ဆုံနိုင်ခွင့်စည်းအပြင်မှ စုန်မြဲစီးဆင်းနေသော ချစ်ခြင်းတရား
နာကျင်မှုများပြတ်စဲ၍
နာကျည်းမှုမှတ်တိုင်ထူခွင့်မရသည့်
ချစ်ခြင်းမေတ္တာပဉ္စလက်၌
သူနှင့်ကျမ၏စိတ်များ
အပြီးတိုင်မြှုပ်နှံခဲ့သည့်နောက်
ယုံကြည်မှုများကိန်းဝပ်ခဲ့ကြ....။
မည်မျှပင်ဝေးစေ...
အတွေးအတွင်း၌
အိမ်ယာတည်ဆောက်၍ ရှင်သန်ကြပုံများ...
ရယ်သံဟာ လက်တွေ့ ဘ၀ထံသို့ 
လျှံကျသည်အထိ ။
ဘ၀၌ ကျရောက်ရာကြမ္မာနှင့်
ကြုံဆုံရာအဖြစ်တို့ သည်
အငိုလွယ်၍အရယ်ခက်သော
ပုစ္ဆာများဖြစ်သည့်တိုင်
ရင်ဆိုင်ရန်ခွန်အားများ
သူရောကျမပါ ဆတူဖြစ်တည်နေခြင်း ။
ဆုံနိုင်ခွင့်မရှိသေးခြင်း၏နောက်ကွယ်မှ
ဆုံနိုင်ခွင့်မရှိတော့ခြင်းသို့ 
ကူးပြောင်းစေကာမူ
ရယူခြင်းမရှိသောစိတ်သည်
မပိုင်ဆိုင်ရခြင်းအတွက်
တုန်လှုပ်မှု အလျဉ်းကင်းမဲ့လျက် ။
ယုံကြည်ရာမြစ်တစ်စင်း၏
ထွင်းဖောက်လာသည့်စိတ်အတွင်း၌
အေးမြမှုသာ စိမ့်ဝင်စီးဆင်းရင်း
ထိဆက်ခဲ့သည့် ကြမ္မာရေစက်၌
ထပ်တူကျသော စိတ်လက်များ
ထာဝရသို့ တိုင်.....။
သျှိုင်းယုဝေ
0 comments: