်တို့ တိုင်းရင်းသူ အပျိုမတွေက

လူထုတ်လုပ်တဲ့ စက်ကြီး ဖြစ်ပေးလိုက်ရပြီ ခေတ်ကြီး …။


သိပ်ရှိတာပေါ့ ခေတ်ကြီး ..

စင်ကာပူမှာ စကတ်တိုတိုဝတ်ပြီး ကျင်လည်နေရတဲ့ 

ရွာမှာနေတုန်းက စတိုင်နဲ့  လုံးဝမတူတော့တဲ့

ဂိုက်စပေါက်လေးတွေ ပိုတည့်လာပြီး

နဲနဲကလေး ပိုလှလာတဲ့

ကျုပ်တို့ ရွာကအပျိုမတွေ

ရိုက်သတ်လို့ တောင်မကုန်ဘူး ခေတ်ကြီး … ။


"ဘာ" ခင်ဗျား ဘာပြောလိုက်တာလဲ ခေတ်ကြီး …

ပညာရှင်တွေဟုတ်လား ၊ ခင်ဗျားဟာ ရယ်စရာသိပ်ပြောတတ်တဲ့

ခေတ်ကြီး တကောင်ပဲ ၊

သူတို့ လဲ ရေကြည်ရာ မြက်နုရာပဲပေါ့ ခေတ်ကြီး ။


သိပ်လွမ်းသွားပြီလား ခေတ်ကြီး ..

ကျုပ်တို့ လို ကောင်တွေဆီမှာ

စားဝတ်နေရေး ပြသနာ နေ့ စဉ်ရှိသလို

သူတို့ လို

ပညာရှင်မှာက မာန်မာနခပ်ကြီးကြီးရှိတယ် ဗျ

ဂုဏ်ဒြပ်ရှိတယ်ဗျ …

ခင်ဗျားသွား တားမနေနဲ့ တော့ .

မမှီတော့ဘူး . အပိုပဲခေတ်ကြီး

ခင်ဗျား ရွာဇနပုဒ်မှာ ပညာအလင်းကို

သူတို့ ကလွတ်လပ်စွာ လင်းခွင့်ရလို့ လား …

သူတို့ လား ! သိပ်ပျော်နေတယ်လို့ တော့

ကျုပ်လဲ အတပ် မစွပ်စွဲရဲဘူး ခေတ်ကြီး..

ခင်ဗျားကိုယ်တိုင်ပဲ သူတို့ ကိုသေချာမေးမြန်းစုံစမ်းကြည့်လိုက်ပါ ခေတ်ကြီး..


နောက်ဆုံး ကုန်ကုန်ပြောပလိုက်မယ် ခေတ်ကြီး..

အာရှတိုက် တခုလုံး ဖွ့ံဖြိုးတဲ့ တိုင်းပြည်အသီးသီးမှာ

မြန်မာ မရှိတဲ့  အရပ်မရှိဘူးလို့ တောင်

ပြောလို့ ရတယ် ခေတ်ကြီး..


ဒါကြောင့် ကမ္ဘာအရပ်ရပ်က လူ့ စွမ်းအားအရင်းမြစ်လိုအပ်နေတဲ့  တိုင်းပြည်တိုင်းဆီကို
ကျုပ်တို့ မြန်မာတွေရောက်ခဲ့ရတယ် ခေတ်ကြီး..

ကျုပ်တို့ ကိုလား !

ကျုပ်တို့ ကိုတော့

ပျော်သလားတော့ မမေးနဲ့  ခေတ်ကြီး ။


ပျော်တာပေါ့ အမေရယ် သီချင်းနဲ့ 

ရွာက အိမ်ပေါင် ၊ လယ်ပေါင်ပေးလိုက်ရတဲ့ 

အမေနဲ့  အဖေကို အဲ့ ဒီသီချင်းပဲ ရယ်သံလေးစွက်ပြီး
ဆိုပြနေကြရတယ် ခေတ်ကြီး… ။

ဒီလောက်ဆို လုံလောက်ပြီလို့  ကျုပ်ထင်တယ် ခေတ်ကြီး ။

သိပ်မရှင်းတာ ရှိခဲ့ရင်တော့ မေးကြည့်ပါ ခေတ်ကြီး …

ကျုပ်သိသလောက် အကုန်ထပ်ပြောပြနိုင်သေးတယ်ခေတ်ကြီး..


သိပ်ဟုတ်တာပေါ့ ခေတ်ကြီး…

ခင်ဗျား သိပ်မဝေးတော့ဘူး ခေတ်ကြီး …

ဦးနှောက်ယိုစီးမှု ရောဂါ ပိုးက ခင်ဗျားကိုယ်ထဲစွဲကပ်သွားတာပေါ့

တန်ဖိုးရှိတဲ့  လူ့ စွမ်းအားအရင်းမြစ် ကျန်းမာရေးကြီး

ခင်ဗျားမှာ ချို့ ယွင်းသွားတာပေါ့ ..

ခံတွင်းချဉ်နေပြီလား ခေတ်ကြီး

ဒါဆို စီးကရက်ဖွာရင်း စကားဆက်ပြောကြရအောင် ခေတ်ကြီး ..

အပြင်မှာ နေပူတယ် ခေတ်ကြီး …

ခင်ဗျားရင်ပူနေရင်တော့ ရေနွေးကြမ်းပူပူပဲ မှုတ်သောက်လိုက်ပေါ့ ..

မကုန်သေးဘူး ဦး ခေတ်ကြီး..

ကျုပ်တို့ မှာဒီထက်ပိုနာခဲ့ရတဲ့ဇာတ်တွေပြောဘို့ ကျန်နေသေးတယ် ဆိုရင် ခင်ဗျား ယုံနိုင်ပါ့မလား …။


ခင်ဗျားနဖူးစမှာ ချွေးစတွေနဲ့ ပါလား

ဘူးထဲက တစ်ရှုးစနဲ့  ခင်ဗျားချွေးအစအနတွေ

သုတ်ပစ်လိုက်ပါလား ခေတ်ကြီး …။


အေးဆေးပါ ခေတ်ကြီး …

ကျုပ်တို့ က ခုထိ အေးဆေးပဲ ခေတ်ကြီး

ကျုပ်တို့ က ခုထိ ဖြည့်ပြီး တွေးပေးတတ်တုန်းပဲ ခေတ်ကြီး ..

အစကပြောခဲ့သလိုပဲ ခေတ်ကြီး

ထပ်ပြောမယ် ခေတ်ကြီး

ကျုပ်တို့ က ..

ကိုယ်ထူ ကိုယ်ထပါ ခေတ်ကြီး…

ခုထိလဲ ကိုယ်ထူ ကိုယ်ထပဲ ခေတ်ကြီး

ကျွမ်းကျင်ရာ လိမ္မာသွားခဲ့တာပေါ့ ..

မှော်ရုံတောကို တကယ်ကျွမ်းသွားတာပေါ့ ..

လုပ်သလိုမဖြစ်ရင် ဖြစ်သလိုလုပ်

လုပ်ပစ်တတ်တဲ့ အကျင့်ဆိုးလေးပဲ

ကျုပ်တို့ သားမြေးတွေအထိ ရလာ ၊

ဒီအကျင့်ဆိုးဟာ ၊ကင်ဆာဆဲလ်တွေလိုအမြစ်တွယ်

သတ်ပြစ်ဘို့  ဆေးမမှီတော့ဘူး ခေတ်ကြီး …

အဆင်မပြေမှုကို ကိုယ့်ဘာသာကြိတ်ပြီး ကုတတ်တယ် ခေတ်ကြီး..

အနာနဲ့  ဆေးမတည့် လို့  မပျောက်တဲ့ အခါတွေတော့

ခင်ဗျားကို နဲနဲတော့ ကျိန်ဆဲမိတယ် ခေတ်ကြီး..

ဒီအတွက်တော့ ခွင့်လွှတ်ပါ ခေတ်ကြီး …

နောက်ဆုံးမတော့

အကျိုးအကြောင်းတရားနဲ့  ခင်ဗျားကို

ဖြည့်ပီးထပ် ပဲနားလည်ခဲ့ပါတယ် ခေတ်ကြီး….။



လင်းနောင်

0 comments: