မြက်ခင်းစိမ်းစိမ်းလေး



“ ကျွန်မတို့ဟာ မွေးဖွားပြီးချိန်နဲ့ မသေဆုံးခင် အချိန်စပ်ကြားမှာ ကိုယ့်ကို နင်းသွားသူ၊ ကိုယ့်ကို ခင်းသွားသူ၊ ကိုယ့်ကြောင့် ပျော်ရွှင်သွားသူ၊ ကိုယ့်ကြောင့် ဘ၀ပျက်သွားသူ အမျိုးအမျိုးကို တွေ့ဆုံမိကြမှာ မလွဲဧကန်ပါပဲ၊ သည့်အတွက် ကျွန်မတို့အနေနဲ့ ၀မ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ မုန်းတီးခြင်း၊ ချစ်ခြင်း မည်သို့ပင် မည်စေကာမူ နေ၀င်ချိန်မှာ ကျွန်မတို့ဟာ အရာအားလုံးကို စွန့်ခွာ၍ တစ်ကိုယ်တည်း ထွက်ခွာသွားရကြမည်သာ ….. “

ဒီအစိမ်းရောင် မြက်ခင်းလေးက ကျွန်မအလုပ်လုပ်ရာ အဆောင်ရှေ့က မြက်ခင်းပြင်စိမ်းစိမ်းလေးပါပဲ။ တနည်း ကျွန်မ အမြဲတစေ ထိုင်ကြည့်မိလေ့ရှိတဲ့ နှစ်သက်ခုံမင်မိတဲ့ အရာတစ်ခုပေါ့ ။ ကျွန်မတို့က လခစား ၀န်ထမ်းဘ၀မို့ နေ့စဉ်ဘ၀ရဲ့ အချိန်တော်တော်များများကို လုပ်ငန်းခွင်ထဲမှာသာ နှစ်မြှုပ်ထားရတာပါ။ ကိုယ်မပိုင်တဲ့ ကိုယ့်ဘ၀မို့ အလုပ်က သတ်မှတ်ထားတဲ့ မနက် (၉)နာရီကနေ ညနေ (၅)နာရီအတွင်း ယခု မြက်ခင်းစိမ်းစိမ်းလေးနားရှိ အဆောင်ရဲ့ အလုံပိတ် အအေးခန်းထဲမှာသာ ကွန်ပြူတာရှေ့ထိုင်ရင်း တဂျောက် တဂျောက်၊ တဂျက်ဂျက်နဲ့ အလုပ် လုပ်ရင်း နေ့ရက်တိုင်းကို သမားရိုးကျ ဖြတ်သန်းနေသူ အညတရ တစ်ယောက်ပါပဲ ။
“ နံနက်ရောင်နီဦးနှင့်အတူ နိုးထကြပြီး ညနေဆည်းဆာ တိမ်ရောင်စုံတောက်တဲ့ အချိန်အထိ ကျွန်မတို့ဟာ အလုပ်သွား၊ အလုပ်ပြန်နဲ့ လှုပ်ရှားသွားလာနေကြပြီး ဘ၀ရဲ့ တိုးတက်မှုလမ်းစ၊ ခေတ်ရဲ့ တိုးတက်ပြောင်းလဲမှု နောက်တွေကိုသာ လိုက်ရင်းနဲ့ ဘ၀ရဲ့ စစ်မှန်တဲ့ နေထိုင်မှုပုံစံကို မေ့လျော့နေတတ်ကြပြန်တယ် .. “
နွေ၊ မိုး၊ ဆောင်း ဥတုရာသီပြောင်းလဲသွားပေမယ့် အမြဲတမ်း မပြောင်းလဲတာ ကျွန်မရဲ့ မြက်ခင်းစိမ်းစိမ်းလေးပါပဲ။ အလျှံတညီးညီးနဲ့ တောက်လောင်နေတဲ့ နေမင်းရဲ့ နွေနေပူအောက်မှာလည်းမြက်ခင်းလေးက စိမ်းစို နေလျှက်ပါပဲ၊ အညိုးကြီးကြီးနဲ့ ရွာချတဲ့ မိုးနတ်မင်းရဲ့  ညိုးမာန်ဖွဲ့မှုအောက်မှာလည်းမြက်ခင်းလေးက စိမ်းစိုလို့ နေတာပဲလေ၊ အလွမ်းတွေ ငွေ့ရည်ဖွဲ့ နှင်းမိုးလေးတွေ ကျလာချိန်မှာလည်း မြက်ခင်းလေးက စိမ်းစိုသာယာ အေးချမ်းလို့နေတာပဲ။
“ ဒါ ကျွန်မ သူ(မြက်ခင်းစိမ်းစိမ်းလေး)ကို အားကျရတဲ့ အချက်ပဲပေါ့  “
“ ဘယ်လိုအကြောင်းတရားတွေပဲ ရှိရှိ၊ သူကတော့ သူ့ဘ၀လေးအတိုင်း စိမ်းစိမ်းစိုစိုပဲလေ ..  “
ညနေပိုင်းလောက်ဆို ကျွန်မ ရုံးခန်းရှိရာ အဆောင်ရဲ့ ကော်ရီတာက ခုံတန်းရှည်လေးမှာ ထိုင်ရင်း ကျွန်မ မျက်ဝန်း အစုံအပြည့်ုမြင်ကွင်းထဲမှာ ရှိနေတဲ့ မြက်ခင်းစိမ်းစိမ်းလေးကို နှစ်နှစ်သက်သက် ငေးမောကြည့်နေမိတယ်။ တစ်ချိန်တည်းမှာ ကျွန်မစိတ်အလျင်ကလည်း ဖြည်းဖြည်းချင်း မိုးသား တိမ်လိပ်တို့ ကင်းစင်နေတဲ့ ကောင်းကင်ပမာ ကြည်လင်လို့ လာခဲ့ရပါတယ်။မြက်ခင်းလေးကို ကျွန်မ နှစ်သက်ခုံမင်စွာ ငေးကြည့်နေတဲ့ အချိန်တိုင်း သူဟာ ကျွန်မကို စကားတစ်ခွန်း မဆိုဘဲ အေးချမ်းမှု၊ ငြိမ်းအေးမှု များစွာကို ပေးဆောင်ခဲ့သူပေါ့ ။
“ ကျွန်မ မျက်ဝန်းထဲမှာ စိမ်းစိုမှုတွေ ခိုအောင်းသွားသလိုပဲ ကျွန်မ နှလုံးသားထဲကိုလည်း စိမ်းစိုမှုလေး ယာယီ ခိုအောင်းသွားတဲ့အခိုက် ကျွန်မကိုယ်တိုင်တောင် မသိလိုက်ဘဲ မြက်ခင်းစိမ်းစိမ်းလေး ဖြစ်သွားမိဖူးတယ်  “
တခါတလေ ကျွန်မ ကြည့်နေမိတဲ့နေ့မျိုးဆိုမြက်ခင်းစိမ်းစိမ်းပေါ်မှာ အရောင်အသွေးစုံတဲ့ အရွယ်စုံ ကျွန်မနည်းတူ ရှင်သန်နေသေးတဲ့ လူသားများက ဓါတ်ပုံတွေ ရိုက်ကြ၊မြက်ခင်းပြင်အစပ်နဲ့ အနည်းငယ် လှမ်းတဲ့ အကွာ အဝေးမှာ မြက်ခင်းပြင်ပေါ်မှာ Lap-top လေးတွေကိုယ်စီနဲ့ မိမိတို့အလိုရှိရာ အချက်အလက်၊ သတင်းတွေကို ရှာဖွေနေ သူတွေက ရှာဖွေကြနဲု့မြက်ခင်းပြင် အနှံ့ပေါ့ ။ ရိုက်ကွင်းအစီအစဉ် ဒါမှမဟုတ် စာမေးပွဲဖြေဆိုဖို့ရာ ရောက်ရှိ လာကြတဲ့ ကလေးငယ်တစ်သိုက်ကလည်း အစီအစဉ်ပြီးသွားကြတဲ့အခါမှာပျော်ရွှင်မြူးတူးစွာ ဒီမြက်ခင်းစိမ်းစိမ်း လေးပေါ်မှာပြေးလွှားဆော့ကစား နေတတ်ကြသလို၊ ပုံစံအမျိုးအမျိုးပြုလုပ်ဟန်ရေးပြပြီး အမှတ်တရဓါတ်ပုံ တွေကိုမြက်ခင်းပြင်အနှံ့ ရိုက်တတ်ကြသေးတယ်။ တခါတလေ ကျွန်မကိုယ်တိုင်လည်း ပါဝင်လို့ ဒီ မြက်ခင်းလေး ပေါ် ခြေအစုံရပ်ပြီး ဖုန်းပြောနေခြင်းမျိုး၊ ဓါတ်ပုံ ရိုက်ခြင်းမျိုးကိုလည်း လုပ်ဆောင်တတ်သေးတယ် ။
ရံဖန်ရံခါ နေ့ရက်တွေဆို ကျွန်မ ရုံးဆင်းချိန် ညနေစောင်းချိန် အိမ်ပြန်ချိန်မျိုးမှာဆို Anniversary ပွဲမျိုး၊ Wedding ပွဲမျိုး ကျင်းပဖို့အတွက် အခမ်းအနားနဲ့ လိုက်ဖက်မယ့် အဆောင်အယောင်နဲ့ အပြင်အဆင်ကို  ရောင်စုံ လျှပ်စစ် မီးလုံးလေးများကို ဒီဇိုင်းအစုံနဲ့မြက်ခင်းပြင်စိမ်းစိမ်းလေးပေါ်မှာပြင်ဆင်မွမ်းမံထားတဲ့ ရှု့ချင်ဖွယ်ရာ မြင်ကွင်းမျိုး တွေကိုလည်း တွေ့ရတတ်သေးတယ် ။ လာရောက်ကြသူ ဧည့်သည်အပေါင်းကလည်းမြက်ခင်းစိမ်းစိမ်းပေါ် မှာ ပျော်ရွှင်ကြခဲ့ဖူးကြတာပဲ၊ ဂုဏ်ယူဝမ်းမြောက် ခဲ့ဖူးကြတာပဲ။ ဘာပဲဖြစ်ဖြစ် ဒီမြက်ခင်းပြင်စိမ်းစိမ်းလေးပေါ် လာရောက်ကြသူမှန်သမျှဟာ သူတို့တွေရဲ့ ဆန္ဒတစ်စုံတစ်ရာတွေ ပြည့်ဝသွားကြတဲ့အခါ မြက်ခင်းစိမ်းစိမ်းလေးပေါ် က ထွက်ခွာသွားကြသူတွေချည်းပဲလေ ။
“ ကျွန်မတို့ အလိုရှိရာ ဆန္ဒတွေပြည့်ဝဘို့ ဒီ မြက်ခင်းစိမ်းစိမ်းလေးကို နင်းဖြတ်ရတာမျိုးလည်း ရှိသလို ခေတ္တခဏ ရပ်တန့် နေခြင်းမျိုးလည်း ရှိတယ်လေ၊ ကျွန်မတို့ရဲ့ ဆန္ဒတစ်စုံတစ်ရာ ပြည့်ဝသွားမှသာ ဒီ မြက်ခင်းစိမ်းစိမ်းလေး ပေါ်ကနေ ထွက်ခွာသွားကြတာချည်းပေါ့  “
ကျွန်မ ခုံမင်နှစ်သက်စွာ ကြည့်နေလေ့ရှိတဲ့ ဒီမျက်ခင်းပြင်စိမ်းစိမ်းလေးက အတန်အတင့်သာ ကျယ်ဝန်းပြီး ကျွန်မတို့ ရုံးအဆောက်အဦတွေ အလယ်မှာ ပြုပြင်ဖန်တီးထားတဲ့ သဘာဝကျကျ မြက်ခင်းပြင်စိမ်းစိမ်းလေးပါပဲ ။ ဒီမြက်ခင်းလေးဟာ အမြဲတမ်းစိမ်းလန်းနေတာမို့ မြင်ရသူတိုင်းရဲ့ ရင်းတွင်းကို အေးချမ်းတဲ့ အစိမ်းရောင်လေးတွေ ပေးစွမ်းနိုင်တဲ့အပြင် ဆန္ဒတစ်စုံတစ်ရာတွေကြောင့် လာရောက်ကြသူအပေါင်းရဲ့ ရောက်ရှိလာခြင်း၊ ထွက်ခွာသွား ကြခြင်းတွေသာ ပြောင်းလဲသွားပေမယ့် မပြောင်းမလဲ တည်ရှိနေတာက မြက်ခင်းစိမ်းစိမ်းလေးပါပဲ ။
“ ကျွန်မတို့ရဲ့ ဘ၀ထဲကို ၀င်လာတဲ့သူတွေလည်း ရှိခဲ့ဖူးသလို၊ ထွက်သွားခဲ့ဖူးသူတွေလည်း ရှိမှာပဲလေ၊ ဘယ်လို ဆန္ဒမျိုးနဲ့ဖြစ်ပါစေ ၀င်လာခြင်း၊ ထွက်ခြင်းအပေါ် ကျွန်မတို့အနေနဲ့ ဘ၀ရဲ့ သဘောသဘာဝတစ်ခုအဖြစ်သာ နားလည် လက်ခံပေးနိုင်မယ်ဆိုရင်ဖြင့် ကျေနပ်ခြင်း၊ မကျေနပ်ခြင်း ဆန္ဒတစ်စုံရာမျှ မရှိတော့သည့်အတွက် ငြိမ်းအေးမှုလေးကိုတော့ ကျွန်မတို့ကိုယ်တိုင် ခံစားခွင့်ရရှိမှာပဲလေ … ”
သူ ဒီလိုစိမ်းစိုနေဖို့ လိုအပ်တဲ့ ရေဓါတ်နဲ့ ရှည်လျားလာတဲ့မြက်ပင်လေးတွေကို ရှု့ချင်ဖွယ်ရာ အမြင်ဖြစ်ဖို့ ပေါင်းမြတ် ရှင်းလင်းကာပြုပြင်ပေးဖို့တော့ လိုအပ်တာပေါ့ ။ ဒါမှသာ ကျွန်မ အမြဲတမ်း ခုံမင်နှစ်သက်စွာ ငေးကြည့်နေတဲ့မြက်ခင်းစိမ်းစိမ်းလေးအတိုင်း အမြင်မရိုင်းတဲ့ အေးချမ်းမှုတွေ၊ ကြည်နူးမှုတွေသာ ပေးစွမ်းနိုင်တဲ့ မြက်ခင်းစိမ်းစိမ်း လေးအဖြစ် တည်ရှိနေနိုင်မှာ။
“ ကျွန်မတို့ဟာ ပုထုဇဉ်လူသားများမို့ ကျွန်မတို့ရဲ့ ဥာဉ်မှာ ကောင်းခြင်း၊ ဆိုးခြင်း အမြဲ ဒွန်တွဲနေတာပါ၊ ကောင်းတဲ့ လုပ်ရပ်ကိုလည်း လေ့ကျင့်ပျိုးထောင်ပေးရသလို ဆိုးတဲ့လုပ်ရပ်တွေကိုလည်း လျှော့ပါးလာအောင် လေ့ကျင့် ပျိုးထောင်ပေးရတာပါ၊ ဘယ်အရာမဆို ကိုယ်လိုချင်တဲ့အရာမှန်သမျှကို ကိုယ်တိုင်သာလျှင် ပုံစံသွင်းယူကြရ တာချည်းပါပဲ  “
အကြောင်းတရားကိုယ်စီနဲ့ ရောက်ရှိလာကြ၊ အကြောင်းပြချက်ကိုယ်စီနဲ့ ထွက်ခွာသွားကြ၊ စွန့်ခွာသွားကြမှုတိုင်း အပေါ်မှာမြက်ခင်းစိမ်းစိမ်းလေးက မတုန်မလှုပ်ဘဲနှင့် တည်ရှိနေသလိုမျိုး ကျွန်မတို့ရဲ့ မွေးဖွားပြီးချိန်နဲ့ မသေဆုံးခင် အချိန်စပ်ကြားလေးအတွင်းမှာ ကျင့်ကြံနေထိုင်နိုင်ကြမည် ဆိုပါလျှင် …………. ။

ဖြူပြာမြင့်

May 28, 2013 (10း46 AM)

0 comments: