နှစ်ပွင့်ဝေ တစ်ပွင့်ကြွေသည်
ညသည် နက်သထက် နက်လာလေသည်။ မိုးကောင်းကင်ကြားမှ မှိတ်တုတ်မှိတ်တုတ် ကြယ်ပွင့်ချပ်များသည် စိတ်ချမ်းမြေ့စဖွယ် ကောင်းလှ၏။ ပြတင်းပေါက်မှတစ်ဆင့် လှမ်းမြင်နေရသော သစ်ပင်အကိုင်းအခက်လေးများသည် လေပြည်ညင်းတိုက်ခတ်ရာသို့  ယိမ်းနွဲ့ လျက်ရှိပေသည်။ စားပွဲပေါ်တွင် ထွန်းထားသည့် ဖယောင်းတိုင်သည်လည်း ဟိုယိမ်းဒီယိမ်းကာ ပျော်မြူးနေသယောင် ရှိလေ၏။ သို့ သော် သူတို့  နှစ်ဦး၏ ရင်ထဲတွင် ပူလောင်ပြင်းပြစွာ လှုပ်ခတ်လျက် ရှိပေသည်။
သူတို့ နှစ်ဦးစလုံးအတွက် အရာရာသည် မှုန်ဝါးခြောက်ကပ်လျက် ရှိလေ၏။
နာရီသံ တချက်ချက် မြည်သံနှင့်အတူ သူသည်လည်း ရင်တထိတ်ထိတ် ခုန်နေပေပြီ။ သူ့ ဇနီးသည်ကတော့ စားပွဲပေါ်တွင် ထွန်းထားသည့် ဖယာင်းတိုင်ကို စိုက်ကြည့်ကာ သက်ပြင်းဖွဖွ ချနေမိ၏။ ထို့ နောက် သူ့ ကို လှည့်ကြည့်ကာ
“ဘယ်လိုလုပ်ဖို့  စိတ်ကူးထားသေးလဲ အစ်ကို”
တစ္ဆေအခြောက်ခံ ထားရသူလို သူ့ မှာ အလန့် လန့် အဖျပ်ဖျပ်နှင့်ပင် ဘာပြန်ပြောရမည်မှန်း မသိတော့ချေ။ သားလေးနှစ်ဦး၏ မျက်နှာကို မြင်ယောင်မိတော့ သူ သက်ပြင်းမောကြီးကို ချလိုက်မိ၏။ မြို့ ပြကို ထွက်ခွာသွားခဲ့သည့် အချိန်မှစ၍ သူ့ ဇနီးသည်ဖြစ်သော မေတစ်ယောက် မည်ကဲ့သို့ နေထိုင်ခဲ့ရသည်ကို သူ မတွေးတောခဲ့။ သူ့ မှာတော့ မြို့ ပြလူနေမှုဘ၀ထဲသို့  စီးဝင်ရုန်းကန်ရင်းနှင့်ပင် ထိုကဲ့သို့  ပြုမူမိ၏။
ထို့ နောက် ထိုအပြုအမူကို မရပ်တန့် နိုင်ခဲ့ဘဲ ရှေ့ ဆက်တိုးကာ အမှောင်ရိပ်ထဲသို့ ပင် တိုးဝင်ခဲ့မိသေးသည်။အထူးသဖြင့် “ဆွေ” ဟုမည်သော အပျော်အပါး မိန်းကလေးတစ်ဦးကြောင့် သူ့ ဇနီးထံသို့  ပင် ငွေမလွှဲနိုင်ရှာဘဲ ဖြစ်ခဲ့ရ၏။ ထိုအချိန်တွင် သူ့ ဇနီးသည်သည် သူပို့ ပေးခဲ့သည့် ငွေလေးဖြင့် ကုန်စုံဆိုင်လေးတစ်ဆိုင် ဖွင့်ဖြစ်ခဲ့သော်လည်း သူ့ မှာတော့ ဆိုင်လေးအဆင်ပြေရဲ့လားဟုပင် မမေးမိခဲ့။ငွေကြေးနှင့် ပတ်သက်ပြီး သူ၏ ဆင်ခြေပေးမှုအောက်တွင် သူ့ ဇနီးသည်က ခေါင်းလေးတညိတ်ညိတ်သာ ပြုနေမိ၏။ သူ့ ကို မည်မျှအထိ ယုံကြည်စိတ်ချခဲ့သည်ကို သူ မစဉ်းစားခဲ့။
ထို့ ကြောင့်လည်း ထိုနွံထဲသို့  သူ ခပ်ပျော်ပျော်နှင့်ပင် နစ်ဝင်ပစ်လိုက်မိတော့သည်။ထိုနွံသည်လည်း အလိုက်သိစွာပင် သူ့ ကို ကောက်ယူဝါးမျိုလိုက်သည်ပဲလေ။အခုတော့ ထိုအပြုအမူကြောင့် သူ နောင်တရချင်နေမိလေပြီ။
XXXXXXXXXXXXX
ရောင်စုံမီးလုံးများဖြင့် လင်းလက်တောက်ပလျက်ရှိသည့် ညတစ်ညတွင် သူ့ သူငယ်ချင်းများ၏ မိတ်ဆက်ပေးမှုကြောင့် ဆွေ့ကို သူ စတင်သိကျွမ်းခဲ့ရသည်။အစကတော့ သူ အပျော်သဘော သက်သက်သာ ဆွေနှင့် တွဲဖြစ်ခဲ့၏။သို့ သော် ဆွေ၏ ဘ၀ကို ကိုယ်ချင်းစာမိရာမှစ၍ သူတဖြည်းဖြည်း
ဆွေ့ အပေါ် သနားလာမိ၏။
“ဆွေတို့က မောင်နှမများတယ် အစ်ကိုရယ်…၊ အခုတောင် ကုန်ဈေးနှုန်းတွေ တက်လာလို့ အိမ်ကလူတွေ ငွေအများကြီးလိုလာပြီ..၊ နောက်ပြီး ကလေးတွေအတွက် ကျောင်းစရိတ်လည်း ရှိသေးတယ်လေ…။ အိမ်ကို ငွေလွှဲနိုင်ဖို့ အတွက် ဆွေတို့ လို သာမန်မိန်းကလေးတစ်ယောက်ကို ဘယ်အလုပ်ကများ ငွေများများ ရနိုင်ပါ့မလဲလေ၊ဒီတော့လည်း ဆွေ ဒီမှာ သီချင်းဆိုရင်းနဲ့  အပိုဝင်ငွေ ရလိုရငြား ဒီအလုပ်ကို လုပ်ခဲ့မိတာပါ…”
ဆွေ၏ အပြောကြောင့်လည်း သနားညှာတာမိရာမှစ၍ သူ့ ကိုယ်ပိုင်ဝင်ငွေကိုပင် ဆွေ့ အား ပေးမိတော့သည်။ ထိုငွေကိုယူရန် ဆွေ ငြင်းဆန်ခဲ့သော်လည်း သူ၏ အတင်းတိုက်တွန်းမှုကြောင့် နောက်ပြန်ပေးပါ့မယ်ဟု ဆိုကာ အားနာနာနှင့်ပင် ငွေကို ယူလိုက်ရသည်။
“အစ်ကို့ ငွေကို ဆွေယူရမှာ အားနာတယ် အစ်ကိုရယ်၊ ဆွေတို့ လို မိန်းကလေးမျိုးကို လူတွေက အထင်သေးရတဲ့အထဲ အခုလို အစ်ကို့ငွေကို ယူထားတာ သူတို့ တွေသိရင် ငွေငမ်းမလို့  ပြောကြမလားပဲ…၊ ဟင်း…ဟင်း..”
ဆွေ၏ ကြေကွဲစို့ နင့်စွာ ရယ်မောလိုက်သည့် အသံကြောင့် သူ့ မှာ သနားစိတ်နှင့်အတူ ချစ်စိတ်များပင် ပျော်ဝင်လာမိတော့သည်။ ဆွေ၏ မွန်းကျပ်နေသော ဘ၀ကို သူကယ်တင်ချင်နေမိပြီ။ အိမ်ကို ငွေလွှဲနိုင်ရန်အတွက် ယောင်္ကျားတကာတို့ ၏ ကားထဲတွင် ပါသွားတတ်သည့် ဆွေ့  အဖြစ်ကိုရပ်တန့် စေချင်မိပြီ။ ဆွေ့ ကို ထိုဘ၀မျိုး လွှတ်မြောက်နိုင်အောင် သူမည်ကဲ့သို့  ကယ်တင်ရမည်နည်း။ နွံထဲ နစ်မွန်းနေသည့် ဆွေ့ ဘ၀ကို သူ ဆွဲတင်ချင်နေမိသည်။ ထို့ ကြောင့်….၊ ထို့ ကြောင့်လည်း…။
XXXXXXXXXXXXX
ဆွေ့ ဘ၀ကို ကယ်တင်လိုဇောနှင့်ပင် သူ့ ဘ၀ပါ နစ်မွန်းခဲ့ရသည်။သူ့ ကိုယ်သူ ပြန်လှည့်ကြည့်မိသည့် အချိန်တွင်တော့ ဆွေ့ ကို သူ ချစ်မိသွားချေပြီ။ သူ့ မှာ တရားဝင် ဇနီးသည်နှင့် သားလေးနှစ်ဦးရှိမှန်း ဆွေမသိရှာ။ အိပ်ရာထက်တွင် အိပ်စက်နေသည့် ဆွေ့ ကို သူ မည်ကဲ့သို့  ပြောရမည်နည်း။ ထိုအကြောင်းကို ဆွေသာသိလျှင် သူ့ ကို မည်ကဲ့သို့  တုန့် ပြန်မည်လိမ့်။ သေချာတာကတော့ သူ ဆွေ့ ကို မစွန့် ပစ်လို။ သူ့  ကြောင့် ဆွေ့ ဘ၀ အရင်ကထက် ပိုမိုတိုးတက်လာသည်ကိုသာ သူမြင်လိုတော့သည်။
တစ်ခုခုကို လိုချင်လျှင် တစ်ခုခုကို ပြန်ပြီးစွန့် လွှတ်ရမည်ဟူသော နိယာမကို သူ သုံးစွဲရပေလိမ့်မည်။
ထို့ ကြောင့် ဇနီးသည်နှင့် ကွာရှင်းရန် သူ ရွာသို့  ပြန်ရပေမည်။သူ့ ဇနီးသည်သည် သူ့ ကို လွယ်လွယ်ကူကူ ကွာရှင်းပေးမည်လေလား။ မည်သို့ ပင်ဖြစ်စေ...။ နောက်ဆုံးတွင်တော့ သူပျော်ရွှင်နိုင်ရန်အတွက် သူ့ ဇနီးသည်သည် အရာရာကို စွန့် လွှတ်ပေးနိုင်မည်ဟုလည်း သူ ယုံကြည်နေမိတော့သည်။
XXXXXXXXXXXXX
သူ့ ဇနီးသည်ရှိရာ ရွာထဲသို့ ရောက်ရှိလာပေပြီ။ ညနေပိုင်းအချိန် ကျရောက်ပြီမို့ သူ့ ဇနီးသည်သည် ရေမိုးချိုးရင်း အ၀တ်လျှော်နေပေလိမ့်မည်။ သို့ သော် အိမ်ထဲသို့  လှမ်းဝင်မည့် သူ့ ခြေလှမ်းများသည် နောက်ကြောင်းသို့  ပြန်လှည့်ရန် တာစူနေမိချေပြီ။ အမှန်တရားကို ရဲရဲရင်ဆိုင်နိုင်ဖို့  သူ ဘာကြောင့်များတွန့် ဆုတ်နေမိပါလိမ့်။ ယခုအချိန် ရင်မဆိုင်ရဲခဲ့လျှင်လည်း နောင်တစ်ချိန်တွင် ပြန်ရင်ဆိုင်ရမည်မို့  သက်ပြင်းကို မသက်မသာ ရှိုက်လိုက်မိရင်း အိမ်ထဲသို့  လှမ်းဝင်ရန် ဆုံးဖြတ်ချက် ချလိုက်မိ၏။
အိမ်ထဲ လှမ်းဝင်လာသော သူ့ ကို သားလေးနှစ်ဦးက ပြေးဝင်ဆီးကြိုကြသည့်အခါ သူ့ မှာ ပို၍ပင် မောဟိုက်ချင်မိသည်။ သားလေးနှစ်ဦး၏ အသံကြောင့် သူ့ ဇနီးသည်သည်လည်း အိမ်အပြင်ဘက်သို့  ထွက်ကြည့်လေတော့သည်။သူ့ ကိုမြင်တော့ သူ့ ဇနီးသည်က ပြုံးယောင်သမ်းကာ ဆီးကြိုလေတော့သည်။
သူ့ မှာတော့ ဇနီးသည်ကို မျက်နှာချင်းဆိုင်ပြီး ကြည့်ရန်ပင် မ၀ံ့မရဲ ဖြစ်ရကာ ချွေးစေးများပင် ကျလာမိတော့သည်။
အမှန်ဆိုရလျှင် သားလေးနှစ်ဦးကို သူ မခွဲလို။ ထိုသို့ တွေးမိသည့်အခိုက်တွင် သူ့ ဇနီးသည်၏ မျက်နှာကို လှမ်းကြည့်လိုက်မိသည်။ သူနှင့်အတူ အေးအတူပူအမျှ ဘ၀ကို အတူတကွ ဖြတ်ကျော်ခဲ့ရသည့် သူ့  ဇနီး။
သူ မည်မျှဆိုးဆိုး သူ့ အပေါ် ငြိုငြင်စိတ် လုံးလုံးမရှိသော သူ့ ဇနီး။သူ့ အပေါ် ယုံကြည်ကိုးစားစိတ်ရှိသော
သူ့ ဇနီးသည်သည် သူနှင့် ကွာရှင်းပြီးသည့်နောက်ပိုင်း ဘ၀ကို မည်ကဲ့သို့  ရုန်းကန်နိုင်မည်နည်း။ ထို့ အပြင် သူ၏ သားလေးနှစ်ဦးလည်း အဖေဖြစ်သော သူ့ လုပ်ရပ်ကြောင့် လူတွေကြားထဲတွင် သိမ်ငယ်ကြပေလိမ့်မည်။ အဖေ့မေတ္တာကို မရရှိနိုင်ရှာသည့် သားလေးနှစ်ဦးလည်း လူ့ ဘောင်ထဲတွင် မည်ကဲ့သို့  ဖြတ်သန်းနိုင်မည်နည်း။သူ တွေးတောရင်းနှင့်ပင် မွန်းကျပ်နေရချေပြီ။
“အစ်ကို ခရီးပန်းလာလို့ ထင်တယ်…၊ကြည့်ရတာ ပင်ပန်းနေလို့ ၊ မေ သံပုရာရည် ဖျော်ပေးမယ်နော်…”
“အင်း…”
သူ့ အတွေးကို ဘာမျှမသိရှာသော ဇနီးသည်သည် သူ့ အတွက် သံပုရာရည်ကို ဖျော်ပေးနေချေပြီ။ သူကတော့ ဇနီးသည် ကွယ်ရာတွင် ပျော်ပျော်ပါးပါး အိမ်ထောင်ရေးဖောက်ပြန်ခဲ့မိ၏။ သူ ငွေမပို့ ခဲ့သည်ကိုပင် သံသယတစ်မှုန်စာမျှ မ၀င်ရှာဘဲ
“အစ်ကို အဆင်မပြေရင် မေ့ဆီမှာ အစ်ကိုပေးထားတဲ့ ငွေတွေ ကျန်နေပါသေးတယ်။ အစ်ကိုလိုရင် ပြောနော်…”
ဟု ဆိုတတ်သေးသည်။ ထိုလောက်အထိ သူ့ အပေါ် ချစ်ခင်စုံမက်သော ဇနီးသည်ကို သူ ကွာရှင်းနိုင်မည်လား။ သူ မကွာရှင်းလို။ သည်လိုဆို ဆွေနှင့် အဆက်ဖြတ်နိုင်မည်လား။ သူ မတွေးလို။
တစ်ခုခုကို လိုချင်လျှင် တစ်ခုခုကို ပြန်ပြီး စွန့် လွှတ်ရမည်ဟူသော နိယာမကို သူ မကြားလိုပြီ။
မည်သို့ ပင်ဖြစ်စေ။သည်ည သူ့ ဇနီးသည်ကို အကြောင်းဆုံး ဖွင့်ပြောရပေလိမ့်မည်။
XXXXXXXXXXXXX
“ဘယ်လိုလုပ်ဖို့  စဉ်းစားထားသေးလဲ အစ်ကို”
ဇနီးသည်၏ အသံကို ဒုတိယအကြိမ် ကြားလိုက်ရသောအခါ သူ့ မှာ လက်ရှိဘ၀ထဲသို့  လှမ်းဝင်ရန် သတိရမိတော့သည်။
“မေရော ဘယ်လိုလုပ်စေချင်လဲ…”
သူ့ ဇနီးသည်က သူ့ ကို လှမ်းကြည့်ရင်း နွမ်းလျစွာ ပြုံးလိုက်မိ၏။ ထို့ နောက် ထိုင်ရာမှ ထကာ…
“အစ်ကို့ သဘောထားက အဓိကပါ…၊ မေတို့ ကို မငဲ့ပါနဲ့ …”
ဇနီးသည်၏ အပြောကြောင့် သူ အံ့သြသွားရသည်။ သူ ရွာတွင် မရှိခဲ့သည့်နောက်ပိုင်း သူ့ ဇနီးသည်သည် အရင်ကထက် ရင့်ကျက်လာခဲ့ပြီလား။ သူ ထိုသို့  ပြုမူခဲ့သည်ကို သူ့ ဇနီးသည် ကြိုတင် သိရှိထား၍ များလား။
သူ့  နားကို သူ မယုံချင်။ ထိုကိစ္စကို သူမည်ကဲ့သို့  ဖြေရှင်းပေးနိုင်မည်ဆိုသည်ကိုလည်း သူ မသိ။ ထို့ ကြောင့်
“ကိုယ် ဘယ်လို ဖြေရှင်းရမှန်း မသိတော့ဘူး…၊ မေ ကိုယ့်ကို ဘယ်လို ဖြေရှင်းစေချင်လဲ”
မပြတ်သားလှသော သူ့ အပြောကြောင့် ဇနီးသည်က သက်ပြင်းဖွဖွလေးနှင့် သူ့ ကို နှစ်သိမ့်ပေးမိ၏။
ထို့ နောက်
“ဘယ်လို ဖြေရှင်းရမလဲ ဆိုတာ မေလည်း မသိပါဘူး အစ်ကို၊ ဒါပေမဲ့ အစ်ကိုနဲ့ လိုက်သွားပြီး မေ ဆွေနဲ့  ဆွေးနွေးချင်တယ်။ ဆွေသာ အစ်ကို့ ဘ၀မှန်ကို လက်ခံနိုင်မယ်ဆိုရင် မေလည်း အစ်ကိုတို့ အတွက် ကွာရှင်းပေးပါ့မယ်….”
XXXXXXXXXXXXX
အမျိုးသမီးနှစ်ဦး၏ကြားတွင် နေရထိုင်ရသည်မှာ စိတ်ကျဉ်းကျပ်လွန်းလှပြီ။ ဇနီးသည်က ဆွေ့ ကို အကြောင်းစုံဖွင့်ပြောလိုက်သည့်အခါ ဆွေ မျက်နှာတဖြည်းဖြည်း ပျက်ယွင်းလာသည်ကို သူ လှမ်းမြင်လိုက်ရ ၏။ ထို့ နောက် မျက်ရည်များ တဖြည်းဖြည်း စိမ့်ထွက်လာလေ၏။ ဇနီးသည်၏ စကားအဆုံးတွင် ဆွေ့ မှာ ရှိုက်ကြီးတငင်နှင့်ပင် ငိုချလိုက်မိတော့သည်။ အခုမှပင် သူ အမှားကြီးမှားမှန်း သိခဲ့ရပေပြီ။
အမျိုးသမီးနှစ်ဦးအပေါ် သူ လှည့်ဖြားခဲ့မိမှန်း သိခဲ့ရပါပြီ။ဆွေ့ ကို မည်ကဲ့သို့  ချော့သိပ်ရမည်မှန်း သူ မသိချေ။ သူ့ ဇနီးသည်ကသာ ဆွေ့ ကို ချော့သိပ်နေရလေသည်။
“တိတ်…တိတ် ညီမလေး …၊ ညီမလေး ဘယ်လိုဖြစ်စေချင်လဲ ဆိုတာ အစ်မတို့ ကို ပြောလေ…၊ ညီမလေး ဖြစ်စေချင်တဲ့အတိုင်း အစ်မတို့ လုပ်ပေးမယ်…”
ရှိုက်ကြီးတငင် ငိုကြွေးနေရာမှ ဆွေသည် မျက်ရည်စများကို သုတ်ကာ ခေါင်းမော့လာမိတော့သည်။
“ဟင့်အင်း…၊ ဆွေ ဘာမှ မလိုချင်ဘူး၊ ဆွေလေ အစ်ကို့ မှာ အိမ်ထောင်ရှိမှန်း မသိခဲ့ဘူး…၊ ဆွေ့ ကို ခွင့်လွှတ်ပါ အစ်မရယ်..ဟင့်.. ဟင့်..”
“တကယ်တော့ အစ်ကိုပဲ မှားတာပါ ဆွေ…”
အတန်ကြာ နှုတ်ဆွံ့ အ နေမိသော သူသည် အခုမှပင် မွန်းကျပ်ကျပ်စကားလေးတစ်ခွန်းကို ပြောလိုက်ရ၏။ဆွေက သူ့ ကို နာကျင်ကြေကွဲစွာ ကြည့်ရင်း
“ရပါတယ် အစ်ကို…၊ နှစ်ယောက်စလုံးမှားကြလို့  ဒီလိုဖြစ်လာခဲ့တာပါ။ ဒီနေ့ ကစပြီး ဆွေတို့  နှစ်ယောက်လုံးလည်း ပတ်သက်စရာအကြောင်း မရှိတော့ဘူး ဆိုတာကိုတော့ အစ်မကို အာမခံပါရစေ…။ အစ်ကိုလည်း ဆွေ့ ဘ၀ကို မ၀င်လာပါနဲ့ တော့…”
ဆွေ၏ နာကြည်းစွာ ပြောဆိုမှုကြောင့် သူ့ မှာ သက်ပြင်းကိုသာ လှိုက်ခနဲ ချလိုက်မိတော့သည်…။
တစ်ခုခုကို လိုချင်လျှင် တစ်ခုခုကို ပြန်ပြီး စွန့် လွှတ်ရမည်ဟူသော နိယာမကို သူမုန်းတီးလာမိသည်။
ထိုစွန့် လွှတ်ခဲ့ရသောအရာသည် သူ့ အတွက် ဝေဒနာများစွာ ချန်ထားရစ်ခဲ့ပြီလေ။
XXXXXXXXXXXXX
ညသည် နက်သထက် နက်လာလေသည်။ မိုးကောင်းကင်ကြားမှ မှိတ်တုတ်မှိတ်တုတ် ကြယ်ပွင့်ချပ်များသည် စိတ်ချမ်းမြေ့စဖွယ် ကောင်းလှ၏။ ပြတင်းပေါက်မှတစ်ဆင့် လှမ်းမြင်နေရသော သစ်ပင်အကိုင်းအခက်လေးများသည် လေပြည်ညင်းတိုက်ခတ်ရာသို့  ယိမ်းနွဲ့ လျက်ရှိပေသည်။ စားပွဲပေါ်တွင် ထွန်းထားသည့် ဖယောင်းတိုင်သည်လည်း ဟိုယိမ်းဒီယိမ်းကာ ပျော်မြူးနေသယောင် ရှိလေ၏။
သို့ သော် သူတို့  နှစ်ဦး၏ ရင်ထဲတွင် စိတ်မကောင်းခြင်းကြီးစွာ အုပ်မိုးလျက်ရှိပေသည်။
“ဆွေ အစ်ကို့ ကို မမြင်မိဘူးလား ဟင်း…”
ဇနီးသည်၏ အမေးကြောင့် သူ့ မှာ သက်ပြင်းချရင်းနှင့်ပင် ဖြေလိုက်ရတော့သည်။
“ဆွေ အစ်ကို့ ကို မမြင်မိဘူး…၊ အမျိုးသားတွေနဲ့  ဒီလိုတွဲသွားတွဲလာ ပြုနေတာ ဆွေ အသားကျနေလောက်ပြီ ထင်တယ်”
သူ့ ကြောင့် ဆွေ ဘ၀ကို အရွဲ့ တိုက်နေခဲ့ပြီလားဟု သူ တွေးပုနေမိ၏။ ဘ၀ကို ရေစုန်မျှောကာ အမှောင်ကမ္ဘာထဲသို့  တိုးဝင်လျှက်ရှိသော ဆွေ့ အဖြစ်ကို တွေးတောမိတိုင်း စိတ်မကောင်းရုံမျှလွဲ၍ ဆွေ့ ကို ကယ်တင်နိုင်ရန် မည်သို့ မျှ မတတ်နိုင်ရှာတော့ချေ။ လက်တွေ့ တွင် ဘ၀တစ်ခုကို ကယ်တင်ရန် မလွယ်ကူသောအခါ သက်ပြင်းချရုံမှတစ်ပါး ဘာမျှမစွမ်းနိုင်တော့ပေ။ နွံနစ်နေသူတစ်ဦးကို ကယ်တင်ရင်းနှင့်ပင် အခိုက်မသင့်ဘဲ နွံနစ်နေသူကို ပိုမိုနစ်သထက် နစ်သွားအောင် ဆွဲနစ်ခဲ့ပြီလားဟု သူတွေးတောနေမိသည်။
XXXXXXXXXXXXX
ထိုအဖြစ်အပျက် ဖြစ်ပွားခဲ့ပြီးသည့်နောက်ပိုင်း သူတို့ ၏ မိသားစုဘ၀လေးသည်လည်း အရင်ကထက် ပိုမိုခိုင်မြဲလာခဲ့လေ၏။ သို့ သော် ဆွေဟူသော အမျိုးသမီးတစ်ဦး၏ ဘ၀ကို အရင်းအနှီးပြုကာ သူတို့ ၏ မိသားစုဘ၀လေးကို ပိုမိုခိုင်မြဲလာအောင် တစ်နည်းတစ်ဖုံဖြင့် ခြေမွမိသည့်အတွက် သူ့ မှာ ကြေကွဲမဆုံး ဖြစ်ခဲ့ရလေတော့သည်။
0 comments: