အချစ်သည်
ဆုံစည်းဖို့ရာ
မဖြစ်နိုင်သည့်ပြိုင်မျဉ်းနှစ်ကြောင်းကို
တစ်ချိန်တွင်ဆုံစည်းလိမ့်မည်ဟုများ နှင်း မျှော်လင့်နေခဲ့မိသလား။ တကယ်ဆို
မိန်းမသား တန်မဲ့ တစ်ဖက်သတ်ဆိုသည့် ချစ်ခြင်းနယ်ပယ်ထဲကျွံဝင်သွားမိခြင်းမှာ
သေချာတွက်ဆကြည့်လျှင်မူ ရှက်ဖို့ကောင်းလွန်းလှသည်။ သို့သော် မချစ်ပဲလည်း
မနေနိုင်ပြန်။
သူက အရာရာကို
ဆုပ်ကိုင်နိုင်စွမ်းရှိသော လက်ဖဝါးဖြစ်လျှင် နှင်းက လက်ဖမိုးဖြစ်မည်ထင်သည်။
သူ့ အမြင်အောက်ဝယ် သက်ဝင်လှုပ်ရှားနေသော အရာတို့ကိုသာ
သူမြင်နိုင်ပေလိမ့်မည်။ သူ၏ အနောက်ခြမ်းမှ နှင်းအား သူမြင်နိုင်မည်မဟုတ်ပေ။
တကယ်ဆို နှင်းသည်သာ စိတ်ကူးနှင့် ရူးနေမိသူမဟုတ်ပါလား။ သူ့အတွက်
ထာဝရပျောက်ဆုံးနေမည့် နှင်း၏ ပုံရိပ်ကို သိသိကြီးနှင့်
မျှော်လင့်နေခြင်းပင်။
သူဆိုသည်က နှင်း၏ ချစ်ရသူ။
သူ့ပုံစံက
ကြည့်လိုက်တိုင်း ရှပ်အိကျီ င်္ကွက်ကျဲနှင့် ဂျင်းဘောင်းဘီရှည်ကိုသာ
ဝတ်ဆင်ထားတတ်သည်။ ဆံပင်ကတိုသော်လည်း အမြဲပင် ဆီနှင့်ဝေးကွာနေသည့်ဟန်။
ပွယောင်းယောင်းနှင့်။ သူ့မျက်နှာက ချောသည်ဟု မဆိုသာ။ ယောင်္ကျားပီသသည်ဟု
ပြော၍တော့ ရ၏။ တည်ငြိမ်သော သူ့ရုပ်သွင်က မြင်သူတိုင်းအား
စိတ်အေးချမ်းစေသည်ကတော့ အမှန်ပင်။ သူ့စကားသံက သွက်ပေမယ့် လေသံက လေးသည်။
တကယ်တမ်းတော့ သူသည် နှင်းအတွက်တော့ ကောင်းကင်ထက်က တိမ်တစ်စလိုမျိုး
ဖမ်းဆုပ်ခွင့်မရှိပဲ ငေးကြည့်ခွင့်သာရှိသည့်အရာ။ ဘာ့ကြောင့်များ
ထိုအရာကိုမှ စွဲလမ်းတပ်မက်နေရပါသလဲ ဟုတွေးမိတော့ မချိပြုံးပြုံးမိလိုက်သည်။
စာအုပ်အရောင်းဆိုင်၏
ဝန်ထမ်းလေးမျှသာဖြစ်သော သူ့လစာက မက်မောဖို့ မကောင်းလွန်းလှစွာ
နည်းပါးလွန်းလှသည်။ သို့သော် စာအုပ်များကြားထဲ ပျော်နေသည့်သူကတော့ဖြင့်
နှင်း၏ အတွေးမျိုး တွေးမိဟန်မတူ။ အလုပ်အားလပ်ချိန်ဝယ် စာအုပ်ပုံကြားထဲ
ခေါင်းထိုးကာ နှစ်သက်ရာစာကို ရှာဖွေဖတ်ရခြင်းကို သူနှစ်သက်သည်။
အသစ်ထွက်ပေါ်လာသော စာရေးဆရာတို့၏ စာတို့ကို ဝေဖန်ရင်း
လက်ရာကောင်းသည့်စာရေးဆရာမျိုးတွေ့ရလျှင် သူ နှစ်နှစ်ခြိုက်ခြိုက်ပြုံးကာ
တသသ ပြောတတ်သည်။ နှင်း မထင်မှတ်မိသော အရာတစ်ခုက သူသည် စာရေးဖို့
ကြိုးစားနေသူတစ်ဦးလည်း ဖြစ်ပြန်သေးသည် တဲ့လေ။ တခါတရံ သူ့ဝတ္ထုတိုလေး
တစ်ပုဒ်တစ်လေမျှ အရွေးခံရရုံနှင့် ကြွားမဆုံးတော့။ မဂ္ဂဇင်းတွင်
အရွေးခံရသည်မှာ သုံးပုဒ်သာရှိသေးသော်လည်း ရသစာရေးဆရာ ဟူသည့်
မာန်လေးကတော့ဖြင့် ပြင်းထန်လှသည်။ ထိုကဲ့သို ရသ စာရေးဆရာဖြစ်ရခြင်းကိုလည်း
သူ ဂုဏ်ယူနေမှန်း နှင်းမြင်နေရ၏။
သူနှင့် နှင်းအကြား ဆက်သွယ်ပေးခဲ့သည့် အရာကတော့ အနုစိတ်အတွေးသစ် ဆိုသည့် စာအုပ်ဆိုင်လေး။
ထိုစာအုပ်ဆိုင်လေးဝယ် ရဝေ ဆိုသော သူ့ကို
မထင်မှတ်ပဲတွေ့ခဲ့ရသလို စိတ်ထဲတွင်လည်း အမှတ်ထင်ထင်မရှိခဲ့ပါ။ နှင်းကို
စာအုပ်ကူရှာပေးဖူးသည့် ဆိုင်ဝန်ထမ်းတစ်ယောက်ဆိုသည့် အသိထက် ပို၍
ဦးနှောက်ဝယ် မှတ်မထားမိခဲ့ပါ။ တကယ်ဆိုသူသည်လည်း နှင်း၏
စိတ်ဝယ်မှတ်မှတ်ထင်ထင်ဖြစ်နိုင်လောက်အောင်ထိ ရုပ်ရည်ကထင်ရှားလွန်းမနေခဲ့ပါ။
ထိုရဝေဆိုသော ကောင်လေးသည် ဂျင်းဘောင်းဘီရှည်နှင့် တီရှပ်ကို
ဝတ်ဆင်ထားသည်ဆိုသည့်အသိသည် ဆိုင်ဝန်ထမ်းများ၏ ယူနီဖေါင်းကို သတိတရ
မှတ်သားမိခြင်းကြောင့်သာ မှတ်မိခဲ့သည်။ ထိုကောင်လေးသည် တချိန်ဝယ် နှင်းကို
စွဲဆောင်နိုင်သော အစွမ်းရှိလာမည်ဟုများ သိခဲ့ပါလျှင်…………..။
အဲ့ဒီ့နေ့ကသာ သူနှင့်
တွေ့ဆုံမည်မှန်းသိခဲ့ပါလျှင် သို့မဟုတ် နှင်းဘဝအတွက် အရေးပါလာမည့်
သူတစ်ယောက်နှင့် ဆုံခဲ့မည်မှန်းသိလေလျှင် ထို စာအုပ်ဆိုင်လေးသို့
သွားဖြစ်ဦးလေမည်လား။ သို့မဟုတ် နောက်တစ်နေ့ဝယ် ရုံးတက်ဖြစ်ဦးမည်လား။
သူ၏ စိတ်ဓါတ်ကို
လေးစားမြတ်နိုးသွားမိမည်မှန်းသာ သိခဲ့ပါလျှင်………….။ သူ့အတွက်
အရာရာပေးဆပ်ချင်စိတ် ဖြစ်ပေါ်လာမည်မှန်းသာ သိခဲ့ပါလျှင်…………..။
ထိုဆိုင်လေးသို့ သွားမိဦးမည်လား။
ယခုတော့..........။ အပွင့်ခက်သည့်ပန်းသည်
ငွါးငွါးစွင့်စွင့်ပွင့်မိပြီမို့ ပြန်လည် ဖူးငုံရန် ခက်ချေပြီ။
ထွက်ပြီးသားဆင်စွယ်သည် ပြန်ဝင်ဖို့ရာ အကြောင်းမရှိလေပြီ။
……………………………..
(၁)
ဒီဖြစ်ရပ်သည်
ဘက်စ်ကားစီးသည့် အချိန်တိုင်း ကြုံနေကျ ဖြစ်သော်လည်း
နှင်းသည်းညည်းမခံချင်ပါ။ ကားကျပ်သည်ကို အခွင့်ကောင်းယူ၍ မိန်းကလေးများအပေါ်၌
အသားယူတတ်သော လူယုတ်မာများကို မုန်းတီးလွန်းလှသည်။ ယခုလည်း ကြည့်ပါဦး။
နောက်နားဆီမှ သကောင့်သားက ကားကျပ်သလိုလိုနှင့် ကားလက်တန်းကို ခိုထားသည့်
သူ့လက်သည် နှင်း၏ပုခုံးကို ဖက်သလိုလိုပင် ဖြစ်နေချေပြီ။ တစ်ချက်တစ်ချက်
ကား၏ အကွေ့ဝယ် သူ့ခန္ဓာကိုယ်က နှင်းအပေါ် ပိပိကျလာတတ်ပြန်သေးသည်။
ဆွဲခြင်းတောင်းတစ်ဘက် ၊ လက်တန်းကို တစ်ဘက်ကိုင်ရသည်မို့ လက်ကလည်းမအား။
သို့မဟုတ်လျှင်ဖြင့်အပ်ချိတ်နှင့် ထိုသကောင့်သား၏ ခါးကို စွိခနဲ
ထိုးပစ်ချင်လှသည်။
“ညီမ ဒီခုံမှာလာထိုင်လိုက်”
အမိန့်ပေးသံဆန်သော
စကားကြောင့် ခေါင်းငုံ့ကြည့်လိုက်တော့
သူမနှင့်အသက်မတိမ်းမယိမ်းဖြစ်ဟန်တူသည့် ကောင်လေးတစ်ယောက်။
အမိန့်ပေးသံဆန်လှသော စကားသံကို မနာခံချင်သော်လည်း နောက်နားဆီမှ
သကောင့်သားကြောင့် နှင်း ခေါင်းညိတ်ပြလိုက်မိသည်။ နှင်း၏ ခေါင်းအညိတ်ဝယ်
ထိုကောင်လေးသည် ရုတ်ခနဲ မတ်တပ်ရပ်ကာ နှင်း၏ ဘေးနား လာရပ်တော့မှ နှင်းလည်း
ထိုင်ခုံဝယ် ထိုင်လိုက်မိတော့သည်။
ယခုမှပင်စိတ်သက်သာရာ ရသွားတော့သည်။
ထိုသကောင့်သားကတော့ အခြားသော မိန်းကလေးတွေနားသို့ ကပ်ဖို့ပြင်နေသေးသည်ထင့်။
ဟိုကြည့်လိုက်ဒီကြည့်လိုက်နှင့်မိန်းကလေးများထံသို့သွားရန် လေ့လာနေသည်ကို
တွေ့ရ၏။
ခြင်းတောင်းကို
ပေါင်ပေါ်တင်ရင်း မျက်စိမှတ်ကာ လိုက်လာသည်မှာ “လမ်းလေးဆယ်ဆင်းမယ့်သူတွေ
ပြင်ထားပါ” ဆိုသည့်အသံကြားမှပင် ကပျာကယာနှင့် ထဖို့ပြင်လိုက်ရတော့သည်။
သကောင့်သားကို မျက်စိဝေ့ဝဲကာ ရှာကြည့်တော့ ဘယ်ချိန်ကတည်းက ဆင်းသွားသည်မသိ။
နှင်းလည်းကားတံခါးရှိရာသို့ တွန်းထိုးထွက်လာခဲ့သည်။ ဒီတစ်ခါ
ကားတံခါးရှိရာသို့ တိုးထွက်ရာတွင် အရင်ကားများတွင် တိုးထွက်ရသလောက် မခက်ခဲ။
အဘယ့်ကြောင့်ဆိုသော် နှင်း၏ ရှေ့ဝယ် ကောင်လေးတစ်ယောက်က
အားကြိုးမာန်တက်နှင့် တိုးဝှေ့ကာ ထွက်နေသည်မှာ နှင်းအတွက်တော့
လမ်းရှင်းပေးနေသကဲ့သို့ပင်။ သူ၏နောက်မှ အသာအယာမျောလိုက်ရန်သာ။
ကားပြင်ရောက်တော့မှ အသက်ဝဝရှုရင်း နှင်း၏
အရှေ့မှ ကောင်လေးကို ကြည့်လိုက်တော့ နှင်းရင်ထဲ တုန်ခနဲ ဖြစ်သွားသည်။
ထိုကောင်လေးသည်လည်း နှင်းကို ငေးကြည့်နေသောကြောင့်ပင်။
ရိုးရိုးတန်းတန်းငေးကြည့်နေခြင်းပင်မဟုတ်။ ပြုံးကာ ငေးကြည့်နေခြင်းဖြစ်သည်။
“မှတ်မိလား ညီမ”
သူ့မေးသံကြောင့် နှင်းကိုယ်လေး တုန်ခနဲ
ဖြစ်သွားရသည်။ မှတ်မိပါသည်။ ခုံနေရာဖယ်ပေးသည့်သူ ဟု။
ခုံနေရာလေးတစ်ခုဖယ်ပေးရုံနှင့် ဇာတ်လမ်းရိုက်ချင်တာလားဟု တွေးရင်းစိတ်ထဲ
မျက်ခနဲ..။ သို့သော် ဘာစကားမျှ မဆိုမိပဲ သူ့ကိုသာ ငေးကြည့်ရင်း
စဉ်းစားဟန်ပြုနေလိုက်သည်။
“မနေ့ကတောင် စာအုပ်တွေ ကူရွေးပေးသေးတယ်လေကွာ … အနုစိတ်အတွေးသစ် စာအုပ်ဆိုင်လေ”
ထိုသို့ပြောပြီးမှ မမှတ်မိသည့်နှင်း၏ဟန်ကို သတိပြုမိသွားဟန်နှင့်
“မမှတ်မိလည်း ဆက်မစဉ်းစားနဲ့တော့နော် ညီမ အစ်ကိုသွားတော့မယ်”
“မဟုတ်ဘူးအစ်ကို ရုတ်တရက်မို့ပါ မှတ်မိပါတယ်”
ထိုစကားကိုဘယ်အရာက တိုက်တွန်း၍များ
အမေါတကောပြောလိုက်မိမှန်း နှင်းကိုယ်နှင်းပင် သတိမထားလိုက်မိ။
သတိထားမိချိန်ဝယ် နှင်းသည် ထိုသူ့အနားမှာ..။
“အစ်ကို့နာမည်က ရဝေ ပါ…….. ညီမက သတိမထားမိလို့သာ ညီမ စာအုပ်လာဝယ်တိုင်း ရွေးပေးရတာ အစ်ကိုပဲ များတယ်လေ.. ဒါ့ကြောင့်သတိထားမိနေတာ”
“ရှင်.. ဟုတ်ကဲ့.. စာအုပ်ရွေးနေချိန်ကျ နှင်းက ဘာကိုမှ သတိမထားမိဘူး”
ရှက်ပြုံးလေးနှင့်ပြုံးပြလိုက်၇င်း ဘာ့ကြောင့်များ ထိုသူနှင့် စကားလက်ဆုံကျနေရသလဲ ဟု စဉ်းစားဖို့ မေ့လျော့စွာ။
“ညီမ အလုပ်ကကော”
“အစ်ကိုတို့ စာအုပ်ဆိုင်ရဲ့ မျက်စောင်းထိုးနားမှာတင်ပါ..”
“သြော်” ဟုဆိုကာ ခေါင်းတဆတ်ဆတ်ညိတ်ရင်း လမ်းလျှောက်နေသော သူ့ကို ကြည့်၍နှင်းစကားတို့ မဆိုမိပြန်။
သူမသိပဲ တွေးလိုက်မိတွေးလိုက်မိသော နှင်းအတွေးကြောင့်သူ့အပေါ် အားနာခြင်းများစွာ ဖြစ်ထွန်းမိရရင်း တိတ်တဆိတ် တောင်းပန်နေမိ၏။
……………
(၂)
အချစ်ဆိုတာမမျှော်လင့်သည့်နေရာမှပေါ်ထွက်တတ်သလား။
နှင်း မသိပါ။ သို့မဟုတ် မြင်မြင်ခြင်းအချစ်ဆိုတာရှိသလား။ နှင်း မသိ။
သူ့ကိုစတွေ့သည့်အချိန်တုန်းကတော့ တချိန်တွင် နှင်း ချစ်လာမည့်သူဟု
မမျှော်မှန်းခဲ့မိသည်မှာ သေချာပါသည်။ သို့သော် အချိန်အနည်းငယ်မျှ
စကားပြောခွင့်ရရုံနှင့် သူ့ကို တန်ဖိုးထားလေးစားမိသွားသည့် နှင်းကိုယ်နှင်း
အံ့သြရသည်။ နှင်းက မည်သူ့ကိုမျှ လွယ်လွယ်နှင့် တန်ဖိုးထားတတ်သူမဟုတ်ပေ။
လေးစားတန်ဖိုးထားခြင်းကို မျက်ကန်းအထင်ကြီးခြင်းနှင့် မနှိုင်းယှဉ်ချင်ပါ။
တချိန်တွင် နှင်း၏နှလုံးသားအား မြုပ်နှံမိမည့်သူ ဟု ကြိုမသိမိခဲ့သော နှင်း၏
ချစ်ရသူလေးသည် အမှန်တကယ်ကို လူအများအလယ်တွင်မထင်ရှားသော
သာမန်လူငယ်လေးမျှသာ ဖြစ်သည်မဟုတ်ပါလား။
နှင်း ရုံးဆင်းချိန်တိုင်းသည်
သူ့အလုပ်ဆင်းချိန်မဟုတ်သော်လည်း တစ်ပတ်လျှင် နှစ်ရက်လောက်တော့သူနှင့်
ဆုံတတ်သည်။ နေ့လည်စာ စားချိန်တွင်မူ နှင်းနှင့်သူသည် လက်ဖက်ရည်ဆိုင်ဝယ်
အတူထိုင်မိကြရင်း အလုပ်ကိုယ်စီမှ သက်ပြင်းမောတို့ကို ဖွင့်ချမိမြဲ။
ထို့ကြောင့်သာ သူ့အကြောင်းလေးတွေကိ တစတစနှင့် ပိုပို သိလာရသည်မဟုတ်လား။
ထို့ကြောင့်သာသူ့စိတ်ဓါတ်လေးကို လေးစားမြတ်နိုးသွားမိရသည်မဟုတ်လား။
မျက်လုံးအစုံကိုမှိတ်လိုက်မိတော့
နေ့လေးတစ်နေ့က အမြင်လွှာတွင် ထင်းခနဲ ပေါ်ပေါက်လာသည်။ ထိုနေ့သည် နှင်းအတွက်
ရင်ကွဲစရာသတင်းလေးတစ်ခုကို နှင်း၏ ရှေ့မှောက်သို့ မျက်ဝါးထင်ထင်
ကိုယ်ထင်အပြခံလိုက်ရသော နေ့ဖြစ်သည်။ နှင်းအတွက် ပြဿဒါးနေ့ဖြစ်ခဲ့သည်။
……..
နှင်း၏ မျက်နှာက
စူပုတ်နေမည်မှာ သေချာလွန်းလှသည်။ နှင်းကိုယ်တိုင် သေချာမှာထားခဲ့ပါလျှက်
ထိုရုံးပြာတာသည် နမော်နမဲ့ နိုင်လွန်းလှ၏ ရုံးအုပ်ကြီး၏ မောင်ဆိုတော့လည်း
ပြောချင်ရာသာ ပြောလိုက်မိလို့ကတော့ နှင်းကို ရုံးအုပ်ကြီးက မဲဦးတော့မည်။
ထိုဖိုင်အထပ်လိုက်ကို ရှစ်စုံစီ ကူးဖို့ မနက်ကတည်းက မှာပြီးသား။ ခုတော့
နှစ်နာရီပင် ခွဲချေပြီ။ မကူးရသေး။ အစည်းအဝေး က နောက်တစ်နာရီဆို
စတော့မည်မို့ ထိုပြာတာ ကူးဖို့ရာ မေ့နေသော ဖိုင်တွဲအထပ်လိုက်အား မရင်း
မိတ္တူကူးဆိုင်ဆီသို့ အပြေး လာလိုက်မိ၏။ အစည်းအဝေးတွင် တင်ပြစရာ
ဖိုင်တွဲများမို့ မနေ့တည်းက သေချာစစ်ခိုင်းကာ ရှစ်စုံစီမိတ္တူဆွဲထာူဟု
ရုံးအုပ်ကြီးက မှာထားသည် မဟုတ်လား။
သြော်.. တခါတခါကျလည်း စာရေးမလည်း ပြာတာဖြစ်တတ်သားဟုတွေးလိုက်မိတော့ ပြုံးချင်မိသွားရသည်။
“ဟာ နှင်းရည် ဖိုင်တွဲအထပ်လိုက်နဲ့ ..ပါ့လား.. ဘာလဲ ကိုမောင်ညွန့် မအားဘူးလား”
ဆိုင်ထဲသို့အဝင် နာမည်ခေါ်ကာ
အမေးခံလိုက်ရခြင်းကြောင့်မော့ကြည့်လိုက်မိတော့ သူ။ နှင်း၏ ချစ်ရသူ ရဝေ။
အပျော်တို့ကို ထိန်းသိမ်းရခက်စွာ ပြုံးလိုက်မိရင်း
သွက်လက်စွာပြန်ဖြေလိုက်မိ၏။
“ထုံးစံအတိုင်းပဲလေ အဲ့ဒီ့လူက မေ့နေတယ် သူ့အစ်မမျက်နှာကြောင့်မို့ပေါ့ နို့မို့ နှင်း ကောပစ်လိုက်ပြီ သိလား”
“အဟက် ဟက်”
နှင်း၏ မျက်နှာကို ကြည့်ရင်း ရယ်လိုက်သော
သူ၏ ရယ်သံသည် အတန်ငယ် သွက်လက်လွန်းနေလေသလား။ နှင်းပဲ စိတ်ထင်လေရော့သလား။
သူ့မျက်နှာကို မော့ကြည့်လိုက်စဉ်ခဏ
“နှင်းရည်နဲ့ မိတ်ဆက်ပေးရဦးမယ် ဒါက အစ်ကို့ချစ်သူလေ…….ကေသရီ တဲ့ နှင်းရည်နဲ့ အသက်တူတူပဲ”
ခေတ်မီသွက်လက်သော်လည်း
မိန်းကလေးဆန်ဆန် လှပသော မိန်းမလှလေးတစ်ယောက် နှင်းရှေ့မှောက်သို့
ရောက်ရှိလာ၏။ သူ့ကိုသာမြင်၍ သူမကို မမြင်မိခဲ့သော နှင်း ယခုတော့
ထိုသူမနှင့် မိတ်ဆက်ရချေပြီ။ ရုတ်တရက်ဆို့နင့်သွားသော နှလုံးသားရှိရာကို
လက်နှင့် ယောင်ရမ်းအုပ်လိုက်မိရင်း ရင်ကွဲတယ် ဆိုတာ ဒါမျိုးများလားဟု
တွေးလိုက်မိ၏။ သို့သော် ပြုံးလက်စမျက်နှာကတော့ဖြင့် အခြေမယိုင်ခဲ့ပါ။
ဖေါ်ရွေလွန်းစွာ ဖက်လှဲတကင်းဖြစ်လွန်းစွာ လက်ဆွဲနှုတ်ဆက်လိုက်မိ၏။
“ဝါး… အစ်ကို က ချစ်သူ ချောချောလေး ရွေးထားတာပဲ တွေ့ရတာ ဝမ်းသာပါတယ်နော် ကေသရီ… ”
ကေသရီ၏ ရိုးသားစွာပြုံးနေသော အပြုံးတို့ကိုတော့ နှင်း ရင်မဆိုင်ရဲစွာ ခေါင်းငုံ့ပစ်လိုက်ရ၏ မျက်ရည်ကလည်း ကျလုလု ဖြစ်နေပြီမဟုတ်ပါလား။
(၃)
အချစ်ဆိုသည်မှာ နှင်း
အတွက်တော့ အလှမ်းဝေးသည့်အရာတစ်ခု ဖြစ်ခဲ့ဖူးသည်။ စစ်မှန်သည့်အချစ်ရှိသည်ဟု
မယုံကြည်ဖူးခဲ့သလို ကြုံခဲ့ဖူးသည့် ချစ်ပါသည်ဆိုသော ယောင်္ကျားများအား
ခေါင်းခါငြင်းကာ ၄င်းတို့၏အချစ်ဆိုသည်ကို မယုံကြည်ခဲ့သူတစ်ဦး။
သို့မို့ကြောင့်ပင် ကံတရားက ဒဏ်ခတ်လေသည်ထင့်။
စဉ်းစားမည်ဆိုသည့်စကားလေးပင်မပြောခဲ့ပဲ အမြဲငြင်းမိခဲ့သူ နှင်း
ဝဋ်လည်လေပြီထင့်။
သို့သော် အသံမမြည်သော၊ တစ်ဖက်တည်းတီးနေရသော ဤလက်ခုပ်ကိုပင် နှင်း မြတ်နိုးလှပါသည်။
ထိုနေ့မှစ၍ သူ့ကို ရှောင်နေမိသော နှင်းကို
သူ သတိပြုမိလေမလား တွေးမိတော့ ရင်ဝယ် နင့်ခနဲ။ သူနှင့် မတွေ့တာ ၁၆ ရက်ပင်
ကြာမြင့်ခဲ့ပြီမဟုတ်ပါလား။ သူ့ကို ရှောင်ရုံမျှသာမက နှင်းအတွက်
အဆင်ပြေနေသော အလုပ်မှပင်ထွက်လိုက်မိချေပြီ။
သူနှင့် ဆုံမိလေတိုင်း သံယောဇဉ်တို့ကို
သူမသိအောင် ဖုံးကွယ်ထားရသည်မှာ ပင်ပန်းလှသည်။ သို့သော် နှင်းကသာ တမင်တကာ
ဖုံးကွယ်နေခြင်းသာ။ သူကတော့ သတိပြုမိမည်မထင်ပါ။
သူ့အိကျီ
င်္အိပ်ကပ်လေး၌ တွဲလဲ ခိုကာ ပုန်းအောင်းနေသော နှင်း၏ နှလုံးသားကို သူ
မြင်သိနိုင်မည်မထင်။ အဘယ့်ကြောင့်ဆိုသော် သူသည် သူ၏ ချစ်သူမှလွဲ၍
တခြားမိန်းကလေးအား စိတ်နှင့်ပစ်မှားဖို့မပြောနှင့် အကြည့်ခြင်းတောင်
မဆုံတတ်သူမဟုတ်လား။ လေအဝှေ့ဝယ် သူ့ဆံစလေးများ
သွဲ့သွဲ့ခါယမ်းသွားတတ်သည့်အချိန်တိုင်း နှင်း၏ နှုတ်ခမ်းဝယ် အပြုံးတို့
တွဲခိုတတ်သည်ကို သူ သိမည်မထင်။ သူနှင့်ဆုံကာ စကားပြောဖြစ်တိုင်း
သူ့အသံလေးများအား တရှိုက်မက်မက်နားထောင်တတ်ကြောင်းကိုလည်း သူ သိမည်မထင်။
သူ့အပြုံးလေးများ မြင်ရချိန်တိုင်း နှင်း၏ စိတ်ဝယ် လှိုက်ခနဲ
ပြုံးပျော်တတ်ကြောင်းလည်း သူ သိမည်မထင်။ အမြဲလူကြီးဆန်စွာ(တခါတရံ
လူတတ်ကြီးဆန်စွာ) ပြုံးတတ်သော၊ ရယ်တတ်သော သူ၏ တခါတရံအပြုံးလေးများသည်
ကလေးဆန်စွာ ချစ်ဖို့ကောင်းလှကြောင်း သူ့ချစ်သူတောင် သိမည်မထင်။
နှင်းနှင့် ပတ်သတ်၍မူ သူ မသိတာတွေက
များလွန်းလှသည်။ စကားဆက်စမ်မိသမျှထဲဝယ် နှင်းနေသည့်ဘော်ဒါဆောင်အကြောင်း
မပါခဲ့။ နှင်းသည် ရန်ကုန်ဝယ် တစ်ယောက်တည်း လာနေသူဖြစ်ကြောင်း မသိခဲ့။
သို့သော် သူ့အမှားတော့ မဟုတ်ပါ။
တကယ်ဆို သက်ဆိုင်သူ
ရှိသည့်သူကို တွယ်တာမိသည်ကိုက နှင်း၏အမှားမဟုတ်လား။ သက်ဆိုင်သူမရှိဟု
ထင်မှတ်ချိန်တုန်းက တွယ်တာသင့်သည် မှန်သော်လည်း ယခုအချိန်မှာတော့
မေ့သင့်ပြီမဟုတ်ပါလား။ တွေ့ဆုံခွင့်ရသည့် ကံကြမ္မာကို ယိုးမယ်မဖွဲ့ချင်။
အပြစ်တင်ချင်စိတ်လည်း ကင်းမဲ့နေသည်။ ဟုတ်၏။ သမရိုးကျလည်ပတ်နေသော နှင်း၏
ဘဝထဲသို့ သူရောက်ရှိလာသည်ကိုက အကောင်းဆုံးလက်ဆောင်ဟု မှတ်ယူချင်မိသည်။
အချစ်ကို အံ့သြစရာဟုလည်း မသတ်မှတ်ချင်တော့။ မယုံကြည်သူကိုမှ
နှိပ်စက်ရက်လေသည်ဟုလည်း အပြစ်မတင်ရက်။ ချစ်ခဲ့ဖူးသည် ဆိုသည့်
ခံစားချက်တစ်ခုနှင့်ပင် အချစ်ကို ကျေးဇူးတင်လိုက်မိပါသည်။
သို့သော် ကြာလေနာကျင်ရလေ ဖြစ်သည့်
ခံစားချက်သည် သူ့အား ထပ်မံတွေ့ဆုံဖို့ သတ္တိမရှိချေတော့ပြီ။ တွေ့လေတိုင်းဝယ်
သူ့နှုတ်ခမ်းမှ ထွက်လာတတ်သည့် ကေသရီ ဆိုသည့်နာမည်အား ကြားဖို့ရာ
သတ္တိမရှိတော့ပြီ။
(၄)
မနက်ခင်း အိပ်ယာမှ နိုးထလျှင် သူ့အကြောင်း
တွေးမိသည်။ ညခင်း အိပ်ယာဝင်လျှင် သူ့အကြောင်းကို တွေးမိသည်။ ကျေနပ်ပါသည်။
နှင်း ကျေကျေနပ်နပ်ကို အရှုံးပေးမိပါသည်။ ချစ်ခြင်းဆိုသည်မှာ
အရှုံးပေးခြင်း၌လည်း ပျော်ဝင်တတ်သည်ဆိုသော အဘိဓမ္မာအသစ်ကို နှင်း
သိလိုက်ရလေပြီ။ လူတစ်ယောက်၏ အပြုံးအောက် ရင်တစ်ခုလုံး
လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားသည့် အရသာသည် မက်မောစရာကောင်းလွန်းလှသည် ။
လူတစ်ယောက်၏ မျက်နှာအညှိုးဝယ် ကိုယ့်နှလုံးသားတစ်ခုလုံးပါ
အညိုရောင်ပြောင်းသွားသည်မှာ အံ့သြဖွယ်ရာ ကောင်းလွန်းလှသည်။
သူ့အပေါ် ချစ်ခင်နှစ်လိုမှုမဖြစ်ခင်ကဆိုလျှင်
နှင်းသည် ကျောက်ရုပ်ဆန်စွာ အသက်ရှင်ခဲ့သည်။ ခံစားချက်ဗလာနတ္တိနှင့်
စက်ရုပ်ဆန်စွာ နေထိုင်ခဲ့ရသည်။ ယခုတော့ နှင်းသည်လည်း လူပီသစွာ
နှလုံးသားထက်က နာကျင်မှုကို တို့ထိဆော့ကစားနိုင်ပြီ ဖြစ်သည်။
တကယ်ဆို နှင်း၏ ဘဝသည်
ယခုမှ အလွမ်း၊ကြေကွဲခြင်းတို့နှင့် သဘာဝအရောင် တွေ ခြယ်သလာဖြစ်ပြီ
ဖြစ်သည်။ ယခင်လို အဖြူရောင်ကင်းဗက်စထက်တော့ သာပါသည်။ ယခင်ဘာတေးမှ မသီရသော
နှင်း၏ ဘဝသည် ယခုမှ အလွမ်းဖွဲ့တေးတို့ဖြင့် စိမ်းလန်းလာသည် မဟုတ်လား။
ဒီချိန်မှာ အချစ်ဟာ ဘာလဲ ဆိုသည့်အမေးကို မေးလာလျှင်ဖြင့် နှင်း
ဖြေနိုင်ပြီဖြစ်သည်။ “အချစ်ဆိုသည်မှာ သူ” ဟူ၍….။
ရည်ဝေ
0 comments: