စည်း

စည်း -မောင်မျိုး



“ ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်  နည်းပါးတဲ့ မိန်းမတစ်ယောက်အတွက် အချစ်ဆိုတာ  တိတ်တခိုး မြတ်နိုးမှုတစ်ခုပါပဲ ၊ ရှင်ဟာ ကျွန်မအိပ်မက်တွေထဲမှာတော့  အိပ်မက် နတ်သားလေးပါပဲ.. မောင် “

…………………

သူ့ကို ကျွန်မ သတိထားမိခဲ့တာကြာပါပြီ  ။ တစ်ချို့ယောက်ျားလေးတွေ ကျွန်မကိုကြည့်တဲ့ အကြည့်တွေက မြားချက်တွေအလား သိပ်ကိုစူးရှလွန်းပါရဲ့  ။ ဒါပေမယ့်လေ အဲ့ဒီထဲမှာတော့  သူမပါဘူး ။ သူတို့လက်ဖက်ရည်ဆိုင်မှာ အုပ်စုဖွဲ့ စကားကောင်းနေကြတုန်း  ကျွန်မလည်း သူတို့နဲ့ တစ်ခုံကျော်စားပွဲလေးမှာ ပေါ့ဆိမ့်တစ်ခွက်ကို အေးအေးလူလူ ခံစား သောက်သုံးလို့   ကျွန်မ ဘ၀က တစ်ခါလေ ပေါ့ပျက်ပျက်နိုင်တယ်လို့ ခံစားရတယ်။  သူ့သူငယ်ချင်းရဲ့ မကြားတကြား  စကားလက်နက်တွေကို  သူက အားနာတဲ့ အကြည့်နဲ့ ကျွန်မကိုကြည့်ပြီး
“တော်ပါတော့ကွာ  မိန်းခလေးတစ်ယောက်ကို  အဲ့ဒီလောက်ထိ  ဝေဖန်ဖို့မသင့်ပါဘူး  သူလည်း  သူ့အကြောင်းနဲ့ သူတော့ရှိမှာပေါ့  ”  တဲ့  ။ ကျွန်မအတွက် ကိစ္စမရှိပါဘူး  ဒီလို စကားတွေကြားရဖန် များလာတော့  ဂရုကိုမစိုက်တတ်တော့တာ  ဒါကို တစ်ချို့က မျက်နှာပြောင်တိုက်တယ်လို့ ထင်ကြပြန်ကော  ရယ်စရာမကောင်းလွန်းဘူးလား  ။


သူဟာ  သားရဲတွေကြားက သိုးသူငယ်လေးတစ်ကောင်လိုပါပဲ  သိပ်ကို ဖြူစင်လွန်းတယ် သူ့မျက်ဝန်းတွေက လူတစ်ဖက်သားကို နှိမ့်ချကြည့်တတ်တဲ့ အကြည့်တွေမရှိဘူး ။ သူ့နှုတ်ခမ်းပါးတွေက မဲ့ပြုံးလည်းမပြုံးတတ်ဘူး ။  နဖူးပေါ် ၀ဲကျနေတဲ့  သူ့ဆံနွယ်တွေက ကပိုကရိုနဲ့  ညာဘက်မျက်ခုံးထောင့်မှာရှိတဲ့  မှဲ့နက်ကလေးက  သူ့ရဲ့ ကိုယ်ပိုင်အမှတ်အသားလေးအလား ချစ်စရာကောင်းလွန်းစွာ ။ ကတ္တီပါည§ပ်ဖိနပ်လေး အမြဲစီးတတ်တဲ့ သူ့ရဲ့ ခြေဖမိုးလေးတွေကတော့  မိန်းမတစ်ယောက်တောင် မနာလိုစရာကောင်းအောင် ဖြူသန့်နေတော့တာ  ။ ကျွန်မယုံကြည်ပါရဲ့   သူ့ရဲ့ ချစ်သူဖြစ်ခွင့်ရမယ့် မိန်းခလေးကတော့  သိပ်ကို ကံကောင်းမယ်ဆိုတာ  ။


ကျွန်မဘ၀ က အမှောင်ဘက်ခြမ်းမှာပါ အလင်းရောင်ထဲ  အာရုံပြုလို့  အမှောင်လောကထဲမှာ  တ၀ဲလည်လည်နဲ့ ရုန်းမထွက်နိုင်ခဲ့ဘူး ကျွန်မ ရပ်တည်ဖို့ခက်ခဲတယ်လေ။  ဒါတွေက ဆင်ခြေမဟုတ်ပါဘူး ။  သံပတ်ပေးထားတဲ့  အရုပ်တစ်ရုပ်လိုပဲ  ကျွန်မက ခံစားချက်တွေကင်းမဲ့တယ် ။ အရှက်တဲ့ … အဲ့ဒီစိတ်ခံစားမှုက  ဆယ်ကျော်သက်အရွယ်မှာပဲ ရှိခဲ့ဖူးတာ  အခုချိန်မှာတော့  အရှက်တွေ သိက္ခာဆိုတဲ့ ဝေါဟာရ  တွေဟာ ကျွန်မအတွက် ရယ်စရာအကောင်းဆုံး ပြက်လုံးတွေပဲ  သိပ်ကိုရယ်ဖို့ကောင်းတာပဲရှင် ။

ကျွန်မရဲ့  နန်းတော်လို့ပဲ တင်စားမလား   ဒါပေမယ့်  ကျွန်မက ဧကရီ မိဖုရားတော့ မဟုတ်ဘူးလေ  ။ ဒါဆို  ကျွန်မရဲ့ အလုပ်နေရာလို့ပဲ လွယ်လွယ်ဆိုကြပါစို့နော်  မကျယ်လွန်း မကျဉ်းလွန်းတဲ့အခန်းငယ်တစ်ခု  အခန်းရဲ့ ခြေရင်းမှာ  ကျွန်မရဲ့  အသုံးဆောင်  ဗီရိုလေးတစ်ခု  အခန်းနံရံတွေကိုတော့  အဖြူရောင်ပေမယ့် ဟောင်းနွမ်းလို့   မီးခိုးရောင်တွေလိုလို  ကျွန်မအရောင်တွေတောင် ခွဲခြားစိတ်ဖြာလိုစိတ် မရှိတော့ပါဘူး   ။ ကုတင်ရဲ့ ခေါင်းရင်းမှာ ခေါင်းအုံးနှစ်လုံး ဒီခေါင်းအုံးစွပ်တွေ  အနံ့သက်မရှိဖို့တော့ ဂရုစိုက်ရတယ်  တစ်ချို့တွေက ကြီးကျယ်တယ်မှတ်လား  ။ ကုတင်ရဲ့ ဘေးမှာ  စားပွဲလေးတစ်ခု  ပန်းအိုးလေးတစ်လုံး  ပန်းအိုးထဲက နှင်းဆီတွေတောင်  နွမ်းခြောက်လို့ ဟုတ်ပါရဲ့  ကျွန်မ ပန်းတွေတောင်မလဲဖြစ်တာကြာပြီ  ။ အခန်းထဲမှာတော့  ၆၀ ဗို့စ်အား  မီးလုံးလေးတစ်လုံးသား  ကျွန်မပြောဖူးပါကော  ကျွန်မ ဘ၀ က သိပ်လင်းနေဖို့မလိုဘူးလေ  ကျွန်မလိုပဲ  ကျွန်မဆီလာတဲ့ မိတ်ဆွေတွေကလည်း  အလင်းရောင်ကိုနှစ်သက်လိမ့်မယ်လို့  ကျွန်မ မထင်ဘူး ။ အဲ့ဒီမီးလုံးလေးက  တစ်ချို့ မနှစ်သက်တဲ့  ဧည့်သည်တွေနဲ့ ဆုံတဲ့အခါမှာတော့ ကျွန်မ က ပန်းရောင်လက်ကိုင် ပ၀ါလေးနဲ့ အလင်းရောင်စူးစူးတွေကို  ဖုံးအုပ်ပေးရတယ် ။

ကျိန်ပြောရဲပါရဲ့  ကျွန်မရင်မခုန်တတ်ဘူး ရင်ခုန်တယ်ဆိုတာ  မေ့ကို မေ့နေခဲ့တာ ။ ဒါပေမယ့်လေ  သူနဲ့  ကျွန်မ ဒီလိုနေရာ  မှာ ဒီလိုအခြေနေမျိုးနဲ့ ဆုံတွေ့ရလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ တွေးထင်မထားခဲ့ဖူးဘူး …. အခုတော့ …

ရှင်ဘာကြောင့်  မလှုပ်မယှက် ထိုင်နေတာလဲ   ဒီအချိန်နာရီအတွက် ထိုက်သင့်တဲ့ တန်ဖိုးတစ်ခုတော့ ရှင်ပေးဆပ်ရမှာပဲမဟုတ်လား ဒါမှမဟုတ် ကျွန်မကိုများ  အားနာလို့လား။ အိုးး…. မဖြစ်နိုင်တာ ကျွန်မအတွေးတွေက  ကိုယ့်ကိုယ်ကို အထင်ကြီးသလို  ဖြစ်နေမိပြီး) ။

`` ဆောရီးကွာ …. ကိုယ့်စိတ်တွေ ထွေပြားနေလို့ ´´

ကျွန်မ စိုးထိတ်သွားတယ်  ရှင့်အသံတွေက အက်ကွဲလွန်းလှကြီလား

``ဟင်အင်း…ကျွန်မအဆင်ပြေပါတယ် ရှင့်အတွက် တစ်ခုခုများ ဆောင်ရွက်ပေးဖို့ လိုသလား  ´´

“နိုး  နိုး   မလိုပါဘူး  မင်းအဆင်ပြေမယ်ဆိုရင်သာ  ကိုယ်ပြောမယ့် စကားတွေကို  ဒီည မင်းနားထောင်ပေးနိုင်မလား  ”

“ဘာရယ်…”

ဟဟား ဖြစ်ရလေရှင်ရယ်  ကျွန်မ တကယ်ကို  အံ့သြမိတယ် ပြီးတော့  သနားလည်း သနားသွားမိတယ်  ရှင်ကြေကွဲ ၀မ်းနည်းနေချိန်မှာ  ရှင့်စကားတွေ  ဂရုတစိုက်နားထောင်ပေးမယ့်သူတွေ အနားမှာ တစ်ယောက်မှမရှိဖူးတဲ့လား ။ ကျွန်မအတွက်  အပန်းမကြီးလှပါဘူးလေ  အဆင်ပြေပါတယ် ။  ကျွန်မတို့  အဲ့ဒီညက စကားတွေ အများကြီးပြောဖြစ်ခဲ့ကြတယ်   ကျွန်မက နားထောင်ပေးသူ  ဒါပေမယ့်   တိတ်တခိုး မြတ်နိုးမိသူတစ်ယောက်အတွက်   အားပေးစကားလို့ပဲ ဆိုလေမလား  ကျွန်မ သူ့ကို  အားပေးမိတယ်  ။

“  လူဆိုတာ ဘ၀ရဲ့ အခက်ခဲတွေကို တစ်ကွေ့မဟုတ်တစ်ကွေ့တော့ ကြုံကြရမှာပါပဲ ..ဒါတွေက  ရှင့်အတွက် အတွေ့ကြုံကောင်းတွေ ဖြစ်လာမှာပါလို့ ကျွန်မတော့  ယူဆတယ်  အရှုံးကို လက်ခံပြီး ရှေ့ဆက်လှမ်းပါ  မရပ်တန့်လိုက်ပါနဲ့  ရှေ့မဆက်ပဲ အရှုံးကို ခံစားပြီး ရပ်နေမယ်ဆိုရင်တော့  ထပ်ဆင့်အရှုံးတွေ ရှင် ရင်ဆိုင်ရလိမ့်မယ် ၊ ရှင့်ထပ်  အခြေနေဆိုးတဲ့သူတွေ  လောကကြီးမှာအများကြီးရှိနေတာပဲ  ဥပမာ ..   အခု ရှင့်ကို  အားပေးစကားပြောနေမိတဲ့  ကျွန်မပေါ့  ”

သူက  ကျွန်မကို အံ့သြတဲ့အကြည့်တွေနဲ့ကြည့်ပြီး ..

“ မင်းလို  မိန်းခလေးမှာ ဒီလိုမျိုးတန်ဖိုးရှိတဲ့ စကားတွေကြားရလိမ့်မယ်လို့  ကိုယ်မထင်ထားမိဘူး  ကိုယ်ယူဆထားတာ မင်း ကိုယ့်ကို ဘယ်လောက်ထိ ဆွဲဆောင်နိုင်လိမ့်မလဲဆိုတာပဲ ၊ ဒါနဲ့ မင်း ဒီအလုပ်မှာ ပျော်ရွှင်လား  ”

ကျွန်မနဲ့  ရှင်နဲ့ ဆုံရတာ အထူးဆန်းတွေကို ဖြစ်လို့  မေးမှမေးရက်ပါပေ့ရှင်  ကျွန်မ နှုတ်ခမ်းတွေက အလိုလို ကွေးညွှန့်သွားတယ်
“ရှင်..ဘယ်လိုထင်လို့လဲ  ”
တစ်ချို့မေးခွန်းတွေကို မေးခွန်းနဲ့ပဲ ပြန်ဖြေဖို့လိုတယ်လို့  ကျွန်မတော့ ခံယူထားတယ် သူ့ဆီကူ ဘာမှ  ပြန်ဖြေသံမကြားရတော့ပါ။ ကျွန်မ လက်ကနာရီကလေးကို ငုံ့ကြည့်လိုက်တယ်  ပြီးတော့
“အချိန်စေ့ပြီ ထင်တယ် ရှင်ပြန်ဖို့သင့်ပြီ  ”
ကျွန်မတို့ ဆုံစည်းမှုကို အဆုံးသတ်ဖို့ ကျွန်မကပဲ  စတင်းလှုပ်ရှားလိုက်ပါတယ် ။  သူကတော့ အိပ်ယာက လန့်နိုးသူတစ်ယောက်လို ။ သူ ကျွန်မအတွက်ငွေစက္ကူတစ်ချို့ပေးတဲ့အခါမှာတော့  ကျွန်မခေါင်းကိုခါးယမ်းပစ်ခဲ့တယ် ။

“ရှင် ကျွန်မ ဆီက  ဘာမှမရသွားပဲနဲ့  ရှင့်ဆီက  ကျွန်မ ဘာမှမလိုချင်ပါဘူး ”
ကျွန်မက  နိမ့်ပါးပေမယ့်  အလကားရတာ ဘာမှမလိုချင်ပါဘူး ဒါကပဲ ကျွန်မရဲ့ တစ်ခုတည်းသော ကျန်ရှိနေသေးတဲ့ မာနတန်ဖိုးပါ ။

“မင်းဆီက ဘာမှမရသွားဖူးလို့ ထင်သလား  ရှေ့ဆက်လျှောက်လှမ်းဖို့ အခွင့်ရေးတွေရှိနေပါလျှက် နဲ့ စိတ်ပျက်နေမိတဲ့ယောက်ျားတစ်ယောက်ကို မင်းက  အားပေးစကားတွေ ပြောခဲ့တာပဲ  အဲ့ဒီအတွက် မင်းကို သိပ်ကျေးဇူးတင်ပါတယ် မင်း  ကိုယ့်အတွက်ပေးလိုက်ရတဲ့ အချိန်တွေအတွက် ကိုယ်  တန်ရာတန်ကြေးတစ်ခုခုများ….  ”

“ကျွန်မ ကိုကျေးဇူးတင်တယ်ဆိုရင်   ကျွန်မကိုပေးမယ့် ဒီငွေတွေအစား  ရှင်အဆင်ပြေမယ်ဆိုရင်ပေါ့ လှောင်အိမ်ထဲက  ငှက်ကလေးတွေကို လွှတ်ပေးတာမျိုးဖြစ်ဖြစ် ၊ လမ်းဘေးမှာ ဒုက္ခရောက်နေကြတဲ့ သက်ကြီးသူတွေ  ခလေးတွေဖြစ်ဖြစ်   လှူပစ်လိုက်ပါရှင်  ပြီးတော့  ရှင်ကော်ဖီခါးခါးတစ်ခွက်လောက်လည်း ၀ယ်သောက်လိုက်ပါ  ကျွန်မ  ၀ယ်တိုက်တယ်လို့ပဲ  သဘောထားလိုက်ပေါ့ ”

ပြီးတော့  သူ့အတွက်  ကျွန်မ  အခန်းတံခါးဖွင့်ပေးလိုက်တယ်  ဒါက ကျွန်မအတွက်  ၀န်ဆောင်မှုတွေပဲ  သူ အခန်းထဲက  ထွက်ခါနီး  မင်းဆီကို  ကိုယ်လာခဲ့ပါအုံးမယ်တဲ့ ကြိုဆိုလျှက်ပါလို့  ကျွန်မ ရှင့်ကို ဘယ်ပြောလို့ထွက်ပါမလဲရှင်  ကျွန်မရှိတဲ့နေရာကို  ရှင့်လို ရိုးသား သန့်ရှင်းတဲ့သူတွေ လာဖို့မှမသင့်တာ  ပြီးတော့ ရှင်လာတဲ့အခါ ကျွန်မ  အားချင်မှလည်း  အားမယ်  ကျွန်မဘ၀ ကိုက မသေချာခြင်းတွေ များတယ်မဟုတ်လား ။

စည်းတစ်ခုလို့ ဆိုကြပါစို့   ကျွန်မဟာ  ဒီစည်းကိုကျော်ပြီး ရှင့်ဆီကို  အရောက်လှမ်းလာဖို့ဆိုတာ  ဘယ်တော့မှမဖြစ်နိုင်ဘူးလေ  ကျွန်မ ကျင်လည်နေရတဲ့  ဘ၀ ထက်တောင် အချစ်ကို  လှောင်ပိတ်ထားရတဲ့ အဖြစ်က ပိုပြီး  ၀မ်းနည်းကြေကွဲစရာ ကောင်းလှပါရဲ့ ။ ဒါပေမယ့်  စည်းတစ်ဖက်ခြားကပဲ  ရှင့်ကို  တိတ်တဆိတ်လေးပဲ  မြတ်နိုးတွယ်တာစွာ ချစ်နေပါရစေတော့  ရှင်ကြေကွဲတဲ့ အခါ  ကျွန်မ ဆီကို လာခဲ့ပါအုံး  ။

မောင်မျိုး

0 comments: