သရုပ်ခွဲ ဇာတ်ညွှန်းတစ်ပုဒ်


ပြတင်းပေါက်ခန်းဆီးစကို ဆွဲဖယ်လိုက်စဉ် အပြင်ဘက်မှ မိုးငွေ့ပါသော လေအေးများ တိုးဝင်လာကြသည်။ ထိန်ထိန်ဝါတောက်ပနေသော မီးရောင်များအောက်မှာ သက်ဝင်လှုပ်ရှားနေသော ကွန်ဒိုများ၊ အီလက်ထရောနစ် ရထားများ၊ အဆင့်မြင့် ကားများက ည၏အလှအပကို ပို၍ပေါ်လွင်စေသကဲ့သို့။
ညဆိုတော့… ကိုယ်တို့မြို့က ညလေးတွေကို ပြန်လွမ်းမိသည်။ လပြည့်ရက်များဆိုလျှင် မီးရောင်ထက် လရောင်ကို ပို၍အားကိုးကာ မြို့လေးသည် လှချင်တိုင်း လှနေတတ်သည်။ လတစ်ခြမ်းပဲ့ကိုပင် ချစ်တတ်သော မြို့လေးပင်။ ကလေးငယ်များကလည်း မလာတစ်ချက် လာတစ်ချက် မီးရောင်ထက် ထိန်ထိန်သာသော လပြည့်ဝန်းကိုပင် ပို၍ ချစ်ကြသည်။

တစ်ချက်တစ်ချက် ညာသံပေး၍ ဆိုက်ကပ်တတ်သော ရထားများကြောင့် ကိုယ်တို့မြို့က အချိန်မှန်ခြင်း မမှန်ခြင်းထက် စိတ်လိုလက်ရရှိချိန်မှ ဆိုက်တတ်သော လူစီးနည်း တန်ဖိုးမြင့် ရထားများကို သတိရမိသည်။ ငယ်ငယ်က ရထားစီးလျှင် လေဒလဟော ရသည့်အပြင် ပတ်ဝန်းကျင်၏အလှတရားကိုလည်း ခံစားနိုင်သောကြောင့် ရထားစီးရခြင်းကို အလွန်နှစ်သက်ခဲ့မိသည်။ ရထားပေါ်တက်လိုက်သည်နှင့် လေအေးပေးစက်မှ ထွက်လာသော လေအေးများ၏ လွှမ်းခြုံခြင်းကို ခံစားရသော်လည်း ငယ်ငယ်ကစီးခဲ့သော ရထားလောက် မမက်မောမိချေ။
MRT Card ကို ငွေအလုံအလောက်ထည့်ထားလျှင် လိုရာသွားနိုင်သော ခရီးများတွင် စပယ်ယာထံမှ ပိုက်ဆံအနွမ်းများ၊ အစုတ်များရမှာကို မပူရသလို၊ ငေါက်ငမ်းသံများအစား ချိုသာသော အသံလွင်လွင်ကိုသာ ကြားရသည်။ ကြာလာတော့လည်း ချိုချိုသာသာအသံအစား အလိုမကျ ငေါက်ငမ်းသံများကို ပြန်လွမ်းမိသလိုလို။ လမ်းတစ်လျှောက် လွယ်လင့်တကူသွားနိုင်ရန် အညွှန်းဆိုင်းဘုတ်များနှင့် မြေပုံတွေကို မြင်ရပြန်တော့ မကျွမ်းကျင်သော လမ်းများတွင် ဆိုင်ကယ်တစ်စီးနှင့် တစ်လမ်းဝင်တစ်လမ်းထွက် မေးမြန်း၍ သွားခဲ့ရသည်ကို သတိရမိသည်။ ကိုယ့်အတွက်ကတော့ အံဝင်ခွင်ကျဖြစ်နေသည့် အရာများထဲမှ သွေဖည်၍ နေရသည့်အတွက် ပြည့်စုံသည့်နေရာတွင် မပြည့်စုံသလို ခံစားမိလေသည်။
လ္ဘက်ရည်ကို နှစ်ချို့သောက်ခဲ့သော ကိုယ့်အတွက် မနက်မိုးလင်းလျှင် လွယ်ကူသော ပေါင်မုန့်နှစ်ချပ်နှင့် ကော်ဖီတစ်ခွက်တို့သာ အဖော်သစ်ပင်။ အလျဉ်းသင့်မှ သတင်းစာ ကောက်ကိုင်တတ်သော ကိုယ်… ကော်ဖီတစ်ခွက် စက်ရှေ့ချ ပြေးဝယ်ထားသော သတင်းစာမှ အလုပ်ကြော်ငြာများနှင့် နပန်းလုံးရသည်။ တစ်စောင်ကို ဆင့်ကိုးဆယ်ပေးရသော သတင်းစာကို နေ့တိုင်းဝယ်ရကာမှ အဆင်သင့်ဖတ်နိုင်ရန် လစဉ်ပေးဝယ်သော အဘွားတို့ကို ကိုယ်ချင်းစာမိသည်။ အိမ်မှပါလာသမျှ ချွေတာသုံးရင်း ဘုရားရှေ့တွင် ဆုတောင်းရသည်မှာလည်း ရှင်တော်မြတ်ဘုရားသာ သက်ရှိထင်ရှားရှိနေဦးမည်ဆိုလျှင် နားခံသာမည်မဟုတ်ပေ။ ရသမျှ ပရိတ်၊ ပဌာန်းတို့ကို ဌာန်ကရိုဏ်းကျသည် မကျသည်ထက် အလိုလောဘအားကိုးနှင့် အကြိမ်များစွာ ရွတ်ရပြန်သည်။
ဘုရင့်နောင်ဖောင်ဖျက်သည့်ထုံး နှလုံးမူကာ စိတ်မာန်တင်းခဲ့သော်လည်း သိမ်ငယ်စိတ်များ ဝင်လာချိန်တိုင်း မျက်ဝန်းမှ မျက်ရည်များ စို့တက်လာတတ်သည်။ ထိုမျက်ရည်များကြားမှ ကိုယ့်ဇာတ်ညွှန်း ပြီးပြည့်စုံစေရန် အားထုတ်ရပေဦးမည်။ မည်သို့ပင်ဖြစ်စေ ဘုရင့်နောင်သည်လည်း လူသားပေမို့ မျက်ရည်တော့ ဝဲတတ်ခဲ့လိမ့်မည် ထင်ပါသည်။
မြန်မာဟင်းလျာစစ်စစ်မှ စားတတ်သော၊ အိမ်ထမင်းဟင်းကိုမှ ကြိုက်တတ်သော ကိုယ့်အတွက် အနောက်တိုင်း၊ ဂျပန်၊ ကိုရီးယား စသည့် အဆင့်မြင့် အစားအသောက်များသည် ခံတွင်းလိုအင်ကို မဖြည့်ဆည်းနိုင်ကြ။ KFC နှင့် Burger King တို့ကိုလည်း ကိုယ် မမက်မော။ အာလူးချောင်းကြော်ပေါ် ချိစ်တွေစမ်းပြီး Pepsi နှင့် မြည်းရန်လည်း ကိုယ် မနှစ်သက်။ သို့ဆိုလျှင် အရာရာသည် ကိုယ့်အတွက် အသစ်အဆန်းတွေဖြစ်ရုံမျှမက ငြီးငွေ့စရာတွေလည်း ဖြစ်စေပြန်သည်။ ပြည့်စုံစွာနေရခြင်းသည် ဤကဲ့သို့သာဆိုလျှင် ကိုယ်သည် မပြည့်စုံသော နေရာတစ်ခုသို့ ရောက်နေရခြင်းပင်။ ကိုယ်နှင့် အံဝင်ခွင်ကျ ဇာတ်ညွှန်းတစ်ပုဒ်မှ ခွဲထွက်၍ ပိုကောင်းမည်ထင်သော ဇာတ်ညွှန်းကို သရုပ်ဆောင်ကြည့်ရန် ကြိုးစားမိကာမှ နိဒါန်းအစမှာပင် အရာရာသည် ကိုယ့်ကို ပြီးခဲ့သော ဇာတ်ညွှန်း၏ အနှစ်သာရများအား ပြန်လည် လွမ်းမောမိစေပြန်သည်။
အရုဏ်ဦး၏ နှိုးစက်သည် ငှက်ကလေးများ၏ အသံစာစာများအစား စက်တပ်ယာဉ်များ၏ နှုတ်ဆက်သံများပင် ဖြစ်ပြန်သည်။ လမ်းတစ်လျှောက် ယူနီဖောင်းဝတ် တစ်ကိုယ်တော် ကျောင်းသားငယ်များကို မြင်ရပြန်တော့ ကိုယ်တို့မြို့က ကျောင်းရှေ့များတွင် မိဘများနှင့် စည်ကားနေတတ်သည်ကို သတိရမိသည်။ အားကိုးတတ်သောစိတ်မွေးဖွားပေးသောနေရာနှင့် နွေးထွေးမှုကိုအစဉ်ထာဝရပေးသော နေရာ… ကွာခြားလွန်းသော နေရာနှစ်ခုအား စိတ်ဝယ်နှိုင်းယှဉ်ကြည့်မိသည်။ ကိုယ့်မိခင်ဘာသာစကားထက် အများသုံးစကားအား လွယ်ကူစွာပြောဆိုကြသော ကလေးငယ်များကို မြင်ပြန်တော့ ရင်ထဲမချိ။ ကိုယ့်မိခင်စာကိုပင် ဖတ်နိုင်ဖို့ဝေးစွ။ လွတ်လပ်စွာနေခွင့်ရသော ရလဒ်အား လွဲမှားစွာ အသုံးချနေကြသော ကိုယ်တို့မြန်မာမိန်းကလေးငယ်များကိုမြင်ရပြန်တော့လည်း ဒေါမနဿဖြစ်ရပြန်သည်။ လူမျိုးတစ်မျိုးစီအတွက် အရေးကြီးဆုံးကဏ္ဍတွင်ပါဝင်သော စာပေနှင့် ယဉ်ကျေးမှုကို ကိုယ့်လူမျိုးများ၏ စိတ်ဝယ် သံမှိုစွဲသလို မြဲစေချင်လှသည်။
Nursing Home … တဲ့။ ကိုယ်တစ်ခေါက်ရောက်သွားချိန် နင့်နင့်သီးသီး ခံစားလိုက်ရသည်။ မထူးဆန်းတော့သည့် ဓလေ့ကို ကိုယ် ဘယ်လိုနည်းနှင့်မျှ လက်မခံနိုင်။ သည် Nursing Home မှာရှိနေသော ကြီးရင့်သူများ၏ စိတ်ထဲတွင် မိမိတို့ ရင်နှစ်သည်းချာ သားသမီးများ၏ပြုစုယုယုမှုကိုသာ ခံယူချင်နေလိမ့်မည်ဟု ကိုယ် ထင်သည်။ အဆင့်အတန်းမြင့်မှုများအကြားတွင် ပေးဆပ်နေရသော အသည်းနှလုံးတို့ များစွာ ရှိနေပါလိမ့်မည်။
ဘယ်လောက်ပဲမိုးများပါစေ လမ်းတစ်လျှောက် ရေတစ်စက်မျှ မတင်သော ကွန်ကရစ်လမ်းများအစား ကိုယ့်အိမ်ရှေ့က ရေဝပ်နေသောမြေလမ်းကလေးကို လွမ်းမိသည်။ ပူလောင်အိုက်စပ်သော နွေဥတုတွင် ခြင်ထောင်များကြားက ချွေးတရွှဲရွှဲနှင့် အိပ်ရသော ကိုယ့်အိပ်ရာလေးကို သတိရမိသည်။ မနက်လင်းချိန် ကျုံးနံဘေးမှ ပျံ့ဝဲလာသော လေအေးများက ချွေးစို့နေသော ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်ပုံများ အလွန် ရသမြောက်လှသည်။
အရာရာ စနစ်တကျရှိလှသော သည်နေရာတွင် ကိုယ်တိုင်ရေး၍ ကိုယ်တိုင်သရုပ်ဆောင်ရန် ရွေးချယ်ခဲ့မိသည့် ကိုယ့်ဇာတ်ညွှန်းတစ်ပုဒ်… အဆုံးသတ် ဘယ်လိုများဖြစ်နိုင်မည်လဲဆိုတာကိုတော့ ကိုယ် နေ့စဉ်နှင့်အမျှ ပုံဖော်မြင်တွေးကြည့်ရင်း…. မြို့လေးထဲမှ အိမ်၊ အိမ်လေးထဲမှ ကိုယ်ချစ်သော သူများ၊ (စိတ်လိုလက်ရမဟုတ်ပါဘဲ) ကိုယ်ထားရစ်ခဲ့ရသော သူများကို လွမ်းဆွတ်တမ်းတမိသည်မှာလည်း နေ့ရက်များစွာ…။
ပြတင်းပေါက်ခန်းဆီးစကို ဆွဲဖယ်လိုက်စဉ် အပြင်ဘက်မှ မိုးငွေ့ပါသော လေအေးများ တိုးဝင်လာကြရာ… ကိုယ့်လက်ထဲမှ အေးစက်နေသော ကော်ဖီခွက်လေးက ကိုယ့်ကို မချိပြုံးလေး ပြုံးပြနေသည်။ ဟုတ်ပေသားပဲ… ကိုယ်က လ္ဘက်ရည်ကိုသာ နှစ်ခြိုက်သူဆိုတော့ သူ့ဆီက အေးစက်စက် မချိပြုံးလေးရတာ ဆန်းမှမဆန်းဘဲ။

ဂျွန်မိုး
27-5-2013 (9:57 PM)

0 comments: