ငါတို့ အိမ်
ငါတို့ အိမ်မှာ............................
မတူညီခြင်းတွေရဲ့သံစဉ်တွေရှိသလို မေးငေါ့တတ်တဲ့မျက်ဝန်းတွေရှိတယ်
ကျားမှန်းသိရအောင် အစွယ်ပြတတ်တဲ့ သူတွေရှိတယ်။
အဖေပျောက်တဲ့ သူတွေရှိသလို အမေလိုက်ရှာနေတဲ့ကလေးတွေရှိတယ်
ဓါတ်တိုင်အောက်ကညို့ ယူအားကောင်းတဲ့ မိတ်ကပ်နီလေးတွေလည်းရှိတယ်

စွန့် စားရင်မင်းတော့မဖြစ်ဘူး ခွေးတော့ဖြစ်မယ်ဆိုတတ်တဲ့ လူတန်းစားတွေရှိသလို
ခြေကျွံတတ်တဲ့ စကားလုံးရိုင်းတွေလည်းရှိတယ်။
အာဏာရုးတွေရှိသလို တဏှာရူးတွေလည်းရှိတယ်
လောကကြီးပေါ်တည့်တည့်မလျှောက်ဘဲခြေလှမ်းတွေကိုတည့်တည့်လှမ်းနိုင်ရမယ်ဆို
တဲ့ လူတွေရှိသလို
စကားဝိုင်းကောင်းကောင်းတစ်ခုကိုသေရည်ကောင်းကောင်းထက်မက်တဲ့ လူတွေလည်းရှိတယ်။
ဦးနှောက်ပြေးတဲ့ အရူးတွေရှိသလို မရူးတရူးလူတွေလည်းရှိကြပြန်တယ်။
ငါတို့ အိမ်မှာ.........................................
ဒီမိုကရေစီမကျတကျ ရွေးကောက်ပွဲတွေရှိသလို
ဒီမိုကရေစီမကျတကျလူတွေလည်းရှိကြပြန်တယ်
ဖက်ဒရယ်ဆန်တဲ့ လူတွေရှိသလို
ဖက်ဒရယ်ဆန်တဲ့ ရွေးကောက်ပွဲတွေလည်းရှိကြပြန်တယ်။
လပြည့်ည ရဲ့အလှကို ငါးမျှားချိတ်နဲ့ ချိတ်ယူပြီး ပိုင်ဆိုင်ဖို
့ကြိုးစားတဲ့ သူတွေရှိသလို
မနက်ခင်းရဲ့တေးကြိုသံကိုဝါးမြိုဖို့ ကြိုးစားနေတဲ့ သူတွေရှိကြပြန်တယ်။
ငါတို့ အိမ်မှာ.......................
နားကပ်မတပ်ရဆိုတဲ့ အမိန့် တွေရှိသလို နားကပ်တပ်တဲ့ လူနည်းစုတွေရှိတယ်
အင်္ကျီဖြူဝတ်ပါဆိုတော့ အဖြူရောင်မမြင်ဘူးတဲ့ လူတွေရှိသလို
ဥပဒေဆိုတော့အပေါ်ကိုမော့မကြည့်ဘဲ ခြေထောက်အောက်ကိုငုံ့ ကြည့်တဲ့ 
လူတွေတပုံတပင်ကြီးရှိနေပြန်တယ်။
ငါတို့ အိမ်မှာ...................
ဘုရားဟောတဲ့ ကျမ်းတွေရှိသလို ဘုရားမကြိုက်တဲ့ လုပ်ရပ်တွေရှိတယ်
ထိုင်တာချင်းတူပေမဲ့ ရတာချင်းမတူတဲ့ လူစားတွေရှိပြန်တယ်
ကုသိုလ်ပြုတာပြောပါဆိုတော့ လက်ချိုးရေတဲ့ လူတွေရှိသလို
ချိုးစရာလက်မရှိတဲ့ အိမ်သူအိမ်သားတွေ ငါတို့ အိမ်မှာများလှပေါ့။
ဒီလိုနဲ့ ...ငါတို့အိမ်လေး အသက်ရှူမ၀တ၀နဲ့ အသက်ဆက်လာခဲ့တာ
ခုချိန်ထိဆိုပါတော့ဗျာ........။
ဆလိုင်းမြတ်နိုးသူ(တောင်ဇလပ်မြေ)

0 comments: