ပူဖောင်း
၁။
သူသည် ကြမ်းပြင်တွင် ပျော့ဖတ်စွာလဲလျောင်းနေသည်။ သူသည် သားရေဖတ်တစ်ခုဖြစ်ပါသည်။
၂။
သူ့နားသို့လူနှစ်ယောက်ရောက်လာကြသည်။ တစ်ယောက်က သူ့အားကောက်ကိုင်လိုက်သည်။ ပူဖောင်းတစ်ခုပဲဟု ပထမလူကပြောသည်။ ဒုတိယလူက သားရေဖတ်ပါကွာ ဟုပြောသည်။ လေမှုတ်သွင်းလိုက်လျှင် ပူဖောင်းပဲပေါ့ဟု ပထမလူကပြောသည်။ ဒါဖြင့်ရင် လေမှုတ်သွင်းလိုက်လေဟု ဒုတိယလူက ပြောပြန်သည်။ ပထမလူသည် သူ့ခန္ဓာကိုယ်တွင်းသို့ လေမှုတ်သွင်းပါသည်။ သူသည် ဖောင်းလာသည်။ ဆက်မှုတ်နေပါသည်။ ပို၍ဖောင်းလာပါသည်။ ဖောင်းလာသည်နှင့်အမျှ သူ့အရေပြားများသည် ပို၍ပါးလွှာလာသည်။ သူသည် ပူဖောင်းတစ်လုံးဖြစ်ပါသည်။ လေများကိုဆက်မမှုတ်သွင်းပါနဲ့တော့ဟု သူပြောပါသည်။ သို့ရာတွင် သူ့ကိုယ်တွင်းသို့ လေများဆက်လက်ဝင်ရောက်လာပါသည်။ သူသည် လှပလုံးဝန်းသော ပူဖောင်းတစ်လုံးဖြစ်ပါသည်။ သူသည် ပါးလွှာသော ပူဖောင်းတစ်လုံးဖြစ်ပါသည်။ လေများဆက်မသွင်းရန် သူပြောပါသည်။ လုံလောက်ပြီဟု သူပြောပါသည်။ လှပပြီဟုသူပြောပါသည်။ သူသည် ပါးလွှာသောပူဖောင်းတစ်လုံးဖြစ်သည်ဟု သူပြောပါသည်။ သို့ရာတွင် သူ့ကိုယ်တွင်းသို့ လေများဆက်လက်ဝင်ရောက်လာပါသည်။ လုံလောက်ပြီဟု ... သူအစွမ်းကုန်အော်ပြောလိုက်ပါသည်။ သူ့အော်သံသည် ဖောင်း ဟူသောအသံအဖြစ် ထွက်ပေါ်သွားပါသည်။ သူ့ခန္ဓာကိုယ်တွင်းမှလေထုသည် ပြင်ပသို့ရောက်ရှိရောနှောသွားပါသည်။ ပထမလူက သူ့အား ကြမ်းပြင်သို့ ပြန်ပစ်ချလိုက်ပါသည်။ ကြည့် သားရေဖတ်ပါလို့ ငါပြောသားပဲဟု ဒုတိယလူကပြောပါသည်။
၃။
ဝေး၍သွားသောခြေသံများသည် တိတ်ဆိတ်သွားပါသည်။ သူသည် ကြမ်းပြင်တွင်ပျော့ဖတ်စွာလဲလျောင်းနေသည်။ သူသည် ...... ။ ။
နီဟိန်းအောင်
0 comments: