တစ်ခုသော ကောင်းကင်အောက်က အိပ်တန်းကွဲငှက်ငယ်



ဒီနေ့ အုံ့အုံ့ကလေးနှင့် မိုးလေဝသက သဘောကောင်းနေပုံရတာကြောင့် ကျွန်တော် တစ်ခါတစ်လေမှ ထွက်တတ်သည့် အိမ်အပြင်ဘက်ကို ထွက်ခဲ့သည်။ အပြင်ထွက်တိုင်းပါလာနေကြ Samsung ထုတ်ကင်မရာတစ်လုံးဖြင့် ဟိုချောင်းဒီချောင်း တစ်ဖြတ်ဖြတ်ရိုက်ရင်း ဆူးလေဘုရားနားရောက်မှန်းမသိရောက်လာခဲ့သည်။
ဘုရားအနီးရင်ပြင်တွင် ဝဲပျံ အစာတောင်းနေသော ငှက်တွေကြား ဓါတ်ပုံရိုက်ရန်မှာ ကြည်နူးဖို့ကောင်းလှသည်။ ကဗျာဆန်ဆန် ခံစားတတ်သော နှလုံးသားက မွေးရာပါထင်။ သစ်ရွက်လေးလှုပ်တာတောင် ကျွန်တော့်နှလုံးသားက ကဗျာတစ်ပုဒ်ဖန်တီးနေမိသည်။ ငှက်တွေတောင်ပံခတ်တိုင်း ကျွန်တော်ရင်ခုန်တတ်သည်မှာ မဆန်းတော့ပါ။ ဓါတ်ပုံရိုက်ရန် မြင်ကွင်းကောင်းကောင်းလိုက်ရှာသော်လည်း အရောင်စုံလှသော လူတွေမပါစေချင်သဖြင့် လူသူကင်းရှင်းသော ငှက်အုပ်ကြီးကို ချောင်းနေမိတော့သည်။
ခဏအကြာ ကျွန်တော်လက်တို့ ကင်မရာတွင် တဖြတ်ဖြတ်လှုပ်ရှားနေပြီဖြစ်သည်။ အကြောင်းပြချက်က ကျွန်တော့်ကို ငေးမောသွားစေသော အလှပိုင်ရှင်ကလေးကြောင့်သာ။ ခိုကြားတွင် သူ့အပြုံးတို့ အပြစ်ကင်းစင်လှသည်။ မရည်ရွယ်ဘဲ့ ရိုက်ဖြစ်သွားသော်လည်း ခွင့်တောင်းရန် စိတ်တွင်မရှိသေးပါ။ခဏလောက် လိုက်ကြည့်နေမိသေးသည်။

ဟော….မကြာပါ။ သူဆွေ့ဆွေ့ခုန်နေပါသည်။ သူ့ဂျင်းကုတ်ပေါ်တွင် ခိုငှက်များ လာဘ်လာဘ ပေးသနားခဲ့သောကြောင့် ထိုအရာကို လက်မမိုးဖြင့် ခါချရင်း  ရှုံ့မဲ့ခုန်ဆွ  နေပါသည်။ ခိုချေးကို မမြင်ခဲ့ဖူးသလိုမျိုး ပေကျံနေသော လက်ဖမိုးကို အသာနမ်းကြည့်လိုက်သေးရာ ရနံ့သင်းလေသလားမသိ။ အစွန်းကုန်ရှုံမဲ့ လျှာထုတ်လိုက်ရာ ကျွန်တော် အသံထွက်ရယ်မောမိလောက်သည်ထိ သူက သရုပ်ဆောင်ကောင်းနေသည်။ သူက ကျွန်တော့်ရယ်သံကြားတော့ ပတ်ဝန်းကျင်ကို ခုမှလှည့်ပတ်ကြည့်ဟန်တူသည်။ ကျွန်တော်ကိုတွေ့သွားပြီး ရှက်ဖြာသွားသော သူ့မျက်နှာပန်းရောင်ဖူးဖူးလေးကို ကျွန်တော်မေ့နိုင်မည်မထင်တော့ပါ။

အသာအယာလှည့်ကြည့်သော သူ့အား ကျွန်တော် အသိအမှတ်ပြုချင်စွာဖြင့် ခေါင်းကို အသာညိတ်ပြသော် သူလဲ အလိုက်အထိုက်ညိတ်ပြကာ ခိုအုပ်အနားမှ ထွက်ခွာသွားတော့သည်။ ကျွန်တော်မှာသာ ခနတွေ့လိုက်ရသော အခိုက်အတန့်လေးကို တစ်သက်လုံး သိမ်းထားချင်သူပမာ ရင်မှာအမျိုးအမည် မသိဟာတာတာကြီးဖြစ်ကျန်ခဲ့သည်။ နာရီစက္ကန့် တစ်ဖြတ်ဖြတ်နဲ့ခုန်ပေါက်ဖြတ်ကျော်နေသော ဒီကမ္ဘာကြီးအောက်မှာ အမည်မသိ၊နေရာဒေသမသိသော လူတစ်ယောက်ကို မျက်လုံးနဲ့သာဆုံရသေးသည်။ ဒါပေမယ့် မြင်မြင်ချင်းစွဲလမ်းနေမိတာ ကျွန်တော်မှားလား။    ။
(၁)

မဆုံနိုင်တော့မှန်း သိနေသော်လည်း တွေ့ချင်နေမိသည်။ မဖြစ်နိုင်ဟု အသာခေါင်းငြင်းခါရင်း လျှောက်လာနေသည်မှာ ပန်းဆိုးတန်း စာအုပ် အဟောင်း ရောင်းဆိုင်တန်းကြီးကိုတောင် ရောက်မှန်းမသိရောက်လာသည်။

စာအုပ်ကောင်းတစ်အုပ် နှင့် ကော်ဖီတစ်ခွက်ရှိနေလျှင် ဘာနှင့်မှ မလဲတတ်သော ကျွန်တော့်အဖို့ စာအုပ်မြင်ရင် မနေနိုင်ပါ။ ဒီနေ့ထုတ် သတင်းစာတစ်စောင်ကို ဟိုသည်လှန်ကြည့်ရင်း စိတ်ဝင်စားသော အကြောင်းအရာတွေ့လျှင် ဇိမ်စွဲဖတ်တတ်သော ကျွန်တော်။

အခုလဲ သတင်းထူးတစ်ပုဒ်ကို မတ်တပ်ရပ်လျှက်ဖတ်နေစဉ် နိုင်ငံခြားဘာသာစကားဖြင့် အော်သံတစ်ခု ကြားလိုက်သည်။ သတင်းစာမှ မျက်နှာခွာကာ အသံလာရာ လှည့်ကြည့်လိုက်ရာ လူတစ်ယောက် ကျွန်တော်ဘက် ပြေးလာနေသည်။

ထိုသူမှာ အမျိုးသမီးလွယ်အိတ် ကလေးနှင့် ဖတ်လတ် ဖတ်လတ် ပြေးရင်း အနောက်မှာခုန်ဆွ ခုန်ဆွ နှင့်အော်နေသော ကျွန်တော့် ရဲ့သူမ။ ခါးပိုက်နိုက်ခံရတာဖြစ်ပါလိမ့်မည်။ ဘာလုပ်ရမှန်းမသိစွာ ဖြင့် ယောင်ယောင်မှားမှား ခါးပိုက်နိုက်ကောင်နောက်ပြေးလိုက်ပြီး အိတ်ကိုပြန်သွားလုရန် ပြေးလိုက်တော့သည်။ ခါးပိုက်နိုက်ကောကလဲ ပြေးရင်းအိတ်ကိုလှန်လောရှာဖွေကြည့်သော် ဘာမှမတွေ့သည်ထင်။ အိတ်ကို ဘုန်းခနဲ့ပစ်ချ၍ အားကုန်ပြေးသွားတော့သည်။ ကျွန်တော်လဲ ဆက်လိုက်စရာမလိုတော့။

ပစ်ချခဲ့သော အိတ်ကို အသာကောက်ကာ ဖုန်အချို့ခါလိုက်ပြီး ကောင်မလေးဆီ ပြန်လှမ်းလိုက်သည်။ ငြိုးငယ်နေသော သူ့မျက်နှာ သည် သည်လိုမျိုးလဲ ချစ်စရာကောင်းနေပြန်သည်။ ပစ္စည်းပျောက်သွားသော ခလေးမတစ်ယောက် ငြိုးရော်စွာထိုင်စောင့်နေသလိုမျိုး ကျွန်တော့်မှာ သနားလည်း သနား၊ ရယ်လည်းရယ်ချင်ပါသည်။

ခေါင်းငိုက်စိုက်ကျနေသော သူမရှေ့ ခြေအစုံရပ်လိုက်ရင်း သူမမျက်နှာအမော့ကို အပေါ်စီးကစောင့်ဆိုင်းငုံ့ကြည့်နေလိုက်သည်။ တဖြည်းဖြည်းပင့်လာတော့ သူမရဲ့မဟော်ဂနီရောင်ဆံနွယ်ပြီးမှ ဖူးလာသော ချစ်ချင်စရာ မျက်နှာပိုင်ရှင်က ကျွန်တော်ကိုအံ့သြသော မျက်လုံးအစုံဖြင့် ပါးစပ်ဟောင်းလောင်း၊ လက်ညိုးတစ်ထိုးထိုးလုပ်နေပါတော့သည်။

ကျွန်တော်ပြုံးလျှက်ပင်သာ ခါးနောက်ပစ်ထားသောသူမ အိတ်ကိုပေးလိုက်ရင်း စကားစပြောရန် စကားလုံးတို့ဆွံ့အနေသည်။ ပစ္စည်းပျောက်တစ်ခုကိုပြန်ရလိုက်သော ကလေးမတစ်ယောက်ဟန်ဖြင့် အိတ်ကိုဖွင့်ကာ စစ်ဆေးကြည့်နေသည် ကို အသာပင်ကြည့်နေမိသည်။ ထိုနောက်တွင်မှ သူမဆီမှ စကားတစ်ခွန်းထွက်လာခဲ့သည်။

“ဆော်ဝဒီခါ့။ ခွန်ဖူးမားနာ့ခါ”

ကမ္ဘာကြီး တစ်ခုလုံးပြောင်းပြန်ဆန်ခတ်ဖြစ်သွားသည်လို့ ကျွန်တော်ထင်မှတ်သည်။စကားလေးတစ်ခွန်းက ကျွန်တော်ကို အတူရှိပါလျှက်နှင့် တစ်ကမ္ဘာခြားသွားစေသလိုတောင် ထင်မိပါသည်။ အလိုက်သင့် “ရပါတယ်” ပြောဖို့တောင် နှုတ်ကဆွံအ၊ စကားသံတို့တစ်ခန်းရပ်၊ ဒီတစ်ခါမျက်လုံးပြုး ပါးစပ်ဟောင်းလောင်းနှင့် ကကျွန်တော်ဖြစ်သည်။

ဘာဖြစ်ဖြစ်ကိုယ့်နိုင်ငံကို လာလည်သော သူမကို တတ်နိုင်လောက်ကူညီရမည်။ ဖြူစင်စွာနှင့် ကူညီပေးချင်ပါသည်။ သူမက ကူညီတာကို သိမှတ်ပြုသည့်အနေဖြင့်  သူမရဲ့ လိပ်စာကဒ်လေး ကိုလွယ်အိတ်ထဲမှ လှန်လှောရှာဖွေကာ ကျွန်တော်ကိုထုတ်ပေးခဲ့သည်။ ထွက်သွားတော့သည့် သူမခြေလှမ်းတို့ကို ကျွန်တော်မတားနိုင်ခဲ့ပါ။ ကဒ်လေးတစ်ခုကျွန်တော့လက်ပေါ်ဝယ် ရောက်ရှိလာပြီးနောက် တစ်ချက်လှည့်ကြည့်ကာ နုတ်ဆက်ထွက်သွားတော့ သူမ ကျောပြင်လေးကို အသာငေးကြည့်ပြီး ကဒ်လေးကိုအသာငုံ့ကြည့်စဉ် ကျကျန်ခဲ့သော သူမ ဗီဇာစာအုပ်လေးကို အမှတ်တမဲ့မြင်မိသဖြင့် ကောက်ယူကာသိမ်းဆည်းလိုက်သည်။ နိုင်ငံခြားသူတစ်ယောက်အတွက် အသက်မျှ အရေးကြီးသော ဗီဇာစာအုပ် ကလေးသည် ခုဏတုန်းက လိပ်စာကဒ်ရှာရင်းကျန်ခဲ့တာဖြစ်မည်။ပြေးလိုက်ကာ ပေးမည်လုပ်သော်လည်း သူမအရိပ်အယောင်တောင်ရှာမတွေ့တော့ပါ။

ကျွန်တော်တို့ အကြောင်းဖန်ပုံကိုသာ အသာပြုံးမိတော့သည်။ ဒါဆို နောက်ထပ်ဆုံရန်ရှိသေးပါ၏။
(၂)

သူမနဲ့ထပ်ဆုံပါက ကျွန်တော်အ,ထစ်နေခြင်းမျိုးမဖြစ်စေချင်တော့ပါ။ သူမကိုတစ်ခွန်းလောက်တော့ပြောချင်ပါသည်။ ကျွန်တော်သူမကို မြင်မြင်ချင်း ချစ်မိသည့်အကြောင်းကိုသာ။ စိတ်ကူးရင်း  ကျွန်တော် လှမ်းလိုက်သည်က စာအုပ်ဆိုင်စတိုးဆီသို့။ ဆိုင်ရှင်ကိုမေးကြည့်မနေတော့ပါ။ စာအုပ်စီထားရာ ကော်လံအလိုက် “နိုင်ငံခြားဘာသာပြန် အဘိဓာန်များ” စင်ရှိရာကို လျှောက်လာလိုက်သည်။ ထိုင်း-မြန်မာ-အင်္ဂလိပ် ကိုမလိုအပ်ပါဘဲနဲ့ကျွန်တော်ဝယ်မိသည်။ ထိုအဖြစ်ကိုတွေးရင် ကျွန်တော်ကိုယ့်ကိုယ်ကိုပြန်ဟားတိုက်နေမိမည်မဟုတ်။ ကျွန်တော် ကျေနပ်စွာ အလိုက်တသင့်စီးမျောကြည့်နေတာပင်။ အကယ်၍များ ပြန်ဆုံနိုင်ဦးမည်ဆိုရင်။ ဒါလေးက အထောက်အကူပြုကောင်းပါရဲ့။
ငွေရှင်းရန် ကျွန်တော် စာအုပ်လေးကိုင်ပြီး  ကော်လံထောင့်မှထွက်လာစဉ် လူတစ်ယောက်ကို အမှတ်မထင် တိုက်မိသည်။ နာကျင်သွားသောကိုယ့်ပုခုံးကိုပွတ်ရင်း လဲကျသွားသော တိုက်မိသူကို ကြည့်လိုက်ရာ ပါးစပ်ပင်ဟောင်းလောင်းဖြစ်သွားပြန်သည်။ ဒီတစ်ခါတော့ ပါးစပ်ဟောင်းလောင်းက ကိုယ်သာမဟုတ်။ သူရော ကိုယ်ရော။ တိုက်ဆိုင်လွန်းသော တွေ့ဆုံခြင်းကိုလဲ နှစ်ယောက်သားပြိုင်တူရယ်မိသည်။ ဟုတ်ပါသည်လေ၊ပြောစရာစကား သူရော ကိုယ်ရောစုံစုံလင်လင်ထွက်မလာနိုင်သည့် ဘဝမျိုးမဟုတ်ပါလား။

သူမကို ကျွန်တော်လက်ကမ်းလိုက်ပြီး ထူလိုက်သည်။ ကုန်းရုန်းထလာသော သူမက ဖုန်ခါရင်း ပြုတ်ကျနေသော ထိုင်း-မြန်မာ-အင်္ဂလိပ် စာအုပ်ကိုကောက်ယူလိုက်သည်။ တိုက်ဆိုင်ပြန်ပြီ။ ကျွန်တော်က သူမကိုလက်တို့၍ ကျွန်တော့်ဝယ်မိထားသော စာအုပ်လေးကိုမြောက်ပြလိုက်ရာ သူမမျက်လုံးကလေးပြူးပြီးထပ်အံ့သြပြပြန်သည်။ ကျွန်တော် မခံနိုင်တော့။ချစ်ဖို့ကောင်းလွန်းလို့ မနမ်းမိအောင်သာ စိတ်ကိုထိန်းရသည်လေ။ သူကကိုယ့်အိမ်လာလည်သူကို ကူညီပေးရမည် ကိုသာ အသိစိတ်ကိုအမြန်သွတ်သွင်းရပါသည်။

သူမက တစ်ခုခုကျွေးပါရစေ ဟုခြေဟန်လက်ဟန်ပြကာခေါ်ပါသည်။ ကျွန်တော်တို့ကောင်တာမှာငွေရှင်းပြီးသည်နောက် သူမကိုညဈေးတန်းဖက်ခေါ်လာခဲ့သည်။ ရိုးရာမုန့်၊ထိုင်းစာ၊တရုတ်စာ အစုံရသော ညဈေးတန်းက လူစည်စည်နှင့်မို့ သူမတော်တော်ပျော်ရွင်နေပါသည်။ မုန့်တစ်ခုကို ဝယ်၍ ခုံတန်းတွင် နှစ်ယောက်သားထိုင်စားပါတော့သည်။ ကိုယ်ကလဲအစားမဝင်သေးသဖြင့် မြိန်ယှက်စွာစားနေသလို သူမလဲ ဤအတိုင်းဖြစ်မည်ထင်။ ခေါင်းမဖော်တမ်းကိုတီးနေသည်။ ကျွန်တော် သူမကိုခိုးကြည့်သည်။ နှုတ်ခမ်းအထက်တွင်ပေနေသော မုန့်အစအနေလေးကိုတောင် အမှုမထားနိုင်အားပဲ လွေးနေသောသူမ ကကျွန်တော့်စိတ်ကိုညို့နိုင်လွန်းသည်။ ကျွန်တော်သတိရလာသည်နှင့် သူမဗီဇာစာအုပ်ကို အသာထုတ်၍ လက်တို့ပေးမိသည်။ သူမ အံ့သြပြူးကျယ်သောမျက်ဝန်းတို့နှင့် ဝမ်းသာအားရဖြစ်ဟန် ကျွန်တော့ကိုလှမ်းဖက်လိုက်သည်မှာ အလွန်မြန်ဆန်သော်လည်း ကျွန်တော့်စိတ်တွင် အနှေးကွက်ပြသည်နှယ် ။ နောက်တစ်ခါလောက် နောက်တစ်ခါလောက်ဟုသာ စိတ်တွင်ရေရွတ်မိသည်။
သူမဖက်ပြီးမှ တောင်းပန်သော အသံဖြင့်
“ ဆောရီး….ခထော့နားခါ့”
ဘာပြောလဲကျွန်တော်မသိပါ။ ကျွန်တော့ အဘိဓာန်လေးလှမ်းပေးလိုက်သည်။ သူမက အထာသိစွာနှင့် ပြောလိုက်သောအဓိပ္ပါယ်ကို လျှင်မြန်စွာရှာပေးသည်။  သြော်…..“ခထော့နားခါ့”က “  တောင်းပန်ပါသည်ရှင်”ကိုး။ ကျွန်တော်လဲ အလျှင်မြန်စွာ ပြန်ရှာဖွေသည်။ တွေ့သည်။ စကားလုံးအထစ်ထစ်အငေါ့ငေါ့ နှင့်ပင်။

“ဒိုင်းခပ်”
သေနတ်ပစ်တာတော့မဟုတ်ပါ။ သူ့ဘာသာစကားကို က ရပါတယ် ဆိုတာကိုဒီလိုအသံထွက်သည်ထင်။ တွေးရင်းရယ်ချင်သည်။ စားသောက်ပြီးသော် သူမကို ကျွန်တော် မနက်ကရိုက်ခဲ့သော ဓါတ်ပုံကိုထုတ်ပြသည်။ သူမက ချစ်စဖွယ် မျက်နှာလေးဖြင့်လက်ခုပ်ကလေးတီးကာ

“စဝေကျန်း….။ဒီမားကွာ”

ဘာပြောမှန်းတော့မသိပါ။ သေချာမှတ်ထားပြီး အိမ်ရောက်မှရှာကြည့်ရမည်။ သူမကိုငေးကြည့်စဉ် သူမက ကိုယ့်ကိုပြန်ငေးကြည့်စဉ် နှစ်ဦးသား မျက်ဝန်းကြားမှာ ဘာသာစကားမဲ့စကားတွေ အများကြီးပြောဖြစ်သွားသည်။ သူမနှင့် ဒီနေ့လျှောက်လည်ခဲ့သည်။ပျော်ခဲ့သည်။ သူမတည်းခိုရာ ကိုပြန်လိုက်ပို့ခဲ့ပြီးနောက်ကျွန်တော်တစ်ယောက်တည်း အိမ်ပြန်ခြေလှမ်းတွေနှေးကွေးနေသည်။

မနက်ဖြန်ဆိုရင် သူမနှင့် ကျွန်တော် ပိုနေမြဲ ကျားနေမြဲပြန်ဖြစ်တော့မည်။ တစ်ရက်မှာဆုံတွေ့ခဲ့ပေမယ့် နောက်တစ်ရက်မတွေ့နိုင်တော့ဘူး ဆိုတဲ့အသိ ခါးသီးနေသည်။ လူသဘာဝ ရုန်းကန်ခက်ခဲလှသော သည်အသိုင်းအဝိုင်းကြားမှာ မနက်ဖြန်ဆိုတာ မသေချာ မရေရာခဲ့ပါ။ မသေချာတဲ့ အရေအရာမရှိတဲ့ လောကကြီးမှာ ကျွန်တော်တို့တွေ အချိန်တွေဆွဲ၊ မနက်ဖြန်တွေကိုအားကိုးခဲ့သည်မှာ မှားယွင်းလေစွ ။ ယနေ့ ကျွန်တော့်အသိကိုလာရောက်ရိုက်ပုတ်သွားသော သူမကိုကျွန်တော်မေ့နိုင်မည်မဟုတ်တော့ပါ။ သံယောဇဉ်လည်း ထိုနည်းလည်းကောင်းပါပဲ။ ခဏအချစ်တွေ ဘယ်လောက်အများကြီးကြွေလွင့်ပြီးပြီလဲ။ သူမနဲ့ဆုံတွေတာ သူမကို ပြန်တွေ့ချင်တာတွေဟာ အချစ်လို့ ကျွန်တော်ရဲရဲကြီးဝန်ခံချင်ပါသည်။ ခဏသာချစ်ခဲ့ရသော ကျွန်တော့်အချစ်ကရော နံပါတ်ဘယ်လောက်မှာဗိုလ်စွဲမည်နည်း။    ။
(၄)

“ကလင်..ကလင်…ကလင်”
ခေါင်းရင်းက နိုးစက်သံမြည်ချိန် အိပ်ရာမှ ထကာ ရေချိုး မျက်နှာသစ် အဝတ်လဲပြီးနောက် ကျွန်တော်ကမန်းကတန်း လေဆိပ်ကိုသွားရန် တက္ကစီ တားလိုက်သည်။သစ်လွင်တောက်ပသော ဝတ်စုံကို ကျွန်တော် ငုံ့ကြည့်လိုက်သည်။ ဒီပုံဒီပန်းနှင့် ရယ်စရာတော့အကောင်းသား။ ခွဲခွာတော့မည့် လူတစ်ယောက် ကိုသစ်လွင်တောက်ပစွာ လိုက်ပါပို့ဆောင်ခြင်းဆိုတာ တခြားလူတွေအတွက် ရယ်စရာပင်ဖြစ်နေလိမ့်မည်။

သွားရင်းနှင့် လမ်းမှာ ပန်းလက်ဆောင်ပေးရန် ကားဆရာ ကို ခဏရပ်ဖို့ မှာကြားလိုက်သည်။ ကံဆိုးလား ၊ ဒါမှမဟုတ် မဆုံစေချင်တော့လို့လားမတွေးတတ်ပါ။ လမ်းမှာကားပိတ်နေပါသည်။ စောင့်သည်။စောင့်နေသည်။ လက်ကနာရီငုံ့ကြည့် အချိန်ကစေ့တော့မည်။ ကားခကိုကားဆရာအားပေးပြီး ကားပေါ်မှဆင်းပြေးပါတော့သည်။နှင်းဆီပန်းလက်ဆောင် ဝယ်မည့် အစီအစဉ်လဲ ဘယ်ဆီလွင့်သွားမှန်း မသိတော့ပါ။ခေါင်းတွင် တစ်ဝီဝီမြည်နေသော သတိပေးချက်မှာ သူမထွက်ခွာရန် အချိန်နီးပြီဖြစ်သည် ဟုသော အတွေး မီးဝါတွေ မီးနီတွေ တစ်ဖြတ်ဖြတ်လင်းနေသည်လို့တောင်ထင်ရသည်။တစ်မှတ်တိုင်ပြီး တစ်မှတ်တိုင် ကျွန်တော်ပြေးသည်။အားစိုက်ကာပြေးသည်။ကျွန်တော်တစ်ခါမှဒီလောက်မပြေးဖူးပါ။ သူ့ကြောင့်ဆိုတော့ အသိကတော့ ရင်ကိုတကယ်ပင်နွေးစေပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ကြီးကိုလှမ်းမြင်ပြီးနောက် ပါးစပ်မှလဲ မနားတမ်းရွတ်ပါသည်။ “ထိုင်းလေယာဉ် မထွက်ပါစေနဲ့ဦး ”လို့အကြိမ်ကြိမ် ရွတ်ရသည်မှာ မောပန်းသည်ဟု မထင်မိပါ။ ဆုတောင်းတိုင်းသာပြည့်မည်ဟုဆိုလျှင် ကျွန်တော်ဆုချည်းသာတောင်းနေတော့မည်။လုံခြုံရေးက  အနှောင့်အယှက် ဖြစ်စွာ မှတ်ပုံတင်လာတောင်းရာ ဒေါသထွက်ထွက်နှင့် လျှင်မြန်ထုတ်ပေးပြီး ပြန်အပေးပင် မစောင့်တော့ဘဲ့ သူမကို ပတ်ရှာကြည့်သည်။ လေယာဉ် အထွက်စာရင်းကို လှမ်းကြည့်လိုက်ရာ ငါးမိနစ်စွန်းပြီးဖြစ်သော ထိုင်းလေယာဉ် က ထွက်ခွာရန်ပြေးလွှား နေစဉ် နွမ်းလျစွာ အဆောက်အဦး မှန်ပြတင်း သွားရပ်နေမိသည်။ သူမ များ လေယာဉ်ပေါ်မှ ကျွန်တော့်အား အဆောက်အဦးထဲတွင် တွေ့လို တွေ့ငြားရှာဖွေနေမလား ဆိုသော မျှော်လင့်ချက် ယဲ့ယဲ့ဖြင့် ရပ်နေမိသည်။

ထွက်ခွာသွားသော သူမကို နောက်ကျောလေးတောင်မတွေ့လိုက်ရ။ လေယာဉ်ကြီးထွက်ခွာသွားတော့ ကျွန်တော်လဲရင်ပက်လက်နဲ့ကျန်ခဲ့လေသည်။ နောက်ထပ်ပြန်ဆုံခွင့်ရရင် သူ့ကိုကျွန်တော် ဦးစွာပြောဖြစ်မည့်စကားလေးတစ်ခွန်းက

“ချန်ရပ်ထယ်”


ဒါပါပဲ။ ဒီလောက်ပါပဲ။ မျက်ရည်တွေလဲမကျချင်တော့ပါ။ မိုးတိမ်တွေ အုံလိုက်ကျင်းလိုက် ပြိုကျတော့မယောင်နှင့် စိုစွတ်လာတော့ မျက်လုံးအိမ်ကို မျက်တောင်သာ နာနာ တဖြတ်ဖြတ်ခပ်ရင်း ဟာတာတာဖြစ်နေသောရင်မှာတော့ ငိုနေတာ အသေအချာပါပဲ။ သံယောဇဉ်ကလဲ အမြစ်တွယ်မြန်ပါဘိ။

သွားပါတော့ “ဆူရင်ဝပ်တနီ” ။ မင်းနှင့်ငါ နှင့် ရေစက်ပါးပါးလေးကြောင့် 24 နာရီတောင် မပြည့်ဘဲ့ သုံးလေးခါမျှ ဆုံတွေ့ခဲ့ကြတာပါ။ မင်းတို့ဘာသာစကား ငါမသိသလို ငါ့ဘာသာစကား မင်းမသိလေတော့ တို့ရေစက် ထပ်မကျနိုင်တော့ဘူး ထင်ပါရဲ့။ မင်းနာမည်လေးတောင် မင်း၇ဲ့ဗီဇာစာအုပ်လေးကြောင့် သိခွင့်ရခဲ့သည်။ မင်းပေးတဲ့လိပ်စာကဒ်က ထိုင်းစာဆိုတော့ ငါလဲ မင်းစာတွေကို အချိန်ကုန်ခံပြီး သင်မနေတော့ပါ။

ချစ်မိလိုက်တယ်လို့ သတ်မှတ်လိုက်ပေမယ့် လက်ထပ်ဖို့အထိငါမစဉ်းစားခဲ့ပါ။ အမျိုး ဘာသာ သာသနာ တူတဲ့ မြန်မာ မိန်းကလေးကိုသာ ငါတာဝန်ယူမည့် ဇနီးလောင်း သာဖြစ်စေချင်ပါသည်။ အခုလို ခဏ ဆုံတွေ့ခဲ့တာပဲ တစ်မျိုးကောင်းပါသည်။ မင်းကိုငါ တစ်ချိန်က အရင်းနှီးဆုံး နိုင်ငံခြား မိတ်ဆွေတစ်ယောက်လို့ ငါမှတ်ယူလိုက်တော့မည်။

တို့တွေ ခဏတွ့ဆုံခဲ့ခြင်းဟာလဲ ဇာတ်ဆရာအလိုကျ ဖြတ်လျှောက်ခန်းလေး ကပြရသလိုသာ...။ ဒါဆိုတော့ အဆုံးမဲ့ ကောင်းကင်တစ်ခုမှာ အိပ်တန်းခြင်းမတူတဲ့ ငှက်နှစ်ကောင် ဘယ်လိုမှ ပေါင်းစပ်လို့မရနိုင်တာကြောင့် ကိုယ့်နေရာဌါန ကိုသာပြန်ပါတော့....နှုတ်ဆက်လိုက်ပါရဲ့......။     ။

အားလုံးကိုချစ်ခင်လေးစားလျှက်
ပျူမခ (ကော့သောင်း)

0 comments: