ဘုရားသခင် လျစ်လျူရှုခံထားရသော ပန်းသီးတစ်ခြမ်း
ရပ်တန့်နေသောနာရီတစ်လုံးရဲ့ရင်ခွင်ထဲမှာ
အိပ်မက်တချို့နစ်မြှပ်ပျော်ဝင်နေလေရဲ့
ဘုရားသခင်လျစ်လျူရှုခံထားရတဲ့ ပန်းသီးတစ်ခြမ်းမှာလည်း
အိပ်မက်ရက်ဆက်တတ်တဲ့ ချိုမြိန်ခြင်းတွေရှိလေရဲ့
တည်ရှိနေသည် ၊ ရရှိလာသည်။
ရုန်းကန်ခြင်းကိုသူတို့နားမလည်
ထောင့်ချိုးတွေရဲ့ ကြမ်းတမ်းမှုကိုသူတို့နားမလည်
လိုအပ်နေလိမ့်မည်ဟုလည်း သူတို့နားမလည်
အရာခပ်သိမ်းတို့၏ အလိုဆန္ဒပြည့်ဝစေချင်သည် ။
သုံးချိုးတစ်ချိုးရောတဲ့ခန္ဓာကိုယ်ကလည်း
ခပ်ကြမ်းကြမ်းအိပ်မက်တွေနဲ့ကာမယှက်စပ်ရင်း
အရာခပ်သိမ်းတို့၏ အလိုဆန္ဒပြည့်ဝနိုင်သည်။
အခါးတို့နဲ့ပြည့်သော ဆေးတစ်ခွက်ဟာလည်း
နှလုံးသားကို အာဟာရဖြစ်စေပြန်သည်။
ဘုရားသခင် လျစ်လျူရှုခံထားရတဲ့ ပန်းသီးတစ်ခြမ်းဟာလည်း
ငှက်ကိုက်ခံရလေပြီ
တည်ရှိနေသည် ၊ ဖြစ်တည်နေသည်။
ပေးဆပ်ခြင်းကို သူတို့နားမလည်
နှလုံးသားနဲ့ရင်းတဲ့ လိုအပ်ခြင်းကိုသူတို့နားမလည်
ကုတင်ပေါ်က ချိုမြိန်ခြင်းဟာ မပြည့်ဝခြင်းကိုလျစ်လျူမရှုနိုင်မှန်း သူတို့နားမလည်
အရာခပ်သိမ်းတို့၏ အလိုဆန္ဒပြည့်ဝစေချင်သည် ။
စေတနာအကြောင်းလာမပြောနဲ့ ဒီအရပ်ဟာမိုးခေါင်ရပ်ဝန်း
အပေး နဲ့ညီမျှသော အယူ
စိုက်ပျိုးသမျှရိပ်သိမ်းခွင့်ရှိတယ် မေတ္တာတရားမပါကြေး
အရာခပ်သိမ်းတို့၏ အလိုဆန္ဒပြည့်ဝပါစေ။
ဘုရားသခင်လျစ်လျူရှုခံထားရတဲ့ ပန်းသီးတစ်ခြမ်းကတော့
အိပ်မက်တချို့အတွက် နေ့ဘက်မှာနစ်မြှပ်ပျော်ဝင်
ညဘက်မှာ မပြည့်ဝခြင်းကိုလျစ်လျူရှုရင်း
တိတ်ဆိတ်ခြင်းကို ကိုယ်တိုင်နားမလည်
ပေးဆပ်ခြင်းကို ကိုယ်တိုင်နားမလည်
ဖြစ်တည်ခြင်းကို ကိုယ်တိုင်းနားမလည်
အရာခပ်သိမ်းတို့၏ အလိုဆန္ဒပြည့်ဝရန် ဆုတောင်းနေလေသည် ။ ။
ဆုမြတ်မိုး
0 comments: