ချစ်သူ့နှုတ်ဖျား အဆိပ်မြား
(၁)
သည်နေ့ စနေနေ့။ သည်နေ့လိုရက်မျိုးမှာ သူနှင့်တွေ့နေ့ကျမို့ ညနေကတည်းက လုပ်နေသော အလုပ်များ လက်စသတ်၍ အွန်လိုင်းပေါ်တက်လိုက်သည်။ သူက အမြဲလိုလို အလုပ်ရှုပ်တတ်သဖြင့် ကျွန်မတို့ ချိန်းဆိုရာနေ့သည် စနေနေ့ည ဖြစ်သည်။ လိုင်းပေါ်ရောက်ချိန် သူ့အကောင့်လေး မှောင်နေသည်။ သူ ရောက်မလာသေးသည်လား၊ တမင်များ ပုန်းနေလေသည်လား။ ခါတိုင်းဆိုလျှင် ကျွန်မနှင့်တွေ့မည့် သည်နေ့လို ရက်မျိုးမှာ သူက စောစီးစွာ ရောက်တတ်စမြဲ။ မီးစိမ်းလေးလင်းနေသည့် သူ့အကောင့်သည် ကျွန်မကို အစဉ်ကြိုနေတတ်သည်။ တစ်ခါမှ မဖြစ်ဖူးသည့် သံသယစိတ်ကလေး အတွက် သေချာအောင် စစ်ကြည့်လိုက်ရာ…။
“ကို”
“ပြော”
အို… သူ ပုန်းနေတာပါလား။ ဝမ်းနည်းစိတ်တို့ တစ်ကိုယ်လုံး လွှမ်းခြုံသွားသည်။ ခေါင်းပြူလာသော ဒေါသစိတ်ဖြင့်
“နင် ဘာလို့ ပုန်းနေတာလဲ… ဘာလဲ ငါနဲ့ စကားမပြောချင်လို့လား.. ဟုတ်လား”
“မဟုတ်ပါဘူး… ငါ သိပ်နေမကောင်းလို့ပါ”
ခါတိုင်းဆို သူ နေမကောင်းလျှင် ကျွန်မအပေါ် ချွဲနွဲ့တတ်သည်။ ကျွန်မက ဘာဆေးသောက်၊ ဘာစား ဟူ၍ ညွှန်ကြားပေးတတ်သည်ကို ကလေးတစ်ယောက်လို နာခံတတ်သည်။ အခုတော့….။
“ဟုတ်လား… နင်က ပေတာကိုး.. ဆေးသောက်ပြီးပြီလား… ဆေးခန်းလည်းသွားဦးနော်”
“အေးပါ… ငါ နားချင်ပြီ… နားတော့မယ်”
“အေးအေး… ဂရုစိုက်နော်…ကို…”
သူ့ဆီက တုန့်ပြန်သံ မကြားရတော့။ သူက ကျွန်မထက် အသက်အနည်းငယ်ကြီးသော်လည်း သူငယ်ချင်းဟူသည့် စည်းကျော်၍ ချစ်သူဘဝကူးလာသည်ဖြစ်၍ နင်နဲ့ငါ ဟူ၍သာ သုံးနှုန်းပြောဆိုလေ့ရှိကြသည်။
(၂)
ကျွန်မသည် အတော်ဆိုးသော မိန်းကလေးတစ်ယောက်လည်းဖြစ်သည်။ သူနှင့်မတွေ့ခင်အထိ ရည်းစားပေါင်းများစွာလည်းထားခဲ့သည်။ သို့ပေမယ့် အွန်လိုင်းပေါ်မှ အပေါ်ယံ အီစီကလီကဏ္ဍတွင်သာ ထားခဲ့သည်။ ကျွန်မ၏ ဂျစ်ကန်ကန်နိုင်မှု၊ အပြောအဆို မနူးညံ့ခြင်းတို့ကြောင့် တစ်ယောက်မှ မမြဲခဲ့။ ကျွန်မကလည်းကျွန်မပင်။ မည်သူ့ကိုမှ အလေးမထားခဲ့ပေ။ သူတို့နှင့် ပတ်သက်၍ အမှတ်တရများရှိခဲ့သော်လည်း ထွေထွေထူးထူး အသည်းကွဲပြမနေတတ်။ အတော်လေးခံစားလိုက်ရသည့် ပုံစံမျိုးနှင့် တစ်ပတ်လောက် ခြေရာဖျောက်တတ်သည့် အကျင့် ကျွန်မတွင်ရှိသည်။
ထိုကဲ့သို့ အချိုးမျိုးနှင့် ကျွန်မ.. သူနှင့် တွေ့မှ တဖြည်းဖြည်း ပြောင်းလဲလာရသည်။ သူကလည်း ဂျစ်ကန်ကန်နှင့် ပျော်ပျော်နေတတ်သော ကျွန်မလို ပုံစံမျိုးပင်။ အသွင်တူတော့ နှစ်ဦးသဘောတူ သာမန်သူငယ်ချင်းအဆင့်ကို ကျော်လွန်ခဲ့ကြသည်။ မည်သူကမှ ပြောင်းလဲလို့မရသော ကျွန်မအား သူက စိတ်ရှည်လက်ရှည် ပြုပြင်ပြောင်းလဲသည်။ ကျွန်မစိတ်ကြိုက်ဖြစ်ရန်လည်း သူ့ကိုယ်သူ ပြုပြင်သည်။ သူနှင့်ကျမှ ပေါ့ပေါ့နေတတ်သော ကျွန်မ အရာရာကို လေးနက်တတ်လာသည်။ သူသည်ကျွန်မကို နူးညံ့ခြင်းနဲ့ စတင်မိတ်ဆက်ပေးသူဖြစ်ပြီး ကျွန်မကတော့ သူ့အတွက် ဖတ်ချင်စဖွယ်ကဗျာတစ်ပုဒ်ပင်။
သူနှင့်ချစ်သူဖြစ်ချိန် ကျွန်မ စာမတတ်သေးပါ။ သူ့ကိုအားကျသဖြင့် မတောက်တခေါက်ရေးလာသော ကျွန်မရဲ့ စာများကို ရင်ဘတ်နှင့် ခံစားပြီးဖတ်တော့လည်း မည်သည့်အပြစ်မျှ သူ မတွေ့ခဲ့ဘဲ လိုအပ်ချက်ကို ကွန်မန့်ဖြင့်သာ လှလှပပဖြည့်စွက်တတ်စမြဲ။ ဘုဆတ်ဆတ် ဂွကျကျ လူတယောက်က ကျွန်မတစ်ယောက်ထဲအတွက် ကြိုးတစ်ခွေလိုခွေခေါက်ပြီး မြွေစွယ်ကျိုးနေတတ်တော့ ကျွန်မက များစွာ အနိုင်ယူမိပါသည်။ ကျွန်မကို တော်လာသည်ဟု သူချီးကျူးတတ်ချိန်တိုင်းတွင် ကျွန်မသည် သူ၏အဖွဲ့အနွဲ့များကိုတော့ ပိုမို ပြီးပြည့်စုံစေရန် ညံ့ကွက်ရှာတတ်နေသော မျက်လုံးများနှင့် လူတစ်ယောက်လည်း ဖြစ်ခဲ့သည်။ စိတ်ဆင်းရဲစရာများကြုံလာလျှင်လည်း ကျွန်မက ဝေပေးလွန်းသလောက် သူကတော့ ဘယ်လိုပဲတောင်းတောင်း အပူကိုလက်ကမ်းမပေးပါ။ ကျွန်မက သူ့သောကတွေကို ခွဲဝေခံစားပေးဖို့ အဆင့်မမီတာလည်း ဖြစ်နိုင်ပါသည်။ သည်အကြောင်းတရားတွေက ကျွန်မနှင့်သူ့အကြား ဝေးကွာခြင်း ပုံရိပ်ကို ဖော်ဆောင်ပေးမည့် အရာတွေဆိုတာ နှစ်ဦးသား မရိပ်မိခဲ့ပေ။
ကျွန်မက မိန်းကလေးတန်မဲ့ စိတ်ဓာတ်မာသလောက် သူကတော့ နူးညံ့လွန်းသည်။ တစ်ခါတလေ သူ စိတ်ဓာတ်ကျလွန်းလျှင် အွန်လိုင်းကမ္ဘာမှ အချိန်ကြာ ပျောက်သွားတတ်သည်။ အဝေးမှ ကျွန်မမှာ စိတ်ပူနေရုံကလွဲ ဘာမှမတတ်နိုင်ခဲ့။ ထို့အတွက် အွန်လိုင်းကိုသာ အားကိုး၍ သူပြန်အလာကို အချိန်ကြာကြာ စိတ်ရှည်လက်ရှည် စောင့်ရစမြဲ။ သူ့အသံသည် ကျွန်မနှစ်သက်သည့် အမျိုးအစားတွင် မပါသော်လည်း ချစ်သူဟူသည့်စိတ်ဖြင့် သူ့ထံသို့ နေ့စဉ်ဖုန်းဆက်ဖြစ်သည်။ သူ့ရယ်သံကြားရလျှင် ရင်အေးရသည်ဟု ပြောပြတော့ သူက မယုံပေ။ စိတ်အခန့်မသင့်သည့်အခါတိုင်း ပြောမိသော အပြစ်တင်စကားများကိုသာ သူ့ရင်ထဲစွဲမှတ်နေတတ်သည်။
ကျွန်မချစ်သော သူ့အတွက် Creation များဖန်တီးကာ အမှတ်တရလက်ဆောင်များ ပို့ပေးသည်။ အွန်လိုင်းကမ္ဘာမှ သူ့ရဲ့ အိမ်ကလေး မှောင်မဲနေလျှင် သွား၍ မီးထွန်းပေးသည်။ သူ့အိမ်လေး အစဉ် မီးလင်းနေစေရန် နှင့် သူနှစ်သက်မည့် လက်ဆောင်များ ရွေး၍ ပို့ကာ သူ့အိမ်ကို ကျွန်မ အလှဆင်တတ်စမြဲ။ ကျွန်မရဲ့ အိမ်လေးသည်လည်း သူ့ကြောင့် ပို၍ လင်းလက်လာခဲ့သည်။ တစ်ခါတလေ ကျွန်မ မသိအောင် သူ လာလာချောင်းတတ်သည်။။ ကျွန်မကို ဘယ်သူက ဘာစကားတွေ ပြောနေတယ်နော် စသဖြင့် သူရောက်ကြောင်း၊ လာစစ်ကြောင်းကို ဝန်တိုသည့်ဟန်ဖြင့် ပြောတတ်သည်။ သို့သော် ကျွန်မ ပျော်သည်။ ကျွန်မနှင့်သူ နှစ်ယောက်တစ်အိမ်လေး မတည်ဆောက်နိုင်သေးသော်လည်း တစ်ယောက်အိမ်လေး တစ်ယောက်လည်လို့ နှောင်ကြိုးတွေတစ်ရစ်ပြီးတစ်ရစ် တိုးလို့လာသည်။ သူက စာပေ သိပ်ချစ်၊ သိပ်မြတ်နိုးသလို ကျွန်မလည်း ကဗျာလေးတွေ အမြောက်အမြား ရေးတတ်လာသည်။ ကျွန်မရေးသော ကဗျာများသည် သူ့အတွက်ဖြစ်၍.. သူရေးသော ကဗျာများသည် ကျွန်မအတွက်ဖြစ်သည်။ ဝဘ်ကမ်လေးများသုံး၍ အသည်းပုံလေးများ လုပ်ပြကာ ကြည်နူးမိကြသည်။ သည်မျှထိ ကျွန်မတို့ ချစ်ခဲ့ကြသည်။ သို့သော် ကျွန်မနှင့်သူ့အကြား ဘာသာမတူခြင်း ဟူသည့် ကြီးမားသော တံတိုင်းက ခြားနားထားလေသည်။
ထို့အတွက် သူငယ်ချင်းကဏ္ဍမှ ကျော်လွန်ချင်သော သူ့အား ကျွန်မ လှည့်ပတ်ငြင်းဆန်ခဲ့သည်။ သို့သော် လက်မလျှော့သည့်အပြင် ထိုအခက်အခဲတွေကို သူ ကျော်ဖြတ်မည်၊ ကျွန်မ စိတ်ချမ်းသာစေရမည် ဟူသော စကားများနှင့် မချစ်နိုင်လျှင်လည်း သူငယ်ချင်းလည်းမလုပ်ပါနဲ့တော့ ဟူသော ကြေကြေကွဲကွဲ အပြောများအကြား ကျွန်မ၏ ငြင်းဆန်စကားတို့ ပျောက်ဆုံးခဲ့ရသည်။ လူတကာအားကျယူရလောက်အောင် သူ ကျွန်မကို ချစ်ပြခဲ့သည်၊ ဝန်တိုခဲ့သည်။ ကျွန်မတို့နှစ်ယောက် အမြဲလိုလို ရန်ဖြစ်ကြသည်။ ရန်ဖြစ်ပြီးတိုင်းလည်း ပြန်ချစ်ကြသည်။ လူချင်းမတွေ့ရသည်မှလွဲ ဂြိုဟ်တုစနစ်ဖြင့် မျက်နှာချင်းဆိုင် ကြည်နူးကြသလို၊ ရင်ဘတ်ချင်းလည်း နီးခဲ့လေသည်။
(၃)
သို့သော်……..။
ပျော်ရွှင်ကြည်နူးမှု၏ အခြားတစ်ဖက်မှ ကြေကွဲဝမ်းနည်းရိပ်တို့ ကျွန်မရင်ခွင်ကို မသိမသာ တဖြည်းဖြည်း တံခါးခေါက်လာသည်။ သူ့ရဲ့ အပြောအဆိုများ တဖြည်းဖြည်းပြောင်းလဲစပြုလာသလို၊ ခြေလှမ်းများလည်း မသိမသာပျက်လာသည်။ ကျွန်မက သိပ်ကို ပါးနပ်သော မိန်းမသားတစ်ဦးဖြစ်သည်ကို သူ မေ့လျော့နေလေသလား။ သို့သော် ကျွန်မအိမ်လေးကိုတော့ သူ လာလာချောင်းမြဲ၊ သူ လုပ်ချင်သည့်အရာများကို ကျွန်မထံမှ ခွင့်တောင်းမြဲ။ သူ့ခြေလှမ်းတို့ တခြားဖက်ကို ယိမ်းယိုင်နေသော်လည်း ကျွန်မကို သူ မစွန့်လွှတ်ပေ။ သိသာသိစေ မမြင်စေနှင့် ဆိုသည့်စကားအတိုင်း သူ နေထိုင်တတ်လာသည်။ ကျွန်မကလည်း သိပေမည့် လက်ဆုပ်လက်ကိုင်မပြနိုင်ဘဲ မစွပ်စွဲလိုပေ။ ကျွန်မသူ့ကို သိပ်ချစ်သဖြင့် စိတ်ချမ်းသာစေချင်သည်။ ကျွန်မ သိပ်ဆိုးသည့်အတွက် သူ့ကိုစိတ်ချမ်းသာအောင် ထားနိုင်မည်လားဆိုတာ မသေချာ။ ထို့အတွက် သူ့ကို စိတ်ချမ်းသာအောင်ထားနိုင်မည့်သူလက်ထဲ ကြည်ကြည်ဖြူဖြူ ထည့်ပေးလိုက်နိုင်သည်။ ကျွန်မ သူ့ကို မချစ်၍မဟုတ်၊ သိပ်ချစ်သောကြောင့် ဖြစ်ပါသည်။
သူ့ကိုထားသွားမည်ကိုကြောက်သော သူက ကျွန်မကို အရင်ဆုံးထားသွားတော့မည်ကို သိနေသည့်အတွက် ခံနိုင်ရည်ရှိအောင် ကြိုးစားရင်း ခွင့်လွှတ်စိတ်လည်း မွေးမြူနေခဲ့သည်။ သူ့အတွက် ပြောင်းလဲလာသော ကျွန်မသည် သူတစ်ယောက်ထဲအတွက်သာ ကျွန်မ ဖြစ်ခဲ့သည်။ ယခုတော့ သူကလွဲ၍ အခြားသူများအတွက် ဖြစ်ခဲ့သော ကျွန်မ၏ ပုံရိပ်များ တဖန်နိုးထစေရန် ပြန်လည်ကြိုးစားရဦးမည်။ သူငယ်ချင်းလိုပဲ ဆက်၍ ခင်ရန် အချိန်နှစ်ပတ်ယူ စဉ်းစား၍ ပြောလာသော သူ့စကားကို ပြန်ဖြေရန်အတွက် ကျွန်မ တစ်လတိတိ အချိန်ယူခဲ့ရသည်။ သည်တစ်လအတွင်း သူသိသော ကျွန်မရှိရာ အကောင့်လေး မှောင်နေပေမယ့်လည်း ပြင်ပမှာတော့ သူ့ကိုပြောမည့် အဖြေစကားတို့နှင့်အတူ လန်းဆန်းသော တစ်ချိန်က ကျွန်မ ပုံရိပ်တို့ ပြန်လည်နိုးထစေရန် အစီအစဉ်တကျ အကွက်ချနေလျက်။
ယခုတော့ ကျွန်မ နားလည်တတ်ခဲ့ပြီ။ အချစ်ဆိုသော ခံစားမှု အထွတ်အထိပ်ရောက်ချိန်တွင် တခြားသော အရာတွေသည် အလိုလိုမှေးမှိန်နေခဲ့သည်။ ကမ်းမမြင် လမ်းမမြင် အချစ်ဆိုတာ ဒါမျိုးကို ခေါ်ဆိုခြင်းဖြစ်မည်။ အတားအဆီးမှန်သမျှ ကျော်လွှားချင်သည်။ တစ်ယောက်အကြိုက် တစ်ယောက်လိုက်၍ နားလည်မှုကို ကြိုးစားဖော်ဆောင်ကြသည်။ ဒါသည် အချစ်၏ စွမ်းအင်ပင်။ သို့ရာတွင် ထိုစွမ်းအင် တဖြည်းဖြည်း လျော့နည်းလာသည်နှင့်အမျှ တခြားသောအရာများဘက်မှ တဖြည်းဖြည်းကြီးထွားလာကြသည်။ ချိန်ခွင်လိုပင်။ အချစ် ချိန်ခွင်တွင် “နားလည်မှု”လျှာကို အလိုက်သင့်ထိန်းပေး၊ ညှိပေးတတ်လျှင် “ချစ်ခြင်း” အပြည့်ထည့်ထားသည့်ဘက်မှ အလေးသာမည်။ အခြားဘက်သို့ “နားလည်မှု” လျှာ အနည်းငယ်တိမ်းစောင်းသွားသည်နှင့် “ချစ်ခြင်း” ဟူသည် လေးနက်မှုမရှိသော၊ ပေါ့ပျက်ပျက်အရသာလိုပင်။ ယခု ကျွန်မနှင့်သူ့အကြားရှိ အချစ်ချိန်ခွင်တွင်လည်း “နားလည်မှု” လျှာ ဘက်မှားသွားခဲ့လေပြီ။ ပူလောင်ကြမ်းတမ်းသော ကျွန်မ၏အရိပ်ထက်စာလျှင် အေးမြသောအရိပ်၊ နွေးထွေးနူးညံ့သော လက်ဖဝါးထက်တွင် သူ့ကို ရှိနေစေချင်သည်မှာ ကျွန်မဆန္ဒပင်။
တကယ်တော့ ကျွန်မသည် သူ၏နှုတ်ဖျားမှ ချိုမြိန်သော စကားလုံးလေးများကို မူးယစ်စွာ ခုံမင်နေခဲ့မိသူဖြစ်သည်။ သူ့နှုတ်ဖျားထက်က စကားလုံးများသည် တိုက်ဆိုင်မှုရှိတိုင်း ကျွန်မအား မြားတစ်စင်းကဲ့သို့ စူးနင့်နေစေ၍… ကျွန်မ နှလုံးသားလေး အောင့်တက်နေခဲ့မည်ဆိုပါလျှင်လည်း ကြည်နူးဝမ်းသာစိတ်ဖြင့် ကုစားသွားပါတော့မည်။
ဂျွန်မိုး
9-7-2013 (7:10 PM)
0 comments: