အက်ပီဂရမ်ကဗျာ -Epigram


အက်ပီဂရမ်ကဗျာ (Epigram)
အက်ပီဂရမ် ကဗျာတွေက တိုတယ်။ အားပါတယ်။ ပုံမှန်အားဖြင့် ကာရံပါတယ်။ အဆုံးသတ်မတော့ သရော်ထားတဲ့ စာကြောင်းတွေနဲ့ ပိတ်လေ့ရှိတယ်။ အတွေးတစ်ခု(ဝါ) အဖြစ်အပျက်တစ်ခုကိုပဲ အခြေခံထားတယ်။ ဒီစကားလုံး Epigram ဟာ ဂရိဝေါဟာရ "Epigraphein" ကလာပြီး ထွင်းစာလုံး ရေးသားခြင်း လို့ အဓိပ္ပါယ်ရှိတယ်။
ဒါဟာ ရှေးဟောင်းဂရိ ကျောက်တုံး အမှတ်တရနေရာတွေမှာ ဆောက်ထွင်းရေးသားမှုနဲ့ ဆက်စပ်နေတယ်။ အက်ပီဂရမ်တွေရဲ့ ပထမရာစုဟာ ရောမကဗျာဆရာကြီး မာရှယ် (Roman Poet Martial) က တဆင့် မော်ဒန်အက်ပီဂရမ်ရယ်လို့ ဖြစ်လာခဲ့တယ်။ အက်ပီဂရမ်တွေဟာ ခြောက်ရာစု နဲ့ ခုနစ်ရာစုတွေမှာ ပိုပြီး ထင်ရှားလာတယ်။ ဂျွန်ဒုန်း (John Donne)၊ ရောဘတ်ဟားရစ် (Robert Herrick)၊ ဘင်ဂျွန်ဆင်၊ အလက်ဇန္ဒားပုတ် (Alexander Pope)၊ ဘိုင်ရွန်၊ ကိုးလားရစ် (Samuel Taylor Coleridge) တို့ရေးပြီး ပြင်သစ်တွေထဲက ဘော်လတဲလ်ယား(Voltaire) တို့ ရေးခဲ့တယ်။ ကိုးလားရစ်ရဲ့ အက်ပီဂရမ်လေး တစ်ပုဒ်ကို ကြည့်ပါ။

What is an Epigram? A dwarfish whole,
Its body brevity and wit its soul
အက်ပီဂရမ် ဆိုတာ ဘာလဲ ? သေးသေးငယ်ငယ် အပေါက်လေးတစ်ပေါက်ပေါ့
သူ့ရဲ့ ခန္ဓာက အကျဉ်းချုံ့ထားပြီး ထူးခြားတဲ့ ဝိဥာဉ်ရှိရဲ့။
ကိုးလားရစ်ရဲ့ အက်ပီဂရမ် နောက်ထပ်တစ်ပုဒ်ကို ဒီလိုရေးပြန်တယ်။
Sir, I admit your general rule,
That every poet is fool,
But you yourself may serve to show it,
That every fool is not a poet.
ကိုယ့်ဆရာရေ ၊ ကိုယ့်လူရဲ့ ယေဘုယျစည်းမျဉ်းကိုတော့ ကျုပ်ဖြင့် ထောက်ခံပါရဲ့
ဘာတဲ့….. ကဗျာဆရာတိုင်းဟာ အရူးတွေဖြစ်တယ်ဆိုတာ
သို့ပေမယ့် ကိုယ့်ဆရာကိုယ်၌ကတော့ တစ်ခုကို သက်သေပြဖို့ကြိုးစားပါဦး
အဲဒါက ….. အရူးတိုင်းကဗျာဆရာတွေ မဟုတ်ဘူးဆိုတာကိုပ။
ကိုးလားရစ်ရဲ့ အက်ပီဂရမ်ကို ကြည့်ရင် သရော်ထားတယ်။ ကဗျာဟာ တိုတယ်။ ဒါပေမယ့် အမြင်က စူးရှတယ်။ "အလှည့်" ဟာ တိုလွန်းတဲ့ ကဗျာရဲ့ ဆန့်ကျင်ဘက်ဝါကျနဲ့ မထင်ထားတဲ့ ရှုထောင့်ဆီကို သွားတယ်။ ကျွန်တော်တို့ဆီမှာပဲ ကဗျာဆရာတွေကို လူတွေက လှောင်တာမဟုတ်ဘူး။ သူတို့ဆီမှာလည်း ဒါမျိုးရှိတယ်။ မင်းတို့ ကဗျာဆရာတွေကတော့ ….ဘာဘာညာညာ ပြောတဲ့သူတွေ အများကြီး။ ရူးနေသလို ဒါမှမဟုတ် ခပ်ကြောင်ကြောင်လို့ ပတ်ဝန်းကျင်က ပြောမယ်။ ကိုးလားရစ်ဟာ ပတ်ဝန်းကျင်ကပြောတဲ့ ကဗျာဆရာတိုင်း ငကြောင်တွေဆိုတာကို မငြင်းခဲ့ဘူး။ အိုကေ။ ဒါဆို အဲဒီငကြောင်တိုင်း ကဗျာရေးလို့ ရသလား။ ကဗျာရေးနိုင်သလား။ ရေးလို့မရတဲ့အကြောင်းကို ကျုပ်တော့ သက်သေမပြတော့ဘူး။ ခင်ဗျားကိုယ်တိုင်သာ သက်သေပြပေတော့လို့ ဆိုတယ်။ အနုပညာရှင်နဲ့ အရပ်ဖက်လူသားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုကို ကိုးလားရစ်က လောဂျစ် အက်ပီဂရမ်တစ်ခု တည်ဆောက်ပြတယ်။ စ ကတည်းက ဒီအဆိုဟာ အဓိပ္ပါယ်မဲ့ အဆို (meaningless) မဟုတ်ဘူး။ မမှန်ကန်တဲ့အဆို (untruth) ဖြစ်နေတယ်။ မှန်ကန်မှုကို တိုင်းတာပြဖို့ ခိုင်မာတဲ့ အကြောင်းတရားမရှိဘူး။ ဒီနေရာမှာ ကြုံလို့ပြောရရင် ကိုးလားရစ်ဟာ ဒီလို လောဂျစ်မျိုးကို တည်ဆောက်ပြလို့ ကျွန်တော်ဝမ်းသာတယ်။ အနုပညာသမားဟာ နာမည်မကြီးခဲ့ရင် ပတ်ဝန်းကျင်ရိုက်ခတ်မှု ကို အများဆုံး ခံရရှာတဲ့သူကိုး။ အနုပညာကို တစိုက်မတ်မတ်လုပ်ခဲ့လို့ ရတဲ့ အကျိုးက ဘာလဲ။ ကဗျာဟာ ကမ္ဘာကြီးကို ပြောင်းလဲနိုင်ပါသလား။ ကဗျာစာအုပ်တစ်အုပ်ရဲ့ဈေးက နိုင်ငံရေးစာအုပ်ဈေးနဲ့ အတူတူပဲ။ ဒါပေမယ့် ကဗျာဆရာတစ်ယောက်ရဲ့ တန်ဖိုးဟာ မျှော်လင့်ထားတာထက် နည်းနေဆဲပဲ။ ကဗျာသမားတွေဟာ ကဗျာကိုရေးရင်း ဘာသာဗေဒအဆောက်အဦးထဲကို ဝင်ဖို့ကြိုးစားတယ်။ ဘာသာဗေဒကို ဦးဆုံးမြည်းခွင့်ရတာ ကဗျာဆရာပဲ။ "linguistic" ဆီက လူသားနဲ့ ဘာသာစကား ထိပ်တိုက်ဖြစ်မှုကို လူတွေ သတိထားလာတယ်။ အတွေးအခေါ်ရှုထောင့်ဟာ သင်္ချာအခြေခံကနေ ဘာသာစကားနဲ့ ဘာသာဗေဒ ဘက်ကိုရွေ့သွားတယ်။ ဒါရီရာ၊ ဖူကိုး၊ ခရုမ်းစကီး တို့ဟာ သင်္ချာပညာရှင်တွေ မဟုတ်ဘူး။ဒါပေမယ့် သူတို့အတွေးအခေါ်တွေဟာ ရှေ့ရောက်လာတယ်။ ကမ္ဘာ့ဘာသာစကား၊ ကမ္ဘာ့သဒ္ဒါ (Universal Language and Grammar) စကားလုံးတွေ ပေါ်လာတယ်။ ခင်ဗျားဟာ တစ်နေ့နေလို့ သင်္ချာတစ်ပုဒ်ကို မတွက်ဘဲ နေလို့ရတယ်။ စကားမပြောဘဲ၊ စာမရေးဘဲ၊ အမိန့်မပေးဘဲ နေလို့မရဘူး။ ဘဒ္ဒကမ္ဘာရဲ့ ဖြစ်ပျက်မှုတွေရဲ့ အစဟာ ဘာသာစကားပဲ။ လူတွေဟာ ဘာသာစကားနဲ့စဉ်းစားတယ်။ လှုံ့ဆော်တယ်၊ စည်းရုံးတယ်၊ မှတ်တမ်းတွေ ရေးတယ်၊ အတွေးအခေါ်တွေကို တည်ဆောက်တယ်။ ဘာသာစကားနဲ့ ကြော်ငြာတယ်။ လူသားတွေဟာ မထင်မှတ်ဘဲ ဘာသာစကားရဲ့ ခိုင်းစေမှုကို ခံလိုက်ရတယ်။ အဲဒီလူသားတွေကပဲ ဘာသာစကားနဲ့ ဆော့ကစားနေတဲ့ ကဗျာဆရာတွေကို အရူးတွေလို့ပြောတာ အံ့သြဖို့လည်းကောင်းတယ်။ စက်ဘီးနင်းနေသူက  လေယာဉ်ပျံမောင်းတဲ့သူကို ကျိန်ဆဲတာပဲ။ ဒါတွေထားတော့။ ကိုးလရစ်ကို ကျွန်တော့်ခန္ဓာကိုယ် ကျိုးပဲ့သွားသည်ထိ ကွေးညွတ်ဂုဏ်ပြုပစ်ဖို့ အသင့်ပါပဲ။ နောက်ထပ် အက်ပီဂရမ်တစ်ပုဒ်ကို ပြရရင်တော့ "အေးစက်မှုဖြိုဖျက်ခြင်း" "Ice Breaking" ဆိုတဲ့ကဗျာ။ နာမည်ကြီး အက်ပီဂရမ် တစ်ပုဒ်ပါ။ ရေးသူက အော့ဒန်နက်ရှ် (Ogdan Nash) ပါ။
Candy
Is dandy
But liquor
Is quicker
(သကြားလုံး ကန်ဒီ
ကတော့ ကောင်းပါတယ်
ဒါပေမယ့် ဗျစ်ရည်
ကတော့ ပိုပြီးမြန်ပါ့ဗျာ။) လို့ရေးတယ်။ တစ်ယောက်နဲ့တစ်ယောက် ခပ်စိမ်းစိမ်း အေးစက်စက် အနေအထားကို ဖြိုဖျက်ဖို့ ဗျစ်ရည်က အကောင်းဆုံးပါပဲ။ တကယ်တမ်းပြောရရင် သမိုင်းဆရာကြီး ဒရိုင်ဆင် (J.G. Droysen) အမည်ပေးခဲ့တဲ့ ဟယ်လန်နစ်စတစ်ခေတ် (Hellenistic Period) လို့ခေါ်တဲ့ အလက်ဇန္ဒားဘုရင် နယ်ချဲ့တဲ့ခေတ်မှာ ဂရိတွေသြဇာအာဏာ အာရှနဲ့ ဥရောပဆီကို ပျံ့နှံ့တဲ့ အချိန်မှာ "အက်ပီဂရမ်" တွေ ပိုရေးခဲ့တယ် လို့ဆိုတယ်။ အဲဒီ ဟယ်လန်နစ်စတစ်ခေတ်ဟာ ရောမတွေ ဂရိကို အောင်နိုင်တဲ့ ၁၄၆ ဘီစီ မှာ ပြီးတယ်။ ဂရိယဉ်ကျေးမှု ထွန်းကားချိန်မှာတော့  ဆိုင်ပိုဆီယမ် (symposium) ဓလေ့ ဆိုတာရှိခဲ့တယ်။ ဆိုင်ပိုဆီယမ် ဆိုတာ ဂရိဘာသာနဲ့ အတူတူသောက်စို့ (to drink together) လို့ ခေါ်တဲ့ သေသောက်ပါတီ ဓလေ့တစ်ခုပဲ။ သူကောင်းမျိုးဝင်တွေဟာ အဲဒီသေသောက်ပွဲမှာ စကားပြောမယ်၊ ငြင်းမယ်၊ လူသစ်တွေကို မိတ်ဆက်ပေးမယ်။ ပါတီတစ်ခု ကျင်းပတဲ့ ဓလေ့ပေါ့။ မကြာခဏ လုပ်တယ်ဆိုပဲ။ ကဗျာတွေဘာတွေလဲ ရွတ်တယ်။ စစ်ပွဲအောင်နိုင်ရင်လည်း လုပ်လေ့ရှိတယ် ဆိုပဲ။ အဲဒီမှာ ရွတ်လေ့ရှိတဲ့ အက်ပီဂရမ်တွေဟာ များသောအားဖြင့် (to drink and live for today because life is short) "ဒီနေ့တော့ တစ်ဝသောက်၊ ပျော်အောင်နေ၊ ဘဝဆိုတာ တိုတယ်" ဆိုတဲ့ အဓိပ္ပါယ်တွေ များတယ်။ မူရင်း ဂရိ အက်ပီဂရမ် တွေဟာ ရိုးရှင်းပြီး "အလှည့်" (punchline and satirical twist) မပါဘူး။ လက်တင်ကဗျာဆရာ မာရှယ်ဟာ သူ့ခေတ်ပြိုင် ဂရိတွေဖြစ်တဲ့ လူဆဲလီးယပ်(Lucillius) နဲ့ နီကားချီးယ်ပ်(Nicarchus) တို့ဆီက ကော်ပီလုပ်ရင်း ရောမရိုးရာ ခြောက်မီတာ အသွားနဲ့ သရော်ဟန်ကို ဖန်တီးခဲ့တယ်လို့ ဆိုတယ်။ မာရှယ်ရဲ့ အက်ပီဂရမ် နည်းစနစ်ဟာ (His technique relies heavily on the satirical poem with a joke in the last line) သူ့ရဲ့ နည်းစနစ်ဟာ သရော်ဟန်ကဗျာပေါ်တွင် လုံးလုံးမှီခို၍ နောက်ဆုံးအကြောင်းတွင် ဟာသ (သို့) ပျက်ရယ်ပြုမှု ပါဝင်သည် လို့ ပညာရှင်တွေ သုံးသပ်တယ်။မာရှယ် ဘယ်လိုရေးခဲ့သလဲ …..
"Mentula tam magna est quantus tibi, Papyle, nasus
ut possis , quotiens arrigis, olfacere"  အဓိပ္ပါယ်က နည်းနည်း ညစ်ညမ်းပါတယ်။
"ပါပလီ, မင်းရဲ့ လိင်အင်္ဂါဟာ မင့်နှာခေါင်းလောက်ရှိတော့ အလွယ်တကူ အနံ့ခံလို့ရတာပေါ့လေ" လို့ အဓိပ္ပါယ်ရှိတယ်။ အင်္ဂလိပ်စာပေထဲမှာ သတိထားမိလောက်တဲ့ အက်ပီဂရမ်တွေ ရှိတယ်။ ဥပမာ ရှိတ်စပီးယားရဲ့ ဆွန်းနက်အမှတ် (၇၆)ဟာ အတော်လေးကောင်းတဲ့ အက်ပီဂရမ် ဖြစ်တယ်။ အမ်မလီဒစ်ဆင်ရဲ့ ကဗျာအမှတ် "၁၅၃၄" ဟာလည်း ကောင်းတယ်ဆိုပဲ။
"Little strokes
Fell great oaks"
"သေးငယ်သော ဖြတ်ချက်များက သစ်ချပင်ကြီးများကို လဲပြိုစေ၏" ဆိုတာ ဘင်ဂျမင်ဖရန်ကလင် ရေးခဲ့တာ။ တချို့သော အက်ပီဂရမ်တွေဟာ စကားပုံလို ဖြစ်သွားတယ်။ လှောင်ပြောင်သရော်ရာကနေ အမှန်တရားဘက် ချဉ်းကပ်သွားတော့ အဆိုအမိန့်ဆန်ဆန်လည်း ဖြစ်သွားတယ်။ ဒါက ရေးတဲ့သူရဲ့ ဒဿန နဲ့ Statement ပေါ် မူတည်တယ်။ ကျွန်တော်ကြိုက်တဲ့ အက်ပီ တစ်ပုဒ်ရှိတယ်။ ရေးတဲ့သူက အလက်ဇန္ဒားပုတ် "Alexander Pope"။ ပဒေသရာဇ်စနစ်ကို သရော်ထားတာပါ။
I am his Highness dog at Kew
Pray tell me, sir, whose dog are you
"ကျွန်တော်မျိုးဟာ "Kew" နန်းတော်က အရှင့်ခွေးတစ်ကောင်ပါ
ကျွန်တော်မျိုးအား မိန့်ကြားတော်မူပါ အရှင်၊ အရှင်က မည်သူ၏ခွေး ဖြစ်ပါသနည်း" တဲ့
Kew ဆိုတဲ့ စကားလုံးပါတော့ သူပြောချင်တာက အင်္ဂလိပ်တော်ဝင်တွေကိုပဲ။ "Kew" ဟာ ဗြိတိသျှ တော်ဝင်နန်းပါ။ Kew ဥယျာဉ်မှာရှိပြီး သိမ်းမြစ် နဖူးပေါ်မှာ ရှိပါတယ်။ နောက်တစ်ပုဒ်က အော်စကားဝိုင်းရေးတာ။ "ထိမ်းသိမ်းရမယ့် အရာကလွဲပြီး ကျန်တာအကုန်လုံး ထိန်းနိုင်တယ်" ဆိုတဲ့ အော်စကာဝိုင်းရဲ့ အက်ပီဂရမ် "I can resist everything except temptation" ဟာ ကြော်ကြားတယ်။ အက်ဇရာပေါင်း နဲ့ ဝီလီယံဘတ်တလာယိစ်(တ) တို့လည်း ဒါမျိုးတွေရေးတယ်။ ထင်ရှားတဲ့     အက်ပီဂရမ်တွေ ကတော့
-       Underwoods by Robert Lousis Stevenson
-       The Stalin Epigram by Osip Mandelstam
-       Epigram on Rough woods by Robert Burns
-       On my First Son by Ben Jonson          တို့ ဖြစ်တယ်။
Ref: Poet.org (Poetic Forms & Techniques)

ဇော်ဇော်ထွန်း

0 comments: