သားသည် "အမေ"



မိန်းမသားအများစုက စိတ်ကူးယဉ်မှု၌ ကြည်နူးခံစား တတ်ကြတယ်လို့ ဆိုချင်ပါတယ်။ စိတ်ကူးယဉ်ခြင်းက လက်တွေ့ မဆန်ခြင်းဟု ဆိုစေကာမူ ကိုယ့်ရဲ့ အတွင်းစိတ်ခံစားချက်များဖြင့် ဖြစ်ချင်သည့်၊ ဖြစ်စေချင်သည့် အကြောင်းအရာအပေါ် အလျင်ဦးစွာတော့ စိတ်ကူးယဉ် ကြည်နူးတတ်ကြသည်မှာ ကမ္ဘာပေါ်ရှိ အမျိုးသမီးထုကြီး တစ်ရပ်လုံးနီးပါးဟု ထပ်လောင်းဆိုပါရစေ။ စိတ်ကူးယဉ်ဆန်သူများကို လက်တွေ့မကျသူများဟုလည်း သတ်မှတ် ခေါ်ဝေါ်သည့်အလေ့က ယနေ့တိုင် ရှင်သန်နေဆဲပင်။ မည်သို့ပင်ဆိုစေ ကျွန်မသည် “သားသည် “အမေ”” ဆိုသည့် အက်ဆေးအား စိတ်ကူး ရည်သန်၍ ရေးခြင်းမျှသာ ။

“ဖို၊ မ” ဓါတ်သဘာဝတွင် “မ” ဓါတ်သဘာဝ ရှိသူများသည် ပင်ကိုယ်အားဖြင့် ဂရုစိုက်ပြုစုပျိုးထောင်ခြင်း သဘော သဘာဝကို ပိုင်ဆိုင်သူများပင် ဖြစ်သည်။ အဘယ်ကြောင့် ဤသို့ဆိုရသော် “မ” ဓါတ်သဘာရှိသည့် လူ၊ တိရစ္ဆာန် တို့သည် သနားညှာတာတတ်ခြင်း သဘောသဘာဝ ရှိခြင်းကြောင့်ပင်။ ဤသဘောသဘာဝကပင် မိခင်လောင်း စိတ်ဓါတ်ကို အခြေပြုနေသည်ဟု ကျွန်မ တွေးတောမိပါတယ်။ “သနားညှာတာတတ်ခြင်း”မှ “ညှာတာတတ်”၍သာ ကိုယ်ချင်း စာနာနိုင်မည်ဖြစ်သလို “သနားခြင်း” ကို အခြေပြုခြင်းကြောင့်သာ ဖြူစင်တဲ့ချစ်ခြင်းတစ်ခုကို   ဖြစ်တည်စေနိုင် မှာပါ။
ဤသို့သော သဘောသဘာဝရှိသည့် အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်မဟုတ်သည့် မိန်းမပျိုလေးများပင်လျှင် ကလေးငယ်များကို မြင်တွေ့သည့်အခါ ခန္ဓာကိုယ်အနှံ့ သွေးကြောများအတွင်းထိ နွေးထွေးမှုကိုဖြစ်စေသည့် ချစ်ခြင်းပီတိ မျိုးဖြင့် ကလေးငယ်များကို ထိတွေ့၊ ချော့မြှူလေ့ရှိကြပါတယ် ။
ထိုသို့ဆိုလျှင် မိခင်လောင်းလျာများအဖို့ သာ၍သာ ပိုနိုင်ချေပင် ရှိပါသည်။ အမျိုးသမီးတိုင်းသည် မိခင်လောင်း ဘ၀ကို တပ်မက်ကြပါတယ်။ မိခင်လောင်းဘ၀မှာရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ ကမ္ဘာပေါ်တွင် အလှဆုံးအမျိုးသမီး နှင့် အလှဆုံးအချိန်ကို ပိုင်ဆိုင်သူများပါ။ အဘယ်ကြောင့်သော် သူတို့၏ မမြင်ရသေးသည့် သွေးသားအစိုင်အခဲ ဘ၀မှာပင် ရှိနေသေးသည့် ရင်သွေးငယ်အပေါ် ထားရှိသည့် မေတ္တာစိတ်ကြောင့်ပင်။ ရက်သတ္တပတ်အရွယ်သာ ရှိသေးသည့် ရင်သွေးငယ်က ကိုယ့်ရဲ့ဝမ်းအတွင်းမှာ ရှိနေတယ်လို့ သိလိုက်ရသည့်အချိန်သည် အပျော်ဆုံးအချိန်ပင် ဖြစ်ပါတယ်။ မတူညီသည့် အသွေးအသားနှစ်ခုပေါင်းစပ်မှုဖြင့် ဖြစ်တည်လာသည့် သွေးသားအစိုင်အခဲလေးဟာ ကိုယ့်ရဲ့သွေးသား   ဖြစ်တည်မှုနှင့်အတူ အစာအဟာရနှင့်တကွ ဆက်ယှက်သွားသည့် အသိ၊ ကိုယ်နှင့် သွေးသား စီးဆင်းမှု တစ်သား   ဖြစ်တည်နေသည့်အသိ ရှိလိုက်သည်နှင့်တပြိုင်နက် ဆူမထွက်သေးသည့် ဗိုက်သားပြင်ကို လက်နှင့်ပွတ်သပ်ကာ ပတ်ဝန်းကျင်ကို မေ့လျော့သွားပြီး လေဟာနယ်ထဲသို့ ရောက်ရှိသွားသလို ခံစားချက် မျိုးဖြင့် မျက်ရည်များဝဲသည်အထိပင် ကြည်နူးပီတိ ဖြစ်မိရပါတယ်။ ဒီခံစားချက်ဟာ တလှိမ့်လှိမ့်နဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို နွေးထွေးသွားစေခဲ့သည်အထိပါ။ ဒါဟာ ပထမဦးဆုံးဖြစ်တည် လာတဲ့ မိခင်လောင်း တစ်ယောက်ရဲ့ ပီတိပါ။
ငယ်ရွယ်အစဉ်အခါ ကစားတတ်သည့်အရွယ်က ကော်ဖြင့်ပြုလုပ်ထားသည့် အရုပ်မလေးတွေကိုပင် အဖေ့ရဲ့ပုဆိုး ဒါမှမဟုတ် တဘက်စောင်တို့ကို အနှီးပြုလုပ်၍ အို…အေ့..အေ့..အို သားချော့တေးညီးကာ ချော့သိပ်တမ်းကစား တတ်ကြသည်မှာပင် မိန်းကလေးများ၏ မိခင်လောင်းစိတ်ဓါတ်ပင်။ ဒါ့အပြင် အရာတိုင်းကို ကိုယ်တိုင် မစွမ်းနိုင်သည့် တိရိစ္ဆာန်လေးတွေ ထိခိုက်ဒဏ်ရာရတဲ့ အခါတွေမှာဆိုရင်လည်း ဆေးလိမ်းပေး၊ ဆေးစည်းပေး တို့ကို တယုတယ ပြုစုပေးခြင်းသည်ပင် မေတ္တာကိုအခြေပြုသည့် မိခင်စိတ်ဓါတ်လို့ မြင်မိပါတယ်။
ဒီလိုပဲ ကိုယ့်သွေးသားနဲ့ရှင်သန်လာမယ့် ရင်သွေးငယ်အတွက်ဆို အစားအသောက်၊ အနေအထိုင်၊ အသွားအလာက အစ အိပ်သည့်အချိန်မှာပင် အရင်လိုမဟုတ်တော့ဘဲ ရင်သွေးငယ်ကို ထိခိုက်မိမယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ သတိထား အိပ်တတ်သွားအထိပင် အရာအားလုံးကို ဂရုစိုက် ဆင်ခြင်သွားမိပါတယ်။ ရင်သွေးငယ်ကို ထိခိုက်စေမယ့် အရာမှန် သမျှကို ရှောင်ရှားရင်း ကိုယ့်ရဲ့နေထိုင်မှုပုံစံကို ပြောင်းလဲပစ်လိုက်ကြတာပါ။ ဒီလိုအချိန်မှာ ကတည်းကပင် ကိုယ့်ရဲ့ ရင်သွေးငယ် ဘ၀ရှေ့ရေးအတွက်ပါ ကြိုတင်စီစဉ်ခြင်းမျိုးတွေ၊ တွေးတောခြင်းမျိုးတွေနဲ့ ဗိုက်ကလေးကို ပွတ်သပ်ရင်း ပါးစပ်ကလည်း စကားတွေ တတွတ်တွတ်ဆိုရင်း ကြည်နူးနေတတ်ကြတာပါ။ ဘာပဲလုပ်လုပ် စိတ်ထဲ၊ အတွေးထဲမှာ ရင်သွေးငယ်အတွက်ဆိုတာကိုပဲ ဦးစားပေးနေလေ့ရှိပါတယ်။ ဒါတွေဟာ ပြောင်းလဲလုပ်ယူလို့မရတဲ့ မိခင်လောင်း တစ်ယောက်ရဲ့ ရင်သွေးငယ် အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာမျိုးပါ။
ရင်သွေးငယ်တစ်ယောက်ကို မွေးဖွားနိုင်ဖို့ရာ “ကိုးလ လွယ်၊ ဆယ်လ ဖွား” ကာလကို ကောင်းမွန်စွာ ဖြတ်ကျော်နိုင်မှ သာ အဆင်ချောစွာ မွေးထုတ်ပေးနိုင်တာပါ၊ ဒီကာလအတွင်းမှာ အစစအရာရာ သတိတစ်ချက်လေးတောင်မှ လစ်ဟင်း သွားလို့ မဖြစ်ခဲ့ပါဘူး၊ အရာရာကို သတိထားနေထိုင် နေရတာပါ။ ရင်သွေးငယ်ရဲ့ သွေးသားတောင်းဆိုမှုလို့ပဲ ဆိုရ မလား မိခင်လောင်းတွေမှာ ချဉ်ခြင်းတက်ခြင်းဆိုတာမျိုး ဖြစ်တတ်ပါတယ်၊ တစ်ခုခုကို စားချင်တာမျိုး၊ တစ်နေရာရာ ကို သွားချင်တာမျိုး၊ တစ်ခုခုလုပ်ချင်စိတ် ဖြစ်နေတာမျိုးအပြင် အသက်အန္တရာယ်ရှိနိုင်တဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်းမျိုးသည် လည်း တချို့သော မိခင်လောင်းများတွင်  ကိုယ်ဝန်ရင့်လာသည့်နှင့်တပြိုင်နက် ဖြစ်လေ့ရှိတတ်ပြန်သေးရာ မိခင်လောင်း ဘ၀က ခြောက်ကမ်းပါးအနားသပ်မှာ ရပ်နေတဲ့အဖြစ်မျိုးနဲ့ တူပါတယ်။ အချိန်မရွေး အသက်အန္တရာယ်   ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မိခင်လောင်းတွေမှာ ကြောက်ရွံ့စိတ်ရှိလား မေးခဲ့ပါလျှင် မကြောက်ပါဟု   ဖြေကြမည်မှာ အမှန်ဧကန်ပင်၊ ရင်သွေးငယ် ရှင်သန်နေဖို့အတွက် ကိုယ့်အသက်ကိုပင် စတေးခံရဲတဲ့ သတ္တိရှိ သူတွေပါ။
ကျွန်မကလေးဘ၀ကဆိုလျှင် အမေ့ရဲ့ ဗိုက်ဗုံး အိင်္ကျီများကို ယူဝတ်မိလို့ အမေ့ရဲ့ ဆူပူမှုကို ရံဖန်ရံခါ ခံရဖူးခဲ့ပါတယ်။ ကလေးဘ၀က ဗိုက်ဗုံးအိင်္ကျီကို အလွန်သဘောကျခဲ့တာ ဘာကြောင့်မှန်း မသိပါဘူး။ ခုကျတော့လဲ ဗိုက်ဗုံးအိင်္ကျီ ၀တ်ထားတဲ့ မိခင်လောင်းများသည် မျက်စိထဲတွင် အလွန်လှပ ကျက်သရေရှိသော အမျိုးသမီးတွေအဖြစ် မြင်မိပြန်ပါ တယ်။ တချို့ မိခင်လောင်းများကျတော့လဲ ကြမ်းတမ်းစွာနဲ့ ရုန်ကန်နေရတာကို မြင်မိတဲ့အခါ စိတ်မကောင်း ဖြစ်မိသလို ဘ၀အတွက်၊ သားသမီးအတွက် ရုန်းကန်နေရတဲ့အဖြစ်ကို ဂုဏ်ယူမိတတ်ပြန်ပါသေးတယ်။ တော်ရုံသတ္တိ မျိုးဖြင့်တော့ မိခင်လောင်းဘ၀ကို ဖြတ်သန်းနိုင်မှာ မဟုတ်ပါ။ မိခင်လောင်းဘ၀တွင် အမျိုးသမီးတွေဟာ ပြောင်းလဲမှုများစွာ   ဖြစ်သွားကြပါတယ်၊ သွေးသားပြောင်းလဲမှု၊ နေထိုင်မှုပုံစံပြောင်းလဲမှု၊ စိတ်ပိုင်းဆိုင်ရာပြောင်း လဲမှုတွေဖြစ်သွား တာပါ။ မိခင်လောင်းဘ၀ကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေဟာ အပျိုဘ၀တုန်းကလို အလှအပကို အသားပေးနေလို့ မရတော့ ပါဘူး၊ ရင်သွေးအတွက် လိုအပ်တဲ့ အစာအဟာနဲ့ ကျန်းမာဖွံ့ဖြိုးမှု ရရှိနိုင်ဖို့ အစားအသောက်၊   ဆေးဝါးနဲ့ လေ့ကျင့်ခန်း   တွေကို လေ့လာဆည်းပူးကာ ကျင့်သုံးလိုက်နာ နေထိုင်ရခြင်းကြောင့်ပါ။
ရုပ်ဝတ္ထုပိုင်းတွေ ပြောင်းလဲလာသည်နှင့်အတူ နည်းပညာတွေပါ တိုးတက်လာတဲ့ ဒီဘက်ခေတ်မှာ ကလေး တစ်ယောက် မွေးဖွားဖို့ အရင်တုန်းကလို မိခင်ခွန်အားစိုက်ထုတ်ပြီး မွေးဖွားသည့်အစား ခွဲစိပ်ခန်းမှာပင် သားဖွားဆရာ တို့ဖြင့် ကိုယ်လိုချင်တဲ့ နေ့ရက်၊ အချိန်ကာလမှာ လွယ်လင့်တကူ မွေးဖွားနိုင်သည့် ခေတ်သို့ ပြောင်းလဲလို့လာပါပြီ၊ ဤသို့ ပြောင်းလဲလာလို့လည်း မိခင်လောင်းတွေဟာ ယခင်လို ခွန်အားစိုက်မထုတ်ရသည်သာပဲ ရှိပါတယ် ဗိုက်ထဲမှာ လပေါင်းများစွာ ကိုယ်နဲ့အတူ နေထိုင်လာသည့် လူသားငယ်လေးကို အပြင်လောကသို့ ခေါ်ယူနိုင်ဖို့ရန် အတွက် ကနေဦးတော့ မိခင်ရဲ့ ဗိုက်သားပြင်ကို ခွဲပြီးကာမှ လူသားငယ်လေးဟာ ပြင်ပလောကကို ရောက်ရှိလာနိုင်မှာပါ၊ မိခင် အတွက်တော့ ခွဲစိပ်သည့် နားကျင်မှုဒဏ်ကိုတော့ ခံစားကြရမည်သာ။ အဆင်ချောစွာ လူ့လောကသို့ ရောက်ရှိလာ သည့် ကိုယ့်ရင်သွေးအတွက် ပထမဆုံး မိခင်ရဲ့ ရင်ငွေ့ဟာ အလိုအပ်ဆုံးနဲ့ အထိရောက်ဆုံးပင်ဖြစ်သလို မိခင်အတွက် သည်လည်း ရင်သွေးငယ်ရဲ့  “အူဝဲ” ဆိုသည့် အသံကပင် အားအင်သစ် တစ်ရပ်ပင်။ မည်သို့ပင်ဆိုစေ သာမန်သတ္တိမျိုး   ဖြင့်တော့ သားသည် အမေ တစ်ယောက်အဖြစ် ခံယူဖို့ရာ မဖြစ်နိုင်တန်ရာ။
မိခင်လောင်းဘ၀မှ မိခင်ဘ၀သို့ ကူးပြောင်းရောက်ရှိလာချိန်မှာလည်း ရင်သွေးငယ် ကျန်းမာဖွံ့ဖြိုးရေးအတွက်ကို အထူး ဂရုစိုက် ပြုစုစောင့်ရှောက်ရသည့် တာဝန်ရှိလာပြန်ပါတယ်။ ရင်သွေးငယ်သည် မိခင်ဝမ်းအတွင်း သန္ဓေတည်စဉ် တလျှောက်လုံး မိခင်စားသောက်သည့် အစားအသောက်များကို ချက်ကြိုးမှတဆင့် အဟာရဖြစ်တည်မှု ယူဆောင်ရတာ ပါ၊ ဒါကြောင့် မိခင်တွေဟာ မိခင်လောင်းဘ၀မှာကတည်းကပင် ကိုယ်စားချင်တာထက် ရင်သွေးငယ် အဟာရဖြစ်စေ မယ့် အစာအဟာရမျိုးကို ရွေးချယ်စားသောက်ရခြင်း ဖြစ်ပါတယ်။ မိခင်ဝမ်းတွင်းမှ ထွက်လာသည့်အခါတွင်လည်း ရင်သွေးငယ်အတွက် အကောင်းဆုံးနဲ့ အထိရောက်ဆုံးအဟာရသည် မိခင်၏နို့ချို ပင်ဖြစ်ပါတယ်။
ရက်သားအရွယ်မှ လသားအရွယ်၊ ထိုမှ အသက် ၁ နှစ်၊ ၂ နှစ်၊ ၃ နှစ် စသည်ဖြင့် အချိန်ကာလရွေ့လျားမှုနှင့်အတူ အသက်အရွယ်နှင့် ဦးဏှောက်ဖွံ့ဖြိုးမှု၊ ကိုယ်ခန္ဓာဖွံ့ထွားမှု စသည်အားဖြင့် မည်သို့ပင် ပြောင်းလဲ၍ အရွယ်ရောက်ရှိ လာစေကာမူ မိခင်တစ်ဦးအဖို့ရာ အမိဝမ်းမှကျွတ်သည့် ရင်သွေးငယ်ပမာ မှတ်ယူနေတုန်းပင် ဖြစ်ပါသည်။ ဤသည်ပင် သားသည်မိခင် တစ်ယောက်၏ အဖြူစင်ဆုံးသော မွန်မြတ်သည့် ချစ်ခြင်းမေတ္တာပင် ဖြစ်ပါတယ် ။
သားသည်အမေကို မြန်မာ့အဘိဓါန်၌ ရင်သွေးငယ်အားနို့ချိုတိုက်ကျွေးသည့် မိန်းမ(အမျိုးသမီး) ဟု အဓိပ္ပါယ်ဖွင့်ဆို ထားပါတယ်။ သားသည်အမေ တစ်ယောက်အဖို့ သန္ဓေသားစတင်ဖြစ်တည်လာရာ ကလလရေကြည် (အရည်ကြည် အိတ်) စတင်ဖစ်တည်လာစဉ်ကပင် မိခင် မေတ္တာဆိုသည်မှာ သွေးသားလည်ပတ်မှုနှင့်အတူ စီးဆင်းနေပြီးဖြစ်ပါတယ်၊ မိခင်လောင်း ဘ၀မှာ ရင်သွေးငယ်ကို စောင့်ရှောက်ရသလို၊ မိခင်ဘ၀တွင်လည်း ရင်သွေးငယ်အား   နို့ချိုတိုက်ကျွေးပြီး   ပြုစုပျိုး ထောင်ပေးခဲ့ရသလို လူကြီး ဘ၀သို့ ပြောင်းလဲရောက်ရှိလာသည့်တိုင်အောင်   မေတ္တာ၊ စေတနာ၊ ဂရုဏာ၊ မုဒိတာ နို့ချိုအေးကို တိုက်ကျွေးနေဆဲပင် ဖြစ်ပါသည်။ ဤသည်ကို ငယ်ရွယ်စဉ် အခါကလို   သောက်သုံးခြင်း၊ မသောက်သုံးတော့ခြင်းသည် အရွယ်ရောက်လာသည့် ရင်သွေးငယ်ပေါ်တွင်သာ တည်မှီးနေပါတော့သည် ။

ထရီဆာ(Teresa)

0 comments: