ပိုးတုံးလုံးတိုင်းဟာ လိပ်ပြာ လှပါရဲ့လား

ပွဲတော်ဆိုတာ ဧည့်ခံပန်းတွေနဲ့ ပြင်ထားတဲ့ နေရာ
( သို့မဟုတ် ) နှလုံးသွေးများ စီးဆင်းရာ ရွာဦးစေတီ
ဂျပန်ခေတ် ပိုက်ဆံမှာတော့ စေတီကို ဦးစားပေးခဲ့ပါတယ်
ဒီဖက်နားက ဟိုဖက်နားကို ပြောင်းလို့ မရတဲ့အခါ
နားလည်အောင်လှည့်ပေးလိုက်တဲ့ အပူ + အအေး = ဒဏ်ရာ ... ။

ရာဘာဘီးတွေက သံတမန်နည်းပညာကို သုံးပေမယ့်
ရာဘာခြံပိုင်ရှင်တွေက မာနဈေးနှုန်းတွေမြှင့် ... ။

များများစမ်းသတ်မှ ဆိုပြီး အချိန်တွေကို ချိန်တွယ် ထုပ်ပိုး
နာနိုစက္ကန့်ပေါ်မှာ ကောင်း / ဆိုး တွေက ဖြစ် ၊ ပျက်
လောကကို ပုံဆောင်ခဲတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုရင်
အက္ခရာပုံဆောင်ခဲ ( ရှိ / မရှိ )
x  axis = တန်းတူညီမျှရေး
y  axis = တရားဥပဒေ စိုးမိုးရေး
z  axis = ငြိမ်းချမ်းရေး
စိတ် ဖြာ ကြည့် ( မသေချာဘူး ) စိတ်က ဖျာကို ကြည့်
အသိသဘောတွေ ငြင်းခုံနေတုန်းမှာ
မသိသဘောတွေက စစ်ချီတေးနဲ့ ကမ္ဘာကိုလှည့်ပတ်နေပြီလား ... ။

သူတစ်ပါးဝါဒကို လိုက်ရွတ်ရင်း ချောတိုင်ကို ငေး
အနုပညာလမ်းဘေးသစ်ရိပ်မှာ အလှူခံတွေ များလာသလား
ရေချမ်းစင်ရဲ့ ပြာသိုအိုးလေးထဲက ရေကိုသောက်ပါ
ရေခွက်တွေက ပျောက်နေတုန်းလား ... ။

ဆူးနဲ့ ဆူးချင်း ပွတ်သပ် မီးကူး ၊ ကိုင်းကူး ၊ အနှစ်ကူး
အကူးအပြောင်းမှာ ငြိမ်းချမ်းမှုရဲ့ လွတ်လပ်ရေးပွဲတော် ရှိလား
ခင်ဗျား အရောက်လာနိုင်ပါ့မလား ၊ အဲဒီ ပွဲတော်
ကျွန်တော် အရောက်သွားနိုင်ပါ့မလား ၊ အဲဒီပွဲတော်  ...

ငြိမ်းစိုးဦး

( 30 ; 10 ; 2012 )

ကဗျာသရုပ်ဖော်ဒီဇိုင်း  ကိုကြည်နိုင်

0 comments: